နိုင်ငံတော်အဆင့် စစ်ဆင်ရေးဟု ကြေညာထားသော အောင်ဇေယျ စစ်ကြောင်းသည် ဒေါနတောင်ကိုတက်ရန် ဇွန်လ ၈ ရက်နေ့တွင် ထပ်မံကြိုးစားခဲ့သေးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။ အထိအခိုက် များစွာဖြင့် နောက်ပြန်ဆုတ်ခဲ့ရသည်။ လေးရက်နှင့်အပြီး ဒေါနတောင်ကို ကျော်မည်ဟု ကြွေးကြော်ကာ ရှိသမျှအင်အား အကုန်ထုတ်သုံးလာခဲ့သော်လည်း လေးလတိုင်သော်လည်း ကျော်ရန် မလွယ်ကူတော့ပေ။
ယခုဆိုလျှင် လေးမိုင်ကျော်သာ အကွာအဝေးသာရှိသည့် ဒေါနတောင်ကြောအား နှစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ရှေ့ဆက်တိုးမရဘဲ ရပ်တန့်နေခဲ့ရသည်။ လေကြောင်းပစ်ကူ အချိန်မရွေးသုံး၍ရပြီး လမ်းခရီးကောင်းသည့် ပွင့်လင်းရာသီတွင် မကျော်နိုင်သည့်အတွက် မိုးရာသီတွင် ဖြတ်ကျော်ရန် မလွယ်ကူတော့ပေ။
စစ်ကောင်စီသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော မြဝတီမြို့၏ လုံခြုံရေးကို တာဝန်ယူထားသော သင်္ဃန်းညီနောင် ဗျူဟာဌာနချုပ် ကျဆုံးမှုသည် စစ်ကောင်စီအတွက် အတော်တုန်လှုပ်ဖို့ကောင်းသည့်ကိစ္စ ဖြစ်သွားခဲ့ပါသည်။
စစ်ဗျူဟာအနေဖြင့် ကွပ်ကဲမှုအောက်တပ်များဖြစ်သည့် ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်း ဌာနချုပ်များ ရှိသကဲ့သို့ အကူပစ် လက်နက်ကြီးများ၊ အမြောက်များနှင့် စစ်ကူစစ်ကြောင်းများပါ ရှိနေသည့်ကြားကပင် စစ်ဗျူဟာ ဗျူဟာဌာနချုပ် ကျဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။
အထူးသဖြင့် ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးတွင် ကွမ်းလုံဗျူဟာကဲ့သို့ ဖြစ်သွားမည်ကို စစ်ကောင်စီဘက်က အတော်စိုးရိမ်သွားသည်။ ကွမ်းလုံဗျူဟာမှတဆင့် တောက်လျှောက်ဆိုသလို သိမ်းသွားသည့် စခန်းများ၊ တပ်ဌာနချုပ်များ မနည်းခဲ့ပေ။
သင်္ဃန်းညီနောင်ပြီးလျှင် ကော့ကရိတ်မှ စကခ ၁၂ ဌာနချုပ်နှင့် နဘူးဒေသမှ တပ်ရင်းဌာနချုပ်များအပြင် ဘားအံ လွင်ပြင်က တပ်များအထိ စိုးရိမ်စရာအခြေအနေ ရောက်သွားနိုင်ပါသည်။ အဓိကအနေဖြင့် သင်္ဃန်းညီနောင်ဗျူဟာ ပြန်ရဖို့ထက် မြဝတီ ကျဖို့ သေချာသလောက်ရှိသွားပြီ ဖြစ်သောကြောင့် ဤစီမံချက်ကို အမြန် စတင်ပုံရပါသည်။
ရှမ်းမြောက်တွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ လက်လွှတ်ခဲ့ရသည့် စစ်ကောင်စီအတွက် မြဝတီမြို့သည် နယ်စပ်ကုန်သွယ်ရေး အသက်ဆက်ရန် ကောက်ရိုးတမျှင်လည်း ဖြစ်နိုင်ပါသည်။
ထို့ကြောင့်လည်း ရခိုင်ဒေသ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်နေချိန်ဖြစ်သည့်တိုင် ရခိုင်စစ်ဆင်ရေးကို ထားခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တွင် ကစထမှူး ဒု ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ရှိနေသော်လည်း စစ်ကောင်စီ ဒုချုပ် စိုးဝင်း ကိုယ်တိုင် မော်လမြိုင် ရတခ အထိ အရောက်လာ ကွပ်ကဲခဲ့သည်။
ရှမ်းမြောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သည် ၁၀၂၇ စစ်ဆင်ရေးတွင် ဖွဲ့စည်းပုံ ပျက်လောက်အောင် ရှုံးနိမ့်ခဲ့ရသည့် နာမည်ကြီးဂဏန်း တပ်မတခုဖြစ်သည့် တပ်မ ၅၅ ကို မော်လမြိုင်အထိ လေယာဉ်ဖြင့် ပို့သည်။
ယာယီတပ်မမှူးဖြစ်သည့် တပ်မ ၅၅ တပ်မမှူးကို မြဝတီခွင်တွင် လှုပ်ရှားနေသည့် တပ်မ ၄၄ က အင်အားဖြည့် အဖွဲ့များနှင့် ရခိုင်တွင် တပ်ရင်းလိုက် ပျောက်သွားသည်အထိ ဖွဲ့စည်းပုံ ပျက်နေသည့် တပ်မ ၂၂ မှ နောက်ချန်အင်အားဖြည့် အဖွဲ့များ ပေါင်းပေးလိုက်ပြီး တင့်ကား၊ သံချပ်ကာ ယန္တယားများ အပါအဝင် စစ်ကြောင်းကို ခန့်မှန်း အင်အား ၅၀၀ ဖြင့် ဒေါနတောင်ကို ကျော်ပြီး မြဝတီကို စစ်ကူလိုက်ရန် စီမံချက် ဆွဲပါတော့သည်။
နောက်ပိုင်းတွင် တပ်မ ၇၇ ကိုပါ အင်အားဖြည့်ပါသည်။ စစ်ကောင်စီ၏ အောင်ဇေယျ စီမံချက်သည် ဧပြီလ ၇ ရက်ခန့်တွင် (ယ) ရက်အဖြစ် မော်လမြိုင်မြို့မှ စတင်ထွက်ခွာပါသည်။
အောင်ဇေယျ စစ်ကူစီမံချက်၏ စစ်ကြောင်းသည် လူလက်နက်အင်အား ကောင်းပါသည်။ ပစ်ကူပေး လက်နက်များတွင် ပုံမှန်လက်နက်များထက် ပိုသည့် တာဝေးပစ် ဒုံးလက်နက်များပင် ပါဝင်သည်။ တော်လှန်ရေး တပ်ဖွဲ့များနည်းတူ ဝေဟင်ကို နီးကပ်စွာ စိုးမိုးနိုင်ရန်အတွက် ဒရုန်းအဖွဲ့များလည်း ပါဝင်ပါသည်။
စစ်ဆင်ရေးအတွက် ထုရှိသော တင့်သံချပ်ကာယန္တယားများကိုလည်း အသုံးပြုထားသည်။ ကွပ်ကဲမှုတွင်လည်း တက်ကြွငယ်ရွယ်သည့် ရာထူးလိုအပ်ချက်ရှိသော ခေါင်းဆောင်တပ်မမှူးကို ဦးစီးခေါင်းဆောင် ပေးထားပြန်သည်။ စစ်ကူစီမံချက်၏ မူလ ရည်မှန်းချက်သည် သင်္ဃန်းညီနောင် အခြေချဗျူဟာ ဌာနချုပ်နေရာ အပါအဝင် မြဝတီမြို့တဝိုက်ကို နယ်မြေရှင်းလင်းရန် ဖြစ်၏။ သို့သော် ဘယ်အတွက်ကြောင့် စစ်ကူစီမံချက် မအောင်မြင်ပါသနည်း။
လူ၊ လက်နက်ခဲယမ်း၊ အုပ်ချုပ်ထောက်ပံ့မှုအပြင် လေကြောင်းအရေးသာမှု (တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ် အသုံးပြုနိုင်မှု) ရှိသည့်တိုင်အောင် လူအင်အားဖွဲ့စည်းမှုတွင် စစ်ရှုံးထားသည့် တပ်မများမှ လက်ကျန်လူများကို စုဖွဲ့တာဝန်ပေးထားခြင်းကြောင့် စိတ်ဓာတ်ပျက်ပြားနေခြင်း၊ တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ စစ်ဆင်ရေး၊ လုံခြုံရေးတာဝန် များပြားလာသဖြင့် လူရောစိတ်ပါ ပင်ပန်းလာပြီး စိတ်ဓာတ်ကျဆင်းနေကြခြင်းကြောင့် ဖြစ်မည်ထင်ပါသည်။
ထို့ပြင် အသိဉာဏ်နိမ့်ပါးသော စစ်ခေါင်းဆောင်၏ စစ်ဆင်ရေးအတွက် ပေးခဲ့သည့် နာမည်ကလည်း ထိုင်းနိုင်ငံအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။
သင်္ဃန်းညီနောင်ဗျူဟာအား ပြန်လည်ထိန်းချုပ်ရန်နှင့် မြဝတီဒေသ မကျရန် စစ်ကူလိုက်မည့် စီမံချက်ကို အောင်ဇေယျ စစ်ကူစီမံချက်ဟု နာမည်ပေးလိုက်သဖြင့် နှစ်နိုင်ငံအကြားတွင် အတိတ်သမိုင်း ဖြစ်ရပ်များစွာရှိသည့် ထိုင်းနိုင်ငံအတွက် မနှစ်မြို့စရာကိစ္စလို ဖြစ်သွားစေခဲ့ပါသည်။ (ထို့ကြောင့် မြဝတီမြို့အနီး တိုက်ပွဲများတွင် စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်သောအခါ ထိုင်းလေတပ်က သူ့နိုင်ငံ လေပိုင်နက်ကို မကျူးကျော်ရန် ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်)။
စစ်ကူလာသည့် အောင်ဇေယျစစ်ကြောင်း ရောက်မလာမီ ဧပြီ ၁၁ ရက်နေ့တွင် မြဝတီရှိ ခလရ ၂၇၅ တပ်ရင်း ဌာနချုပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူလိုက်သည်။ ထို့ကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယား ကမောက်ကမ ဖြစ်သွားပြီး မြဝတီကို တော်လှန်ရေးဘက်က ထိန်းချုပ်ပြီးသလောက် ဖြစ်ခဲ့သည်။
မြဝတီမြို့အား KNLA/PDF များက ထိန်းချုပ်ထားသည့် ကာလအတွင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက တော်လှန်ရေး အင်အားစုများအတွက် ရိက္ခာများစွာ ထောက်ပံ့ခဲ့သည်။ တော်လှန်ရေး ရဲဘော်များအတွက် မိုးတွင်းကာလ ရိက္ခာ မစိုးရိမ်ရတော့ပေ။
လေးရက်နှင့် (ဧပြီလ ၁၁ ရက်နေ့အရောက်) မြဝတီကို ချီတက်မည်ဟု ကြွေးကြော်ခဲ့သည့် အောင်ဇေယျ စစ်ကူစစ်ကြောင်းက ဧပြီလ ၁၁ ရက်ညပိုင်းတွင် ကော့ကရိတ်မြို့ကိုသာ ဝင်ရောက်နိုင်ခဲ့ပါသည်။
ဧပြီလ ၁၂ ရက်တွင် ကော့ကရိတ်မြို့အထွက် ကော့နွဲ့တံတားအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ခံရသဖြင့် ရပ်တန့်နေခဲ့ရပြန်သည်။ ထို့နောက် တတန်းကူး ကျေးရွာအနီးတွင် နှစ်ပတ်ခန့်ကြာသည်အထိ ရှေ့ဆက် မတိုးနိုင်ဘဲ ရပ်တန့်နေခဲ့ပြီး လေကြောင်းပစ်ကူနှင့် ဗုံးကြဲပြီးမှသာ ဒေါနတောင်ပေါ်သို့ စတင် တက်ရောက်နိုင်ခဲ့သည်။
ဧပြီလ ၂၁ ရက်နေ့က အာရှလမ်းမပေါ်၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် အောင်ဇေယျ စစ်ကူစစ်ကြောင်းက ဗိုလ်ကြီးတဦး အပါအဝင် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ကာ သံချပ်ကာယာဉ်တစီး၊ စက်သေနတ် တပ်ဆင်ထားသည့် စစ်သုံးယာဉ် နှစ်စီး၊ ပွိုင့်ဖွိုက်တလက် အပါအဝင် လက်နက်ငယ် ၁၁ လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများဘက်က သတင်းထုတ်ပြန်သည်။
မေလ ၂၃ ရက်တွင်လည်း ဒေါနတောင်ပေါ်ရှိ မွေးမြူရေး ဇုန်အနီးတွင် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဒုံးကျည် ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်က ဒဏ်ရာ အများအပြားရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးသည်။ တော်လှန်ရေး အင်အားစုများဘက်က အဆင့်ဆင့် ပိတ်ဆို့တိုက်ခိုက်နေသောကြောင့် ကြိုကြားကြိုကြား တိုက်ပွဲများ ဖြစ်နေခဲ့သည်။
အာရှလမ်းကို ချီစစ်ဗဟိုမျဉ်းသတ်မှတ်ပြီး ခရင်းခွပုံစံ လမ်း ဘယ်၊ ညာကို စစ်ကြောင်း နှစ်ကြောင်းက ရှင်းပြီး အလယ်လမ်းက စစ်ကြောင်း တကြောင်းက လမ်းအတိုင်း ချီတက်ရန် ကြိုးစားသည်။ လေကြောင်းပစ်ကူယူပြီး ရှေ့တိုးဖို့ ကြိုးစားနေသည့် အောင်ဇေယျ စစ်ကြောင်းသည် တော်လှန်ရေး အင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေသဖြင့် ရှေ့မတိုးနိုင်ဘဲ ချီစစ်ရပ်တန့်နေသည်။
ကော့ကရိတ်မှ ခလရ ၉၇ နှင့် စကခ ၁၂ ဌာနချုပ် တို့က ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြင့် ပစ်ကူပေးပြီး ရှေ့ဆက်တိုးဖို့ ပြင်နေသော်လည်း ရှေ့ကို ဆက်မတိုးနိုင်ကြောင်း တွေ့ရသည်။ ဇွန်လ ၂ ရက်နေ့တွင်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်သား ခြောက်ဦးထက်မနည်း သေဆုံးပြီး သေနတ် ခြောက်လက် သိမ်းဆည်း ရရှိခဲ့သေးသည်။
ဧပြီလ ၇ ရက်က စတင်ခဲ့ပြီး ဇွန်လ ၆ ရက်တွင် နှစ်လပြည့်သွားသည့် စစ်ကူစစ်ကြောင်းသည် ဒေါနတောင်ပေါ်ရှိ တောနော် ရေတံခွန်အကျော်ရှိ ဘုရားကုန်းနေရာမှ ရှေ့ဆက် မတိုးနိုင်ဘဲ ပိတ်မိနေခဲ့သည်။
အထူးသဖြင့် Y 12 လေယာဉ်များ အပါအဝင် လေကြောင်းတိုက်ခိုက်မှုကို ခုခံပြီး အောင်ဇေယျ စစ်ကြောင်း ရှေ့မတိုးနိုင်အောင် ပိတ်ဆို့ဖြတ်တောက်ထားသည့် KNLA/PDF ပူးပေါင်း တော်လှန်ရေး အင်အားစုများကိုလည်း ချီးကျူးရမည်ဖြစ်သည်။
စစ်ကောင်စီလော်ဘီများကတော့ သင်္ဃန်းညီနောင်နှင့် ၅ မိုင် အလိုသာ လိုတော့သည်ဟု ဝါဒဖြန့်နေကြသော်လည်း Y 12 နှင့် လေကြောင်းမှ ဗုံးမိုးရွာနေသလို ပစ်ခတ်သည့်တိုင် စစ်ကြောင်းက ရှေ့မရောက်ပါ။ ယခုဆိုလျှင် မိုးရာသီကာလ ရောက်ရှိနေပါပြီ။ ကရင်ပြည်နယ်က မိုးကောင်းပါသည်။ စစ်ကောင်စီ စစ်သားများအတွက် ငှက်ဖျားကလည်း ကြမ်းသည်။
စစ်ကောင်စီဘက်က စစ်သားများ မိုးမိပြီး ဖျားကြ နာကြ ငှက်ဖျားဖြစ်ကြမည်။ မိုးကြောင့် ရိက္ခာသယ်မရခြင်း၊ မိုးစိုပြီးပျက်စီးရခြင်း အပါအဝင် အုပ်ချုပ်ထောက်ပံ့မှု အခက်အခဲများ ဖြစ်လာနိုင်သည်။ ထို့ပြင် ရာသီဥတုအရ မြင်ကွင်း ကန့်သတ်ချက်ကြောင့် လေယာဉ်ပစ်ကူအတွက် လေကြောင်းအရေးသာမှု ကန့်သတ်ချက်များပါ ရှိလာပါသည်။
ဤအခြေအနေတွင် အောင်ဇေယျစစ်ကြောင်း အနေဖြင့် ဒေါနတောင်ကို ကျော်နိုင်မည်လားဟု မေးလာခဲ့မည်ဆိုပါက “အန်ကယ်ကတော့ နိုးပါ” လို့သာ ဆိုရပါမည်။ ဒေါနကို မကျော်နိုင်ပါက မည်သို့ ဆက်ဖြစ်နိုင်သလဲဆိုသည်ကို တွေးကြည့်မိပါသည်။
နံပါတ် ၁ အနေဖြင့် လက်ရှိနေရာတွင် ခံစစ်ပြင်ပြီး တော်လှန်ရေး အင်အားစုများနှင့် ရင်ဆိုင်ထားမည်၊ လူ၊ လက်နက်၊ ရိက္ခာအင်အား ဖြည့်တင်းမည်။
နံပါတ်၂ မှာ ကော့ကရိတ်က စကခ ၁၂ ထဲ ပြန်ဝင်ပြီး စုဖွဲ့မှုပြန်လုပ်ကာ အခြေအနေပေါ် မူတည်၍ ထိုးစစ်ပြန်ဆင်နိုင်သည်။
နံပါတ် ၃ မှာ နောက်ပြန်ဆုတ်ကာ အခြားလမ်းကြောင်းတခု အသုံးပြုပြီး ထိုးစစ်ဆင်နိုင်သည်။
ဖော်ပြပါ အစီအမံ သုံးခုအနက် တခုခု ဖြစ်နိုင်မည် ထင်ပါသည်။
အောင်ဇေယျ စစ်ကြောင်းသည် စထွက်လာချိန်တွင် အင်အား ၅၀၀ ကျော် ပါဝင်ပြီး နောက်ပိုင်း တပ်မ ၇၇ ကို ထပ်ဖြည့်လိုက်သည့်အခါ အင်အား ၁,၀၀၀ ကျော်သွားသည်ဟုလည်း ဆိုကြသည်။ ကော့ကရိတ်မှ ထွက်သည့် အချိန်မှ ယနေ့အထိ သေဆုံးသူများနေပြီး တချို့ကို ပျောက်ဆုံးစာရင်း တင်သည်ဟုလည်း အောင်ဇေယျ စစ်ကြောင်းမှ အလင်းဝင်လာသည့် စစ်သားများထံက သိရှိရသည်။
စိတ်ဓာတ်ပိုင်းအရ အထက်ကလည်း လက်အောက်ကို မယုံ၊ လက်အောက်ကလည်း အထက်ကို မယုံခြင်းများကြောင့် ရှေ့ဆက်ဖို့ ပိုခက်မည် ထင်ပါသည်။
အင်တာနက် လူမှုကွန်ရက်များတွင် ခေတ်စားနေသည့် video click လေးကို သွားသတိရမိပါသည်။
မြဝတီကိုသွားမည့် “မောင်လေး အောင်ဇေယျ ပျောက်နေလို့ပါ” ဆိုသည့် ဟာသလေးဖြစ်ပါသည်။
“မပျောက်ပါဘူး မမရယ် … တောနော် နားမှာ လမ်းပျောက်နေလို့ပါ” ဟုသာ အော်ပြီး အဖြေပေးလိုက် ချင်မိပါသည်။
Source: ဧရာဝတီ
Link: https://burma.irrawaddy.com