အခုနွေဦးတော်လှန်ရေးရဲ့ အဓိကအလှည့်အပြောင်းတစ်ခုဖြစ်တဲ့ ၁၀၂၇စစ်ဆင်ရေးစခဲ့တာ ရှစ်လခန့်ရှိသွားပါပြီ။ အခုအချိန်မှာ ၁၀၂၇ ဟာရပ်တန့်နေပေမယ့် ထိုလှိုင်းရဲ့အရှိန်ဟာ ဆက်လက် သက်ရောက်နေဆဲပါပဲ။ အောင်မြင်မှုများစွာလဲရရှိခဲ့တယ်။ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုကို ပြောပါဆိုရင် ဒီရှစ်လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မြို့ပေါင်း၆၀ခန့်အထိ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ပါပြီ။ မြန်မာပြည်မှာ မြို့ပေါင်း၃၃၀ခန့်ရှိတယ်။ ထိုထဲကမှ မြို့ပေါင်း၆၀ခန့် သိမ်းပိုက်ထားနိုင်တယ်ဆိုတာ နိုင်ငံရဲ့၂၀ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သဘောပါပဲ။ တကယ့်မြေပြင်မှာ ဒီထပ်ပိုပြီးထိန်းချုပ်ထားနိုင်တယ်။ နိုင်ငံတကာက ပညာရှင်အချို့ရဲ့ အဆိုအရနိုင်ငံရဲ့ ၅၀ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်နေပါပြီ။ တော်လှန်ရေးဟာ အရှိန်အဟုန်နဲ့မဟုတ်တောင် ဖြေးဖြေးနဲ့မှန်မှန်ရှေ့ဆက်သွားနေတယ်။ စစ်ကောင်စီရဲ့ နောက်ဆုံးနေ့ရက် တွေဟာ မကြာမီမှာရောက်လာတော့မှာပါ။