ဒေါ်လာအကြပ်အတည်းနည်းတူပြည်တွင်းမှာကြုံတွေ့နေရတဲ့ နောက်တစ်ခုကတော့စက်သုံးဆီအကြပ်အတည်းပါပဲ။စက်သုံးဆီအကြပ်အတည်းဒီလအစကတည်းက ဖြစ်ပေါ်နေတာကြောင့်အခုဆိုရင် နှစ်ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။ဒီလအစမှာနယ်မြို့ကြီးတွေမှာပဲ စက်သုံးဆီပြတ်လတ်ခဲ့ပေမယ့်အခုရန်ကုန်မှာတောင် ဆိုးဆိုးရွားရွားဖြစ်လာပါတယ်။ရန်ကုန်တစ်မြို့လုံးမှာ စက်သုံးဆီအရောင်းဆိုင်၁၅ဆိုင်လောက်သာရောင်းချပေးနိုင်တော့တဲ့ အခြေအနေပါ။ဆီရဖို့ဆီဆိုင်တွေမှာ တညလုံးတန်းစီစောင့်ဆိုင်းနေရတယ်။ထိုသို့စောင့်မယ်ဆိုရင်တောင် မနက်ကျလို့ဆိုင်ဖွင့်ရင်ဆီရဖို့ မသေချာပါဘူး။ဒါ့ကြောင့်စက်သုံးဆီရဖို့တန်းစီနေကြတဲ့ကားတန်းတွေဟာ မိုင်နဲ့ချီပြီးရှည်လျားလားပါတယ်။အင်းလျားကန်ဘေးကဆီဆိုင်တစ်ခုမှာဆိုရင် တန်းစီကြတဲ့ကားတန်းဟာအင်းလျားကန်တစ်ပတ်ပြည့်တဲ့အထိရှိနေပါတယ်။နယ်မြို့တွေမှာတော့ ဒီထက်ပိုအခြေအနေဆိုးပါတယ်။မန္တလေး၊တောင်ကြီးစတဲ့မြို့ကြီးတွေအပြင် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်မှာပါ စက်သုံးဆီပြတ်လတ်နေတာပါ။
အရင်ကတည်းဒါမျိုးမကြာခဏဖြစ်ပေါ်တတ်ပေမယ့် တစ်ခေါက်ထက်တစ်ခေါက်အခြေအနေ ပိုဆိုးလာတာတွေ့ရတယ်။အချိန်လဲပိုကြာလာတယ်။အကြောင်းရင်းကတော့ စက်သုံးဆီဝယ်ဖို့စစ်ကောင်စီဘက်ကဒေါ်လာမထုတ်ပေးနိုင်တော့လို့ပဲ။အခုလိုဒေါ်လာစျေးတွေတက်နေတဲ့အချိန်မှာ ဆီဆိုင်တွေကလဲအိတ်စိုက်ပြီးမဝယ်နိုင်ဘူးလေ။အခြေအနေတွေက နောက်လဲဒီထက်ပိုဆိုးဖို့ပဲရှိမယ်။