လတ်တလောတွင် စစ်တွေမြို့သို့ ကုန်စည်စီးဆင်းမှုမရှိတော့ဘဲ ကုန်စျေးနှုန်းလည်း အဆမတန်မြင့်တက်နေသည်။ ဓာတ်ဆီတစ်လီတာကို ၃၀,၀၀၀ မှ ၄၀,၀၀၀၊ ပေါ်ဆန်းဆန် တစ်အိတ်ကို ၂၀၀,၀၀၀ အထိ စျေးရှိသည်။ မီးသွေး ဝယ်လိုသော်လည်း ရှာရခက်သည့်အခြေအနေ ဖြစ်နေသည်ဟု မြို့နေဒေသခံတစ်ဦးက ပြောသည်။
“မြို့ကနေထွက်လို့လည်း မရတော့ဘူး။ မြို့ထဲမှာတောင် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲဘူး။ အလုပ်အကိုင်လည်းမရှိတော့ဘူး။ စားဝတ်နေရေး တအားခက်ခဲနေတယ်” ဟု သူက ပြောသည်။
စစ်တွေမြို့တွင်းတွင်မူ စစ်တပ်က ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း၊ ၎င်းတို့နှင်ထုတ်ထားသည့် ရွာများတွင် တပ်စခန်းများချထားကြောင်း သိရသည်။
စစ်တွေမြို့တွင်းရှိ ကြွီတဲ၊ ပါဒလိတ်၊ မင်းချောင်းတံတားအနီးတို့တွင် စစ်စခန်းများ တိုးချဲ့ထားပြီး အမြင့်ကျွန်းရွာမြစ်အတွင်းတွင်လည်း စစ်ရေယာဉ်များ ဖြန့်ကြက်ထားကြောင်း သိရသည်။
AA သည် ဇွန် ၂၃ က သံတွဲ (ငပလီ) လေဆိပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့နယ်၏ စစ်ရေးအရအရေးပါသော တောဟိန်းတောင်ဗျူဟာကို သိမ်းပိုက်လိုက်သည်ဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။
အလားတူ မောင်တောမြို့နယ်၊ နခခ ၂ ကိုလည်း ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ မောင်တောမြို့ရှိ လက်ကျန်တပ်စခန်းများကို တိုက်ခိုက်တော့မည်၊ အသက်အန္တရာယ်ကျရောက်နိုင်သဖြင့် ဒေသခံများ ဇွန် ၁၆ ညပိုင်းမှစတင် ထွက်ခွာရမည်ဟု AA က အသိပေးထားသည်။
AA သည် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။ လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။
ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိလာကာ စစ်တွေကိုလည်း AA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သိမ်းတိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်သည်ဟု ဒေသခံများက ယူဆထားသည်။
Source: Myanmar Now
Link: https://myanmar-now.org/mm/news/53801/