ရန်ကုန်တွင် ညသန်းခေါင်ယံနီးပြီဖြစ်ပြီး စစ်တပ်က ထုတ်ပြန်သည့် ညမထွက်ရအမိန့် စတင်မည့်အချိန် တနာရီခန့် အလိုတွင် ဖြစ်သည်။ အရှေ့ပိုင်းစက်မှုဇုန်မှ ကားပြင်အလုပ်ရုံများ တိတ်ဆိတ်သွားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ပါတီပွဲသည် ယခုမှ စတင်ခါစသာ ရှိသေးသည်။
ခေါင်းစွပ်ပါအင်္ကျီများနှင့် စနီကာဖိနပ်များ ဝတ်ဆင်ထားသည့် လူငယ်များသည် နိုက်ကလပ် တခုရှေ့မှ ကျဉ်းမြောင်းသောလမ်းငယ်တွင် စုရုံးနေပြီး လုံခြုံရေးဝန်ထမ်းများက ၎င်းတို့ တက္ကစီများအား ဝင်ပေါက်သို့ ခေါ်ဆောင်သွားပေးသည်။ အဆင်ပြေသလို ရပ်ထားသည့် Mercedes Coupe တစီးလည်း ထိုပိတ်ဆို့နေသည့် ကားများတွင် ပါဝင်သည်။
အတွင်းရှိ ကပွဲခန်းမသည် မြူးကြွနေသည်။ ဆေးရွက်ကြီးနှင့် ဆေးခြောက်မီးခိုးများ အကြားတွင် ဘေ့စ်ဘောဂျာစီနှင့် ဘောင်းဘီပွပွ ဝတ်ဆင်ထားသည့် ဒီဂျေတဦးသည် လူအုပ်ကို မြူးကြွလာအောင် ဖျော်ဖြေနေသည်။
ကျပ် ၄ သိန်းတန် အရေးကြီးပုဂ္ဂိုလ် VIP စားပွဲတခုတွင် ပလပ်စတစ်ပိုက်ငယ် ကိုင်ထားသည့် အမျိုးသမီးငယ်တဦးသည် မိုဘိုင်းဖုန်း မျက်နှာပြင်ရှိ အဖြူရောင်အရာဝတ္တု အတန်း ၅ တန်းအနက် တခုကို ရှူသွင်းနေသည်။
မြန်မာ့စီးပွားရေးမြို့တော်မှ ဘဝသည် စစ်ဖြစ်နေသည့် တိုင်းပြည် အစွန်အဖျားဒေသများနှင့် လုံးဝ ကွဲပြားခြားနာသည့် စည်းချက်ကို တီးခတ်နေသည်။
အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချခဲ့သည့် စစ်တပ်သည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ပေါ်ပေါက်လာသည့် တော်လှန်ရေး အင်အားစုများလက်သို့ ကျရောက်ပြီး ကျဉ်းမြောင်းလာသည့် ပိုင်နက်များကို ကာကွယ်နေသည်။
ယခုအခါ လူ ၃ သန်းခန့်သည် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး ဆင်းရဲနွမ်းပါးမှုသည် လူဦးရေ ၅၅ သန်းအနက် ၃ ပုံ ၁ ပုံကို ထိခိုက်စေပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မကြုံဖူးသည့် အခြေအနေ ရောက်နေသည်။ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ငွေကြေးဖောင်းပွမှု ၂၆ ဒသမ ၅ ရာခိုင်နှုန်းအထိရှိကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။
စစ်တပ်သည် ကုန်ခန်းသွားသော အင်အားကို ပြန်လည် ဖြည့်တင်းရန် အရပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းသောကြောင့် ပညာနှင့်လုပ်အား ပြည်ပသို့ စီးထွက်မှုအခြေအနေ ဆိုးရွားနေသည်။
သို့သော် ရန်ကုန်တွင် စားသောက်ဆိုင်သစ်များနှင့် ညဘက် လည်ပတ်စရာနေရာများ ဆက်လက် ပေါ်ပေါက်လာနေပြီး အနည်းဆုံး ပန်းချီပြခန်းတခု ဖွင့်ထားကာ လွန်ခဲ့သော သုံးနှစ်က အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် မျှော်လင့်ချက်ကင်းမဲ့မှုကို အာခံနေသည်။
အာဏာမသိမ်းမီကပင် ရန်ကုန်မြောက်ပိုင်း မြို့နယ်ဖြစ်သည့် စမ်းချောင်းတွင် စားသုံးသူများသည် ကျပ် ၆,၀၀၀ တန်ကော်ဖီနှင့် ကျပ် ၁၅,၀၀၀ တန် ဆယ်လ်မွန်ငါးသုပ် ရောင်းချသော ကဖေးဆိုင်များအတွင်း ပြည့်ကျပ်နေသည်။ ဝိုင်ဖိုင်အသုံးပြုရန် တောင်းဆိုမှုများကို စားပွဲထိုးများက ၎င်းတို့ မိုဘိုင်းဖုန်းများမှ QR ကုတ်များ ဖွင့်ပေးပြီး စကန်ဖတ်စေသည်။ ညဘက် လည်ပတ်စရာ နေရာများနှင့် စားသောက်ဆိုင်များသည် လက်မှတ်ကုန်အောင် ရောင်းချရသည့် Pride ပါတီများ ကျင်းပကြသည်။
ကျော်ကြားလှသော ရွှေတိဂုံစေတီတော်အနီး စိမ်းလန်းသော လွတ်လပ်ဒေသ ပြည်သူ့ရင်ပြင် ဥယျာဉ်တွင် ချစ်သူများသည် ရာသီဥတုဒဏ်ခံထားရသော ထိုင်ခုံများတွင် ပွေ့ဖက်နေကြသည်။
ငွေအကြွေစေ့ ထည့်ကစားရသည့်စက်များ အလုပ်ဖြစ်နေပြီး တကျွီကျွီမြည်နေသည့် ရိုလာကိုစတာသည် ဆယ်ကျော်သက် တဦး သို့မဟုတ် နှစ်ဦးကို အသည်းအေးစေသည်။
အနီးရှိ မင်္ဂလာအခမ်းအနားပြပွဲတွင် ပါဝင်နေသည့် မိတ်ကပ်ပညာရှင်များ၊ မင်္ဂလာပစ္စည်းရောင်းချသည့် ကုမ္ပဏီများနှင့် ကျောက်ကုန်သည်များသည် ဈေးသက်သက်သာသာ ဝယ်လိုသည့် စုံတွဲများကို အပြိုင် အာရုံဆွဲဆောင်နေသည်။
စင်ကာပူမှ Keppel Group က ၂၀၂၃ ခုနှစ်တွင် အပြည့်အဝ ရောင်းချခဲ့သည့် ကြယ် ၅ ပွင့် ဆီဒိုးနားဟိုတယ် ရန်ကုန်တွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် ဒေသခံများသည် ရေကူးကန် အသုံးပြုခွင့်ရသော ကျပ် ၆၀,၀၀၀ တန် လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းသည့် လော်ဘီခန်းမသို့ ရောက်လာကြနေကြသည်။ ၎င်းတို့သည် ရေကူးကန်ကို လျစ်လျူရှုကာ ဆယ်လ်ဖီဓာတ်ပုံများ ရိုက်ကူးကြသည်။
မြန်မာမှ ငွေကြေးတတ်နိုင်ပြီး စစ်တပ်နှင့် ပတ်သက်နေသည့် လူတန်းစားသည် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများ ဖြစ်စေသည့် စစ်အုပ်ချုပ်ရေး အစောပိုင်းကာလ အတွင်းကပင် ပိုမိုကြီးမားလာသော စီးပွားရေးဖိအားမှ ကာကွယ်နိုင်ကြသည်။
သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။
ယနေ့လမ်းမများတွင် ကမ္ဘာလှည့်ခရီးသည် အနည်းငယ်သာရှိတော့သည်။ ကိုဗစ်နိုင်တင်းက ကမ္ဘာ့နယ်စပ်များကို မပိတ်မီ ၂၀၁၉ ခုနှစ်တွင် မြန်မာသည် ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၃ သန်းကို ကြိုဆိုကြသည်။ ကပ်ရောဂါအလွန် ၂၀၂၃ ခုနှစ်တွင် ထိုအရေအတွက်သည် ၁ ဒသမ ၂၈ သန်းသို့ ကျဆင်းသွားကြောင်း စစ်ကောင်စီ စာရင်းဇယားများအရ သိရသည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး မြန်မာသည် အရေးပေါ် အခြေအနေအောက်တွင်သာ ဆက်လက် ရှိနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မသမာမှုရှိသည်ဟုပြောသည့် ၂၀၂၀ ရွေးကောက်ပွဲကို အစားထိုးရန် ရွေးကောက်ပွဲသစ် ကျင်းပမည်ဟု ကတိပြုသော်လည်း ထိုရွေးကောက်ပွဲကို မည်သည့်အချိန်တွင် မည်ကဲ့သို့ ကျင်းပမည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပယောဂ မကင်းဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆသည့် စွဲချက်များဖြင့် ထောင် ၂၇ နှစ် ကျနေသည်။
အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအများအပြားက ၎င်းတို့နိုင်ငံသားများ မြန်မာသို့ မသွားရန် သတိပေးထားသည်။ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း စင်ကာပူနိုင်ငံသားများ မြန်မာသို့ သွားရောက်မည့် ခရီးစဉ်များ ဆိုင်းငံ့ထားရန် အကြံပြုသည်။ သြစတြေးလျအစိုးရက အငြင်းပွားဖွယ် ဖမ်းဆီးခံရနိုင်ခြေ အန္တရာယ်ကို သတိပေးပြီး ဖောက်ခွဲမှု၊ တိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုများသည် ရန်ကုန်အပါအဝင် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ဖြစ်နိုင်ကြောင်း သတိပေးသည်။
ရန်ကုန်ရှိ အဓိက ဟိုတယ်တခုမှ ဝန်ထမ်းများက ဧည့်သည်များအနေဖြင့် ည ၈ နာရီ နောက်ပိုင်း ဟိုတယ်တွင်းတွင်သာ နေထိုင်ရန် အကြံပြုသည်။
“ကူညီပါရစေ” ဆိုသည့် ဆိုင်းဘုတ်ကြီးပြထားသည့် အနီးရှိ ကျောက်တံတားရဲစခန်းသည် ပုန်ကန် တိုက်ခိုက်မှုများကို တားဆီးရန် သံဆူးကြိုး အကာအရံများဖြင့် ဝိုင်းကာထားသည်။
ရန်ကုန်မြို့တော်ခန်းမတွင်လည်း အလားတူမြင်ကွင်းကို တွေ့ရသည်။ မြို့တော်ခန်းမတွင် ရိုင်းစိုင်းသည့် ရဲအရာရှိတဦးသည် ပြင်းထန်သော မိုးများအောက်တွင် ထီးတချောင်းကို ဆုပ်ကိုင်ပြီး တခါက စည်ကားသော်လည်း ယခုအခါ မော်တော်ယာဉ်များကို ပိတ်ပင်ထားသည့်လမ်းအတွင်း ဝင်ရောက်လာသည့် လမ်းသွားလမ်းလာများကို မောင်းထုတ်နေသည်။
စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ကုမ္ပဏီ အဆောက်အအုံများပြင်ပတွင် စစ်သားများနှင့် ရဲများ စောင့်ကြပ်နေသည်။
တချိန်တည်းတွင် တောင်းရမ်းစားသောက်သူများသည် မီးပွိုင့်များတွင် စောင့်ဆိုင်းနေသည့် ကားများထံ ချဉ်းကပ်လာကြသည်။
“ရုရှားတွေကလွဲပြီး ကမ္ဘာလှည့်ခရီးသည် မရှိတော့သလောက်ပဲ” ဟု ဧည့်လမ်းညွှန်တဦးက ကြေကြေကွဲကွဲ ပြောသည်ကို ကြားရသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံအများအပြားက ဖယ်ကျဉ်ခံရသောကြောင့် စစ်ကောင်စီသည် ရုရှားနှင့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေး အထောက်အပံ့ကို မှီခိုရသည်။ ထို့ကြောင့် မေလက ရောက်လာသည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တခု အပါအဝင် ရုရှားမှ ကိုယ်စားလှယ်များ ဆက်တိုက် ဝင်ရောက်လာပြီး မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှာဖွေကြသည်။
မြန်မာ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ၁ ရာခိုင်နှုန်းသာ တိုးတက်ကြောင်းနှင့် လာမည့်နှစ်တွင်လည်း အလားတူသာ ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဘဏ္ဍာရေး ပွင့်လင်းမှု သိသိသာသာ ကျဆင်းလာသည်ဟု မှတ်ချက်ချသည့် ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။
ခက်ခဲသော စီးပွားရေး ကံကြမ္မာ၏ သင်္ကေတအဖြစ် ကပ်ရောဂါကာလအတွင်း ယာယီပိတ်ရသည့် ရန်ကုန်မြို့လယ်မှ အထပ်မြင့် အထင်ကရ အဆောက်အအုံ ဆူးလေရှန်ဂရီလာဟိုတယ် ပြန်လည် ဖွင့်လှစ်ခြင်း မရှိသေးပေ။
သူသည် ကပ်ရောဂါ မတိုင်မီက ဝင်ငွေ၏ ၃ ပုံ ၁ ပုံသာ ရတော့ကြောင်း လုံခြုံရေးကြောင့် မဆွိ ဟုသာ အမည်ပြောသည့် ရန်ကုန်မှ ဘားပိုင်ရှင်က Straits Times ကို ပြောသည်။
“အရင်က ကျမရဲ့ဘားမှာ နံနက် ၁ နာရီအထိ စည်ကားနေတယ်။ အခုတော့ ည ၁၀ နာရီဆိုရင် စားသုံးသူ မရှိတော့ဘူး။ (မနက် ၁ နာရီကနေ ၃ နာရီအထိ) ညမထွက်ရ အမိန့်ကြောင့်လည်း တစိတ်တပိုင်းပါတယ်။ လုံခြုံရေး အခြေအနေကြောင့် လူတွေက ညဘက် အပြင်ထွက်ရမှာ ကြောက်ကြတယ်” ဟု ၎င်းက ပြောသည်။
အခြား ဘားဆိုင်ပိုင်ရှင်ဖြစ်သည့် ဦးကျော် (အမည်လွှဲ) သည် သူ၏လုပ်ငန်း ဆက်လက်လည်ပတ်ရန် ဝန်ထမ်းရှာရေးအတွက် ရုန်းကန်နေရကြောင်း ပြောသည်။ “အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေကြောင့် ကျနော့်မှာ ဝန်ထမ်း မလုံလောက်မှု ဖြစ်နေတယ်။ အလုပ်လုပ်တဲ့အရွယ် လူငယ်တွေက နိုင်ငံခြားကို ထွက်ခွာသွားကြတယ်” ဟု ပြောသည်။
မြန်မာမှ ထွက်ခွာသွားနိုင်ကြသူများသည် ၎င်းတို့ မည်သည့်အချိန်တွင် ပြန်နိုင်မည်ကို မသိကြပေ။
သူ၏ ရန်ကုန်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးက စစ်သားစုဆောင်းနိုင်မည့် လူငယ်များကို စာရင်းကောက်သော မတ်လတွင် သူနှင့် ညီအကိုတော်သူနှင့်အတူ ဘန်ကောက်သို့ ထွက်ပြေးခဲ့သည်ဟု ကိုမိုးသူဟု အမည်လွှဲထားသည့် အသက် ၂၆ နှစ်အရွယ် အွန်လိုင်း သတင်းအချက် ဖန်တီးရေးသားသူ ပြောသည်။
သူသည် ရန်ကုန်မှ ဒဂုံတက္ကသိုလ်တွင် အင်္ဂလိပ်စာ အဓိကဖြင့် ပညာဆည်းပူးခဲ့သော်လည်း ယခုအခါ သူသည် ထိုင်းကျောင်းသား ဗီဇာရရန် စည်းကမ်းချက် ပြည့်မီရေးအတွက် ဘန်ကောက်မှ ပုဂ္ဂလိက ကျောင်းတခုတွင် အင်္ဂလိပ်စာ လေ့လာနေသည်။
“မိဘတွေက နိုင်ငံခြားကို မသွားဖို့ ကျနော့်ကို ပြောခဲ့ဖူးတယ်။ အခုအခြေအနေက ဆိုးလာတော့ ဘာပဲဖြစ်ဖြစ် ကျနော် နိုင်ငံခြားမှာ ကုန်ကျစရိတ် သူတို့ထောက်ပံ့မယ်လို့ ပြောလာတယ်” ဟု ဘန်ကောက်တွင် Straits Times နှင့် တွေ့ဆုံမေးမြန်းမှုတခုတွင် ၎င်းက ပြောသည်။
သူသည် သူ့ကိုယ်သူ ကံကောင်းသူများတွင် ပါဝင်သည်ဟု ယူဆသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ခွင့်ရရန် စစ်သားများ၏ စစ်ဆေးမှုအတွက် စောင့်ဆိုင်းရင်း ပြည်လမ်းတွင် တသီတတန်းဖြစ်နေသည့် ကားများသည် စစ်ကောင်စီကို အာခံသူများအတွက် အန္တရာယ်ကို သတိပေးချက် ဖြစ်သည်။
မေလတွင် စစ်ကောင်စီသည် အင်တာနက် အသုံးပြုသူများ၏ အချက်အလက်များကို ဝှက်စာအဖြစ် ပြောင်းလဲပေးသည့် VPN ကွန်ရက်များကို ပိတ်ပင်ခြင်းဖြင့် စောင့်ကြည့်ထောက်လှမ်းမှုများ ပိုမို တင်းကျပ်လိုက်သည်။
စီးပွားရေးလုပ်ငန်းရှင်များသည် သတိထား ခြေလှမ်းရမည်ကို သိကြသည်။ ရန်ကုန်မှ အောင်မြင်သော စားသောက်ဆိုင်တခုမှ ကိုယ်စားလှယ်ကို တွေ့ဆုံမေးမြန်းရန် Straits Times က ချဉ်းကပ်သောအခါ နိုင်ငံရေးနှင့် ပတ်သက်သည့် အချက်အလက်များ ယခုဆောင်းပါးတွင် ပါမည်ကို သိရှိပြီး ငြင်းဆန်သည်။
“ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေက တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်နေရတယ်။ ကျနော်တို့ အခြေအနေကို ခင်များတို့ နားလည်မယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။
Source; ဧရာဝတီ
Link ; https://burma.irrawaddy.com/article/2024/07/01/386189.html