(မဇ္ဈိမ) ။ ။ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် တိုက်ပွဲကြား လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ပိတ်လှောင်ခံထားရသော ရိုဟင်ဂျာများကို ကယ်ထုတ်လာခဲ့ကြောင်း အာရက္ခတပ်တော် (AA)က ယနေ့( သြဂုတ် ၉ ရက်)တွင် သတင်းထုတ်ပြန်သည်။
AA သည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်၊ နေ့လယ် ၁ နာရီ ခန့်တွင် ဗိုလ်မှူး(မူဆလင်)ရွာမှ ရိုဟင်ဂျာဒေသခံများကို တိုက်ပွဲကြားမှ ဘေးကင်းလုံခြုံရာနေရာသို့ ကယ်ထုတ်လာခဲ့သည် ဟု ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ ပိတ်လှောင်ထားသည့် ဗိုလ်မှူး(မူဆလင်)ရွာမှ အရပ်သားများအနက်မှ အချို့မှာ စားနပ်ရိက္ခာများပြတ်တောက်ကာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရသည်ဟု လည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
မောင်တောမြို့တွင် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ်ခေါ်ယူခံထားရသူများနှင့် မြို့အတွင်း ပိတ်မိေနသူများကို AA က အသုတ်လိုက် ဘေးလွတ်ရာသို ရွေ့ပြောင်းကယ်တင်ခြင်းဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း AA ၏ဖော်ပြချက်အရ သိရသည်။
AA သည် မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မောင်တောမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲေန၍ မောင်တောမြို့နှင့် အနီးရှိ ကျေးရွာများမှ ဒေသခံများကို တိုက်ပွဲနှင့်လွတ်ရာနေရာများသို့ တိမ်းရှောင်ရန် အသိပေးကြေညာထားသည်။