တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုက အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ မန္တလေးတိုင်း မြောက်ဘက်စွန်းကညတကောင်းနီကယ်စက်ရုံကို ဇူလိုင် လကုန်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ ထိုစက်ရုံပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကို ရှင်းလင်းပြီးနောက်မှာ တကောင်းနီကယ် စက်ရုံဝင်းထဲက စစ်ကောင်စီတပ်သားနဲ့ ရဲအယောက် ၆၀ ခန့်ဟာ လက်နက် ၆၄ လက်နဲ့ ခဲယမ်းတွေကိုထားခဲ့ပြီး ထွက်ခွာသွားတာ ဖြစ်တယ်။လတ်တလောမှာ အဲဒီစက်ရုံနဲ့ ဝန်ထမ်းတွေ လုံခြုံရေးကို NUG က တာဝန်ယူထားပေးတယ်။ ထိုစက်ရုံကို NUG လက်အောက်ခံကတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာကြောင့် စက်ရုံံလုံခြုံရေးနဲ့ ပြန်လည်လည်ပတ်နိုင်ရေးအတွက် တရုတ်ဟာ NUG နဲ့ဆွေးနွေးနေပါပြီ။ တရုတ်အနေနဲ့ စစ်ကောင်စီကို အခွန်အခပေးနေတာမျိုးမဟုတ်ဘဲ NUG ကို အခွန်အခတွေပေးဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေတယ်လို့သိရတယ်။ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာလဲ တရုတ်နဲ့ဖက်စပ်လုပ်ကိုင်နေတဲ့ ALPHA ဘိလပ်မြေစက်ရုံကို NUG တပ်ဖွဲ့တွေသိမ်းပိုက်ထားသေးတယ်။ထိုဘိလပ်မြေစက်ရုံကို စစ်တပ်က မီးရှို့ဖျက်စီးခဲ့တာကြောင့် စစ်ကောင်စီနဲ့တရုတ်ဘက်က ဒေါ်လာ သန်းနဲ့ချီ ဆုံးရှူံးနိုင်တယ်။
မြန်မာပြည်မှာ တရုတ်နိုင်ငံရဲ့ အကြီးစားစီမံကိန်းလုပ်ငန်းကြီး သုံးခုခန့်ရှိတယ်။ ရခိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ စစ်ကိုင်းတိုင်းက လက်ပတောင်းတောင် ကြေးနီစီမံကိန်း နဲ့ တကောင်းနီကယ်စက်ရုံံတို့ ဖြစ်တယ်။ အခုဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဟာ NUG အပါအဝင် တော်လှန်ရေးအဖွဲ့တွေလက်ထဲတဖြည်းဖြည်းနဲ့ရောက်ရှိလာပါပြီ။ ရခိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာလဲ မကြာခင် အေအေလက်ထဲရောက်လာတော့မယ်။ ထိုတရုတ်စီမံကိန်းတွေကို စစ်ကောင်စီက အကာအကွယ်မပေးနိုင်တော့ပါဘူး။ ထိုစီမံကိန်းတွေကို ထိန်းချုပ်လာနိုင်တာနဲ့အမျှ တရုတ်ဟာ NUG အပါအဝင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဖြစ်မနေဆက်ဆံရပါတော့မယ်။