(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ ထာရ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ခြောက်လမ်းဆုံကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လူနေအိမ်များကို ဓာတ်ဆီလောင်းကာ မီးတင်ရှို့သွားကြောင်း ဒေသခံ များထံမှ သိရသည်။
ယမန့်နေ့ (ဇွန်လ ၂၄ ရက်) ည ၁၀နာရီခန့်တွင် ဟားခါးမြို့ ၊ ထာရ်ရပ်ကွက်ရှိ ခြောက်လမ်းဆုံကင်းစခန်းကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ ပစ်ခတ်မှုအနည်းငယ်ကြာဖြစ်ပွားခဲ့ပြီး သန်းခေါင်ယံ အချိန်တွင် စစ်ကောင်စီတပ်က အဆိုပါရပ်ကွက်ရှိ လူနေအိမ်များကို မီးရှို့သွားခြင်းဟု ဆိုသည်။
“ခြောက်လမ်းဆုံမှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ထာရ်ရပ်ကွက်က လူနေအိမ် ၁၀လုံးကို မီးရှို့တယ်။ တချို့အိမ်တွေက လူရှိရဲ့သားနဲ့ အကုန်လုံးဓာတ်ဆီနဲ့ အဝတ်ဆုတ်နဲ့ လောင်းပြီးမီးရှို့တာသွားတာဗျ။ စကစတပ်သားတွေ ပြန်သွားပြီးမှ မီးလောင်နေတဲ့ နေအိမ်အချို့ကို ပြည်သူတွေက မီးငြိမ်းသတ်နိုင်ကြတယ်” ဟု ဟားခါးမြို့နေဒေသခံတဦးက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်၏ ညအချိန်တွင် မီးတင်ရှို့မှုကြောင့် လူနေအိမ် ခုနစ်လုံးကို မီးငြိမ်းသတ်နိုင်ခဲ့ သော်လည်း လူနေအိမ်သုံးလုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံက ဆိုသည်၊။
ထို့အပြင် အဆိုပါတိုက်ပွဲအတွင်း ဟားခါးမြို့ ၊ရုန်းတောင်ရှိ စစ်ကောင်စီတပ်၏ ခလရ ( ၂၆၆) တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ဟားခါးမြို့ ၊ ထာရ်ရပ်ကွက်တွင်နေထိုင်သော အမျိုးသားတဦး ရင်ဘက်တွင် မစိုးရိမ်ရ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယနေ့ (ဇွန်လ ၂၅ ရက်) တွင် စစ်ကောင်စီတပ်သားများသည် မြို့တွင်း၌စစ်ကားများဖြင့် ကင်းလှည့် နေကြပြီး ဒေသခံများမှာ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရကြောင်း ဆိုသည်။
ထိုသို့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ခြောက်လမ်းဆုံ စစ်ကောင်စီကင်းစခန်း၊ ကျော်ဘုတ်ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်စခန်း၊ လွတ်လပ်ရေးကျောက်တိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးချခြင်းနှင့် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မေလအတွင်းတွင် စစ်ကောင်စီ တပ်သားအချို့ သေဆုံးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး) CDF-Hakha ထံမှ သိရသည်။
Source: မဇ္စျိမ
Link: https://bur.mizzima.com/2024/06/25/25492