မြန်မာ့သမိုင်းတွင် ထင်ရှားသည့် လူထုအုံကြွမှုတခုဖြစ်သော ဒီမိုကရေစီတောင်းဆို လှုပ်ရှားမှု ၈ လေးလုံးအရေးတော်ပုံ ကြီးဖြစ်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၃၆ နှစ် ပြည့်မြောက်နေ့ ဖြစ်သည်။
မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်အဆက်ဆက် အုပ်ချုပ်မှုခံခဲ့ရပြီး အရပ်သားအစိုးရတက်လာသည့်နောက် ဒီမိုကရေစီအရသာကို နှစ်အနည်းငယ် ရရှိခဲ့သည်။ သို့သော် ၂၀၂၁ တကျော့ပြန် အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင် တို့ကို ဆန္ဒပြဆန့်ကျင်ခဲ့ကြရာမှ ယခုဆိုလျှင် လက်နက်ကိုင်စွဲ၍ စစ်အာဏာရှင် အလုံးစုံ အမြစ်ပြတ်ရေး တော်လှန်ရေး ရေချိန်မှာ မြင့်တက်လာပြီ ဖြစ်သည်။
၈ လေးလုံး အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် ၈၈ မျိုးဆက်ကျောင်းသားတချို့လည်း ယခု ၂၀၂၁ အာဏာသိမ်း မှု ဆန့်ကျင်ရေးလှုပ်ရှားမှုများထဲ ပြန်လည် ပါဝင်လာသူများလည်းရှိကာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင် ပြုတ်ကျ ရေး ဆက်လက် တိုက်ပွဲဝင်ကြလျက်ရှိသည်။
ထိုအထဲမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဦးမြအေးကို လက်ရှိ နိုင်ငံရေးအခင်းအကျင်းများနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းထားသည်။
မေး။ ။ သမိုင်းဝင် ၈ လေးလုံး အရေးအခင်းဟာ အခုဆိုရင် ၃၆ နှစ်ရှိခဲ့ပါပြီ။ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မျိုးဆက်တဦးအနေနဲ့ ဒီအထိမ်းအမှတ်အတွက် အပြောချင်ဆုံးစကားက ဘာဖြစ်မလဲ။
ဖြေ။ ။ တိုတိုလေးနဲ့ ပြောရမယ်ဆိုရင်တော့ တိုင်းသူပြည်သူအားလုံး မြန်မာနိုင်ငံမှာနေထိုင်တဲ့ ပြည်သူလူထုအားလုံး ပြုံးပျော်ရွှင်တဲ့နေ့ကို ရောက်ချင်တာပဲ။ နောက်ပြီး ကျနော်တို့ သူငယ်ချင်းတွေနဲ့ ပြည်တွင်းမှာ အကုန်ပြန်ဆုံချင်တယ်။ ပြည်သူလူထုရဲ့ မျက်နှာပေါ်မှာ မျှော်လင့်ချက်တွေ ရှင်သန်နေတဲ့ခေတ်ကို ရောက်ချင်တယ်။ ဒါပါပဲ။
မေး။ ။ ၈၈ လူထုတော်လှန်ရေးနဲ့ ၂၀၂၁ လူထုတော်လှန်ရေးက တူညီတာတွေ ဘာတွေရှိလဲ၊ ကွာခြားတာတွေကရော ဘာတွေဖြစ်မလဲ။ လက်ရှိ ပေါင်းစည်းလုပ်ဆောင်မှုတွေ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ၈၈ ဖြစ်လာခဲ့တဲ့ အကြောင်းရင်းကိုက ၆၂ ၊ ၇၄၊ ၇၅၊၇၆၊ ၉၄ ရဲ့ လက်ဆင့်ကမ်းမှုတွေ ဖြစ်တယ်။ အနှစ်သာရ အားဖြင့်တော့ တိုင်းပြည်ကို ဗိုလ်ကျစိုးမိုးနေတဲ့စနစ်ကို မလိုချင်လို့ တော်လှန်ရေးလုပ်ခဲ့ကြတာပေါ့။ တော်လှန်ရေးမှာတော့ နည်းလမ်းပေါင်းစုံ ရှိမှာပေါ့။ အလားတူပဲ နောက်မျိုးဆက်တွေအနေနဲ့ကလည်း ဒီလိုပဲ လက်ဆင့်ကမ်းပြီး သွားတယ်လို့ မြင်တယ်။ သို့သော် ခေတ်ရဲ့ ကွာခြားမှုအရ ၈၈ ကဆိုရင် အိမ်တိုင်းမှာ တယ်လီဗေးရှင်းတောင် ရှိတာမဟုတ်ဘူး။ ဖုန်းဆိုတာ ဝေးလာဝေးပဲ၊ ဆက်သွယ်မှု ပြဿနာ။ အခု လူငယ်တွေကကျတော့ ဒီဘက် မျိုးဆက်သစ်တွေက ကျနော်တို့ထက် လန်းဆန်းတယ်။ တက်ကြွတယ်။ အတွေးအခေါ်တွေ ပိုကောင်းတယ်လို့ မြင်တယ်။
ကျနော်တို့ခေတ်က အင်တာနက်တွေ ဘာတွေ မရှိဘူး။ မရှိတော့ ကမာ္ဘ့ပြတင်းပေါက်ကို သတင်းစာတွေကတဆင့် ဖတ်ရတယ်။ နိုင်ငံတကာရေးရာ စာစောင်တွေကနေ ဖတ်ရတယ်။ တယ်လီဗေးရှင်း က မိနစ်ပိုင်းလောက် ပြသတဲ့ နိုင်ငံတကာသတင်းတွေကပဲ လေ့လာရတာ။ ကျနော်တို့ခေတ်က ရေဒီယိုလောက် အား ကိုးရတာ။ BBC၊ VOA၊ RFA အစရှိသည်တွေပဲ နားထောင်ခဲ့ရတယ်။
ဒီဘက်ခေတ်တွေကျ ဖုန်းလေးတလုံးရှိရုံနဲ့ တကမ္ဘာလုံးမှာ ဘာတွေဖြစ်နေလဲဆိုတာ မြင်သွားတယ်။ နောက်တခုက ၂၀၁၀ ကနေ ၂၀၂၀ အတွင်းမှာ တိုင်းပြည်က တစိတ်တပိုင်း ဒီမိုကရေစီအခွင့်အရေးတွေ ရခဲ့တာတော့ အမှန်ပဲ။ အဲဒီ အခွင့်အရေးတွေ ရခဲ့တဲ့ ၁၀ နှစ်ဆိုတဲ့ကာလမှာ လူငယ်ထုက ကောင်းကောင်းဖြတ်သန်းခဲ့ရတော့ လွတ်လပ်မှုနဲ့ ဒီမိုက ရေစီရဲ့ အရသာ သိသွားပြီ။ နိုင်ငံတကာက ဖြစ်ပျက်မှုပုံစံတွေ တော်လှန်ရေးအဆင့်ဆင့် ကူးပြောင်းမှုတွေ၊ နိုင်ငံတကာ ရဲ့ လှုပ်ရှားမှုပုံစံတွေကို ဘယ်သင်တန်းမှ တက်စရာမလိုဘဲ ဖုန်းရှိရင် သိသွားပြီ။ လူငယ်တွေရဲ့ အတွေးအခေါ်၊ လေ့လာ အားက ကျနော်တို့ထက် ပိုကောင်းတယ်လို့ မြင်တယ်။ ပြဿနာတခုကို ဖြေရှင်းတဲ့အခါမှာ ပိုပြီးတော့ ထိရောက်တဲ့ ဖြေ ရှင်းမှုတွေ ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။
သို့သော်လည်းပဲ လူငယ်တွေရဲ့ လန်းဆန်းတက်ကြွတဲ့ဟာနဲ့ နိုင်ငံရေးဘဝတခုဖြတ်သန်းမယ်ဆိုရင်တော့ ကျန်တဲ့ အတွေ့ အကြုံတွေနဲ့ ပေါင်းစပ်ဖို့တော့ လိုအပ်တယ်လို့ မြင်တယ်။ ၈၈ တွေက သူတို့ရဲ့ စီနီယာမျိုးဆက်တွေဆီက သင်ကြားခဲ့ရတာ။ ဥပမာ ကျနော်တို့ ထောင်ကျတယ်။ ထောင်ထဲမှာ ကျနော်တို့ မနေတတ်ပါဘူး၊ ထောင်တွင်းနေထိုင် မှု ဘဝကို စီနီ ယာတွေက သင်ကြားပေးလို့ ဖြတ်သန်းခဲ့ရတယ်။ အသက်အရွယ် ဖြတ်သန်းမှုတွေမှာ သင်ခန်းစာယူ လေ လေ ရင့်ကျက် လေလေ ဖြစ်လိမ့်မယ်လို့ မြင်တယ်။ လူငယ်တွေရဲ့ တက်ကြွလန်းဆန်းတဲ့ဟာနဲ့ အသိပညာကြွယ် ဝမှုတွေနဲ့ ကျန်တဲ့လူ တွေရဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်မယ်ဆိုရင် ပိုကောင်းမယ်လို့ မြင်တယ်။
မေး။ ။ မြန်မာ့နိုင်ငံရေးမှာ လွှတ်တော်နိုင်ငံရေးလည်း သွားခဲ့တာပဲ။ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် စစ်တပ်က သူ့အာဏာကျရှုံးတော့မယ်လို့ ထင်တဲ့အခါ အာဏာသိမ်းတာပဲ။ ငြိမ်းချမ်းရေး စားပွဲဝိုင်းဆွေးနွေးမှုတွေနဲ့ လက်ရှိ နိုင်ငံ ရေးပါတီတွေကို ဟန်ပြပဲလို့ နိုင်ငံရေး အကဲခတ်တွေက ပြောနေကြတယ်။ လက်ရှိအနေအထားဟာ နိုင်ငံရေးအရသွား နိုင်တဲ့ လမ်းတွေ ရှိသေးတယ်လို့ မြင်လား။
ဖြေ။ ။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးကတော့ စစ်ရေးအကဲပိုတဲ့ နိုင်ငံရေးဖြစ်နေတယ်။ အခုအချိန်မှာတော့ နိုင်ငံရေးအရ ဖြေရှင်းမယ့်ဟာက တော်တော်တော့ ခက်ခဲမယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက အနာတွေနဲ့ ဖြစ်နေတာ။ သို့သော် လည်းပဲ ဘယ်ကိစ္စမဆို ဘယ်စစ်ပွဲပဲဖြစ်ဖြစ် နိုင်ငံရေးအရတော့ တချိန်ချိန်မှာ စကားပြောရတာပဲ။ ဒါပေမယ့် ဘယ်ပေါ် မှာ ရပ်တည်ပြီး စကားပြောမလဲ။ ဘယ်အချိန်မှာ စကားပြောမလဲ ဒါအရေးကြီးတာပဲ။ ဒီနေ့ ဖြစ်နေတဲ့ပြဿနာရဲ့ ဇာစ် မြစ်ကို မြင်နိုင်ဖို့တော့ လိုတယ်။ ပြဿနာဖြစ်တိုင်းမှာ နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ဆိုတာ အာဏာသိမ်းဖြစ်စဉ်တွေရှိ နေတော့ ဖြေရှင်းဖို့ တော်တော်ခက်ပါတယ်။ တကယ်လည်း ခက်ခဲ့ပါတယ်။
ဥပမာအားဖြင့် ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်တယ်။ ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့လိုက်တယ်။ အဲဒီကတည်းက နိုင်ငံရေးဖြစ်စဉ်က လွှတ်တော်ထဲက ပြင်မယ်ဆိုပြီး သွားတာ။ သို့သော်လည်းပဲ ၂၀၂၀ ကာလမှာ ဒီလိုင်းက ကျိုးသွားတယ်။ အဲဒီကာလတွေမှာကတည်းက NLD အစိုးရ၊ ဦး သိန်းစိန် အုပ်ချုပ်စဉ်မှာကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတော့ အဆင်မပြေနိုင်ဘူး။ တိုင်းပြည်ဖက် ဒရယ် တည်ဆောက်ရေးအတွက် အဆင်မပြေနိုင်ဘူး။ ဒါကို ပြင်မယ်ဆိုတဲ့ လမ်းကြောင်းက ရှိခဲ့တယ်။ နောက်ပြီး ရွေး ကောက်ပွဲဝင်တဲ့လူတိုင်းကလည်း ၂၀၀၈ ခြေဥကို လက်ခံလို့ ဝင်တာ မဟုတ်ဘူးလို့ ပြောတာ။ ဘယ်သူ့မှလည်း တကယ် လက်မခံဘူး။
တဖက်မှာ ပြန်ကြည့်ရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခက ဘာလဲဆိုရင် တိုင်းရင်းသားအရေးကို မဖြေရှင်းတာရဲ့ ပြဿနာပဲ။ အဲဒီမှာ ၈၈ နဲ့ ကွာသွားတဲ့အချက်ကို ရှင်းရှင်းလင်းလင်း ပြောလို့ရတယ်။ ၈၈ က လူထုလှုပ်ရှားမှု ကြွေး ကြော်သံတွေထဲမှာ ဒီမိုကရေစီရေးပဲ ပါတယ်၊ ဖက်ဒရယ်ရေး မပါဘူး။ မသိလည်း မသိလို့။ တိုင်းပြည်ရဲ့အဓိက ပဋိပက္ခ ကို မသိနိုင်ခဲ့ဘူး။ ဒီဘက်ခေတ်မှာကျတော့ ဖက်ဒရယ်ဆိုတာ ရှေ့တန်းကို ရောက်လာတယ်။ တကယ်လည်း လိုအပ် ချက်အရ ရောက်လာတာ။ နိုင်ငံရေး ဖြေရှင်းရာမှာ ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို သွားမှ အဆင်ပြေမယ်။ သို့သော်လည်း အခုက စစ်ရေးတဖက်နဲ့တဖက် တင်းမာနေတဲ့အချိန်မှာ ဖြေရှင်းဖို့တော့ တော်တော် ခက်မယ်လို့ ထင်တယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ကျနော်တို့ချည်းပဲ ဖြေရှင်းဖို့ အရမ်း ခက်ခဲသွားပြီ။ ကျနော်ထင်တာတော့ နိုင်ငံတကာနဲ့ ပူး ပေါင်းဆောင်ရွက်ပြီး သွားရလိမ့်မယ်လို့ မြင်တယ်။ နိုင်ငံရေးဖြေရှင်းမှု မလုပ်ရတော့ဘူးလားဆိုတော့ မဟုတ်ဘူး။ နိုင်ငံ ရေးမပါတဲ့ စစ်ရေး အဘိဓမ္မာမဲ့တဲ့ စစ်ရေးဆိုတာ မရှိဘူး။ နိုင်ငံရေးနဲ့ စစ်ရေးက တွဲနေတာပဲ။ နိုင်ငံရေးအရ သွားသင့် တာလည်း သွားရလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းက သွားတယ်ဆိုတာတော့ ၂၀၀၈ အတွင်းက သွားတဲ့အတွက်ကြောင့် ဒီမိုကရေစီရဲ့သဘောအရအတိုင်း သဘောထားကွဲလွဲမှုတွေကတော့ ဘာမှပြောလို့ မရဘူး။ ကျနော်တို့လည်း ကိုယ့်သမိုင်းကိုယ် ရေးတာပဲ။ လူတိုင်းလည်း အဲလိုပဲ။ ကိုယ်လျှောက်နေတဲ့လမ်းကြောင်းက မှန်ရင်တော့တမျိုး ဖြစ်လိမ့်မယ်။ ဒါက ပြည်သူလူထုပဲ ဆုံးဖြတ်မှာ။ ဒီအပေါ်မှာ ကိုယ်နဲ့ နိုင်ငံရေးလမ်းကြောင်း မတူတဲ့ အပေါ်မှာ ဝေဖန်စရာ တိုက်ခိုက်စရာတော့ မရှိဘူး။ လမ်းကြောင်းမတူတာကိုတော့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။
မေး။ ။ ၈၈ မျိုးဆက်တွေထဲမှာ တချို့က အခု ၂၀၂၁ အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရင်း ကိုဂျင်မီတို့လို အသက် တွေပေးခဲ့ရသူ၊ အကျဉ်းချခံထားရသူတွေ ရှိပါတယ်။ တချို့ကတော့ အကြမ်းမဖက်တဲ့ လမ်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံရေး ပါတီတွေနဲ့ သွားတာလည်း ရှိတယ်။ ဒီအပေါ် ဦးမြအေးရဲ့ အမြင်သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တခြားလူတွေရဲ့ နိုင်ငံရေးကိုပြောတာထက် ကိုယ့်နိုင်ငံရေးကိုယ်ပြောတာ ပိုပြီး သဘာဝကျလိမ့်မယ်လို့ ထင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ တူတာရှိမယ်၊ မတူတာရှိမယ်။ တူရင်တော့ တွဲမှာပဲ၊ မတူရင်တော့ ခွဲမှာပဲ။ ကျနော့် တယောက်ထဲကျတော့ ၂၀၀၈ အခြေခံဥပဒေက မြန်မာပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ဖို့အတွက် ဘယ်လိုမှ အထောက်အကူ မပြုနိုင်ဘူးလို့ မြင်တယ်။ ဥပမာအားဖြင့် အခုဆိုရင် ပြည်နယ်လိုချင်တဲ့ တိုင်းရင်းသားတွေ ရှိလာပြီ။ ပြည်နယ်သစ်တွေ ပြဋ္ဌာန်းရေးနဲ့ ပတ်သက်ပြီး ၂၀၀၈ က ဘာကိုမှပြဋ္ဌာန်းထားတာမျိုး မရှိဘူး။ ဒါကြီးကို ကျနော်တို့ လက်တွေ့ဘယ်လိုလုပ် သွားကျင့်သုံးမလဲ၊ အဆင်မပြေနိုင်ဘူး။ နောက်တခုက အစိုးရ ၂ ရပ်ဖြစ်နေတယ်။ တပ်ကလည်း သူ့အာဏာနဲ့သူ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရကလည်း သူ့အာဏာနဲ့သူ နိုင်ငံတကာက ကြည့်မယ်ဆိုရင် အစိုးရ ၂ ရပ် ဖြစ်နေတယ်။ စီမံခန့်ခွဲမှုတွေမှာလည်း အခက်အခဲရှိမယ်လို့ မြင်တယ်။
ကျနော်တို့ ပြောချင်တာက ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းပေါ် သွားတဲ့ နိုင်ငံရေးလမ်းကြောင်းကို ရှာရမှာ။ အချက် ၄ ချက်ပဲ ကျနော် ပြောချင်တယ်။ နံပါတ် ၁ အချက်က နိုင်ငံရေးနည်းလမ်းဆိုတာကတော့ ပစ်ပယ်လို့ရတဲ့ ကိစ္စ မဟုတ် ဘူး။ နိုင်ငံရေး နည်းလမ်းမရှိဘူး ဆိုတာတော့ မဟုတ်ဘူး။ သို့သော် စစ်ရေးအရှိန်မြင့်နေတဲ့အခါမှာတော့ နိုင်ငံရေး နည်း လမ်းနဲ့ သွားပြောတဲ့အခါမှာ အဓိပ္ပာယ် မရှိဘူး ဖြစ်မှာပဲ။ ပစ်ပယ်ရမယ့် နည်းလမ်းမဟုတ်တဲ့အပေါ် ဘယ်ပေါ်မှာ သွား မလဲဆိုတာ ဝိုင်းစဉ်းစားချက်တွေ ရှိရမယ်။ တိုင်းပြည်ကို ၂၀၀၈ အတွင်းကပဲ သွားမယ်။ တရားသေ ဆုပ်ကိုင်မှုတွေက တိုင်းပြည်ကို ဆိုးကျိုးတွေပဲ ဖြစ်စေတယ်လို့ မြင်တယ်။ ၂၀၀၈ အတွင်း ရွေးကောက်ပွဲဝင်ပြီး ဖြေရှင်းမယ်ဆိုတဲ့ လမ်း ကြောင်းကလည်း ကိုယ့်မျက်စိရှေ့မှာတင်ကို မျက်ဝါးထင်ထင် ကျိုးပျက်သွားတာကို တွေ့ရမှာဖြစ်တယ်။ အဲဒီ လမ်း ကြောင်းပေါ် ပြန်လျှောက်မယ်ဆိုရင် ကျနော်ကတော့ မကြိုက်ဘူး။ သို့သော် ယုံကြည်လို့ လျှောက်တဲ့ လူတွေအပေါ် ဘာမှဝေဖန်မှာ မဟုတ်ဘူး။ နိုင်ငံရေးအရ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိတယ်။
ကျနော်ကတော့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအခင်းအကျင်းကို သွားရတော့မယ်လို့ မြင်တယ်။ အဲဒါက သတ္တိရှိရှိ ကျနော်တို့အားလုံး ပြောင်းလဲဖို့ လိုတယ်။ တပ်ရောပဲ။ မဟုတ်ရင် တိုင်းပြည်က တော်တော်လေးကို အခြေ အနေ ဆိုးနေပြီ။ ပြည်တွင်းမှာဆိုရင် လူတွေရဲ့ စီးပွားရေးဘဝ၊ လူမှုရေးဘဝ အကုန်ကျိုးသွားပြီ။ အခြေအနေ တအား ဆိုးတယ်။ သွေးထွက်သံယိုမှုတွေကလည်း နေ့တိုင်းနေ့တိုင်း တအား များတယ်။ ကိုဂျင်မီအပါအဝင် ကျနော့် သူငယ် ချင်းတွေလည်း ကျတာပဲ။ မဖြစ်သင့် မဖြစ်ထိုက်တဲ့အောက်မှာ ဘဝတွေ အသက်တွေ စတေးလိုက်ရတာ။ လူငယ်မျိုး ဆက်သစ်တွေဆိုရင်လည်း ဒီတိုင်းပဲ ထောင်ထဲမှာ။ လူငယ်တော်တော်များများလည်း နိုင်ငံတကာကို အကြောင်း ကြောင်းကြောင့် ပြေးကြတယ်။ နိုင်ငံတကာမှာသွားပြီးတော့ ကြုံသလို နေနေရတယ်။ ဖရိုဖရဲ ဖြစ်စဉ်ထဲမှာ တိုင်းပြည် က သွားနေတယ်။
အဓိက ပြောင်းလဲရမှာတော့ တိုင်းပြည်ကို ဦးဆောင်နေတဲ့လူတွေရဲ့ အပြောင်းအလဲက အရေးကြီးတယ်။ ၂၀၀၈ ခြေဥ အတွင်းက လုပ်လို့မှမရတာ ဘယ်လိုသွားလုပ်မလဲ။ တိုင်းရင်းသားတွေ လက်မခံဘူး။ မျိုးဆက်သစ် လူငယ်လူရွယ်တွေ အပါအဝင် ပြည်သူတွေကလည်း လက်မခံဘူး။ အသေဆုပ်ကိုင်ထားတာက အဓိပ္ပာယ် မရှိဘူး။ ကိုယ့်ဘာသာကိုင်ပါ။ တပြည်လုံးကို လွှမ်းခြုံတဲ့အဆင့်တော့ မဖြစ်စေနဲ့။ ဖြစ်လို့မရဘူး။ အားလုံးလက်ခံနိုင်တဲ့ အခြေအနေကတော့ ဖက်ဒ ရယ် ဒီမိုကရေစီ ပေါ်ပေါက်ရေးပဲ ဖြစ်တယ်။ အဲဒီလိုသွားတဲ့အခါမှာ နံပါတ် ၂ က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လို အပ်လိမ့်မယ်။ တိုင်းပြည် ပိုက်ဆံ မရှိဘူး။ ပြန်လည်ထူထောင်ရေးတွေ လုပ်တဲ့အခါမှာ ကျနော်တို့ဘာသာ လျှောက်ပြီး နွားခြေရာခွက်ထဲက ဖားတွေဖြစ်နေလို့ မရဘူး။ နိုင်ငံတကာရဲ့ ကူညီမှုတွေအများကြီး လိုတယ်။ စွက်ဖက်မှုကို ပြောတာ မဟုတ်ဘူး။ နိုင်ငံတကာရဲ့ လွတ်လပ်တဲ့ ကူညီမှုကို ပြောနေတာ။
နောက်ပြီး နံပါတ် ၃ က အချိန်အတိုင်းအတာ လိုတယ်။ ဘယ်အချိန်ကို အကူးအပြောင်းကာလလို့ ဘယ်လောက်ထိ သတ်မှတ်မလဲ။ ဒါ အရေးကြီးတယ်။ နံပါတ် ၄ က အကူးအပြောင်းကာလမှာ ဦးဆောင်မယ့်အဖွဲ့ လိုတယ်။ ဒီလို ဖွဲ့တဲ့ အခါမှာ ဖမ်းဆီးထားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်း သားတွေ အကုန်လုံးကို လွှတ်ပေးဖို့ လိုမယ်။ တိုင်းရင်းသားတွေကိုလည်း ခေါ်ရမယ်။ အပြင်မှာရှိနေတဲ့ ညီအစ်ကိုတွေ ကိုလည်း အကုန်လုံး ပြန်ခေါ်ရမယ်။ အလားတူပဲ တပ်ဘက်ကိုလည်း Conflict ပါတနာအဖြစ် စဉ်းစားမလား မစဉ်းစား ဘူးလား ပြတ်ပြတ်သားသား လမ်းကြောင်းရှိဖို့ လိုတယ်။ အဲဒါတွေပြီးမှ ရွေးကောက်ပွဲအဆင့်ကို သွားရမယ်။ အဲဒီလို မဟုတ်ဘဲ ဒီပစ်စလတ်ခတ် အခြေအနေကနေ ဆက်သွားမယ်ဆိုရင် ပဋိပက္ခတွေက ချုပ်ငြိမ်းမှာ မဟုတ်ဘူး။
ပဋိပက္ခတွေကို လုံးဝ ဥုံဖွဆိုပြီး ချုပ်ငြိမ်းလိုက်လို့ မရဘူး။ ကျနော်တို့လည်း နားလည်တယ်။ ပဋိပက္ခတွေ လျော့နည်း သွားအောင်တော့ ဝိုင်းဝန်းကြံစည်ဖို့ လိုအပ်လာပြီလို့ မြင်တယ်။ ပြည်သူလူထုကလည်း တော်တော်လေးကို ဒုက္ခရောက် တယ်။ စစ်ဖြစ်တဲ့ဒေသမှာဆို ပိုဆိုးတာပေါ့။ ရခိုင်မှာပဲကြည့်ကြည့် ရှမ်းမြောက်မှာပဲကြည့်ကြည့်။ ဒီပွဲဟာ ပြည်သူလူထု ကိုပဲ အနိုင်ပေးသင့်တယ်။ ငါနိုင် မင်းရှုံး ဆိုတာ မဟုတ်ဘူး။ တကယ်အနိုင်ရတာက ပြည်သူပဲ။ ပြည်သူလိုချင်တဲ့ဆန္ဒကို အကောင်အထည် ဖော်ပေးချင်းအားဖြင့် ပြည်သူလူထုကို အနိုင်ပေးသင့်တဲ့ပွဲပဲလို့ ပြောချင်တယ်။
မေး။ ။ အခုလက်ရှိ ဆင်နွှဲနေတဲ့ ခုခံတော်လှန်စစ် နွေဦးတော်လှန်ရေးကို ဘယ်လိုမြင်လဲ။ အောင်မြင်မယ်လို့ရော ထင် လား။
ဖြေ။ ။ ကျနော်တို့မြင်တာကတော့ ယုံကြည်ချက်တခုပေါ်မှာ လျှောက်လှမ်းပြီးရင် ဘယ်လမ်းကြောင်းက လျှောက်လှမ်း မလဲဆိုတာ ကိုယ်သန်ရာသန်ရာ ယုံကြည်ရာ ရွေးချယ်ကြတာပဲလေ။ အဓိကပြောချင်တာကတော့ စစ်ရေးလမ်း ကြောင်း နိုင်ငံရေးလမ်းကြောင်း ကွဲပြားမှုတွေအပေါ်မှာတော့ ဘာမှပြောစရာမရှိဘူး။ ကျနော့် ရည်ရွယ်ချက်ပန်းတိုင် ကလည်း ရှင်းတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့အတွက် ပြည်သူလူထုလိုအင်ဆန္ဒ ဖြည့်ဆည်းပေးဖို့ ဒါက ရှင်းတယ်။ တခြားလမ်းကြောင်းနဲ့ အကောင်အထည်ဖော်တာတွေလည်းရှိတယ်။ ကျနော်နဲ့တူချင်တူမယ်၊ ကွဲချင်ကွဲ မယ်။ ဘာမှ ဝေ ဖန်စရာ တိုက်ခိုက်စရာတော့မရှိဘူး။ လိုအပ်ချက်ရှိလို့ ပေါ်လာတာလို့တော့ မြင်တယ်။ လုပ်ချင်လွန်းလို့တော့ မဟုတ် ဘူး။
ဘယ်ကမ္ဘာ့နိုင်ငံရေးသမိုင်းမှာပဲ ပြန်ကြည့်ကြည့် ဓမ္မနဲ့ အဓမ္မ အားပြိုင်မှုမှာ အဓမ္မက စိုးမိုးသွားတယ်ဆိုတာ မရှိဘူး။ နိုင် ငံရေးစနစ်တွေရဲ့ သဘောတရားအရ အသစ်နဲ့အဟောင်းက အမြဲ လွန်ဆွဲနေတာ။ ဒါပေမယ့် အဟောင်းမှာပဲ အသစ်က ပြန်လွှမ်းသွားတာချည်းပဲ။ နိုင်ငံရဲ့ လိုအပ်ချက်အရနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရနဲ့ ဖြစ်ခဲ့တဲ့ သမိုင်း ကြောင်းတွေအရနဲ့ ကျနော်တို့ ကျိန်းသေပေါက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ထူထောင်ရမှာဖြစ်တယ်။ ထူလည်းထူ ထောင်နိုင်မယ်လို့ မြင်တယ်။ နည်းလမ်းကတော့ တူချင်မှ တူလိမ့်မယ်။ ဘယ်ကိစ္စမှာမဆိုတော့ နိုင်ငံရေးကို ပယ်ထားလို့ မရဘူးလို့ မြင်တယ်။ စစ်ရေးတွေကတော့ အကဲပိုနေတာပေါ့။
မေး။ ။ စစ်ကောင်စီ အန္တိမရည်မှန်းချက်လို့ ပြောပြောနေတဲ့ ရွေးကောက်ပွဲ လမ်းကရော မြန်မာ့အရေးအတွက် တကယ့် ထွက်ပေါက် ဖြစ်မလား။
ဖြေ။ ။ ရွေးကောက်ပွဲ လုပ်မယ်ပြောတယ်။ အာဏာသိမ်းပြီးကတည်းက ပြောခဲ့တယ်။ မူဝါဒလမ်းစဉ် ၅ ရပ်ချတဲ့ အခါ မှာလည်း အဲဒီအတိုင်းပဲ ပြောခဲ့တယ်။ အခုလည်း အဲဒီအတိုင်းပဲ ဆက်လျှောက်နေတယ်။ အန္တိမပန်းတိုင်က အခုသွားနေတဲ့ အခြေအနေကြီးက ရွေးကောက်ပွဲလုပ်ဖို့ ခက်ခဲမှာမို့လို့ပြောနေတာ ကျနော်တို့ ရွေးကောက်ပွဲကို လက်မခံတာ မဟုတ်ဘူး။ ၂၀၀၈ အတွင်းက လုပ်တဲ့ရွေးကောက်ပွဲကို တိုင်းရင်းသားများကလည်း မကြိုက်ဘူး။ ပြည်သူလူထုက လည်း မကြိုက်ဘူး။ တကယ့်ခေါင်းဆောင်တွေလည်း ပါဝင်နိုင်တဲ့ အခြေအနေ မရှိဘူး။ အဲဒီလို ရွေးကောက်ပွဲက တင့် တယ်ပါ့မလား။ အဆင်ပြေပါ့မလား ပြန်သုံးသပ်ဖို့လိုတယ်။ ဖြစ်သင့်တာလည်း စဉ်းစားရမယ်။ အဲဒါကြောင့် ရွေး ကောက်ပွဲမလုပ်နဲ့ မပြောဘူး။ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တခုကို နိုင်ငံတကာနဲ့ ဝိုင်းပြီး လုပ်မှရလိမ့်မယ်လို့ မြင်တယ်။
တိုင်းပြည်က တင်းမာမှုတွေကြားထဲမှာပဲ ပြည်သူလူထုဘဝ နစ်သွားလိမ့်မယ်။ နစ်လည်း နစ်နေပါပြီ။ အခုလည်း နိုင်ငံခြားငွေကြေးဈေးနှုန်းဆို ၅ ထောင်တွေဘာတွေ ဖြစ်နေတာ။ အကုန်လုံး ဒုက္ခရောက်နေတာလေ။ လူငယ်မျိုးဆက်သစ် တွေ တော်တော်များများဆို ကစဉ့်ကလျားတွေ ဖြစ်နေတာ။ အဲဒါတွေအကုန်လုံးကို တိုင်းပြည်ကို ချစ်တယ်ဆိုရင် ဝိုင်း စဉ်းစားဖို့ လိုတယ်လို့မြင်တယ်။ တပ်ကလည်း ဒါကို စဉ်းစားရမယ်။
မေး။ ။ လက်ရှိအခြေအနေအရ ၈၈၈၈ အရေးတော်ပုံနဲ့ အတူပေါက်ဖွားလာခဲ့တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြောမယ်ဆိုရင် တော်တော်များများက အားနည်းချက်တွေပြောကြတယ်။ ကျနော်တို့လည်း ဝေဖန်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒီမိုကရက်တစ်တွေလို့ ခံယူထားတယ်ဆိုရင် လူထု ထောက်ခံမှု အများဆုံး ရထားတဲ့ လူထုခေါင်းဆောင်တယောက်ဆိုတာတော့ ဂရုစိုက်ရမယ်လေ။ နှစ်သက်သက် မသက်သက် သူ ပါဖို့ လိုတာပေါ့။ သူ့ရဲ့ အမြင့်မားဆုံးရှိနေတဲ့ တန်ဖိုးတွေကို တိုင်းပြည်အတွက် ဘယ်လိုအသုံးပြုမလဲ ဆိုတာကို စဉ်းစား ရမှာလေ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ပြီးတော့ စဉ်းစားလို့ မရဘူး။ ကျနော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် NLD ပါတီက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတာ။ လူထု မဲပေးလို့ နိုင်ထားတာ၊ အခုပြန်လုပ်လည်း နိုင်မှာပဲ။ အရှိတရား ကြီး။ ဒါကြီးကို ဖယ်ပြီး စိတ်ကူးတွေယဉ်နေလို့ ဘယ်လို ဖြစ်မလဲ။ ပြောလို့တော့ ကောင်းလိမ့်မယ်။ လက်တွေ့မှာ အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တန်ဖိုးကို ကြိုက်ကြိုက် မကြိုက်ကြိုက် မြင်ဖို့တော့ လိုလိမ့်မယ်။ အလားတူပဲ တခြားတခြား သော တန်ဖိုးကိုလည်း အဲဒီလိုမြင်ဖို့ လိုမယ်။ နိုင်ငံရေးမှာ ဖယ်ပြီးကစားတယ်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ရှေ့တန်း သိပ်တင်လွန်းရာ ရောက်သွားလိမ့်မယ်။ နိုင်ငံရေးမှာ ဖယ်လေလေ ပြဿနာဖြစ်လေလေ၊ ဒုက္ခတွေများလေလေပဲ။
လက်ရှိမှာ မြို့တွေ ကျကုန်တာပဲကြည့် သင်ခန်းစာယူစရာ ဖြစ်တယ်။ တပ်ကိုလည်း ပြောချင်တာပေါ့။ ၂၀၁၅ NCA (တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး) လက်မှတ်ထိုးပွဲတုန်းက အခုစစ်ပွဲတွေ အနိုင်ရနေတဲ့ အဖွဲ့ ၃ ဖွဲ့လုံးဟာ ထိုးချင်ပါ ရက်နဲ့ ထိုးခွင့် မရခဲ့တာ။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အခု သူတို့က တကယ့်ပါဝါတွေ ဖြစ်သွားပြီ။ အကယ်၍ အဲဒီတုန်းက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကို ဆွဲသွင်းခဲ့မယ်ဆိုရင် ဒီအခြေအနေ ရောက်ချင်မှ ရောက်မယ်။ ဒါတွေကို ငါတို့က အဲဒီအချိန် တုန်းက မှန်တယ် မှားတာလို့ သုံးသပ်မယ့်အစား ဖြတ်သန်းခဲ့တဲ့ သမိုင်းတွေက ယူတတ်ရင် သင်ခန်းစာတွေချည်းပဲ။ ဘယ်သူမဆို အမှားနဲ့ မကင်းဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီတိုင်းပဲ။ ဘယ်သူ့ကို ဖယ်ထားမယ်။ ဘယ်သူ့ကို ရှင်း ထုတ်မယ်။ ပါဝါကြီးလို့ဆိုတဲ့ စဉ်းစားချက်တွေဟာ တကယ်တမ်းကျတော့ တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်မယ်ဆို ဒီစဉ်းစားချက်တွေ မရှိသင့်ဘူး ထင်တယ်။ ။