လုပ်ကြံရန် ကြံစည်မှုကို တားဆီးပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီသည် လူထုပုန်ကန်မှုကို ထိန်းချုပ်ရန် ကြိုးစားနေရကြောင်း ရန်ကုန်တိုင်းမှ အရာရှိများနှင့် ဇွန်လ ၁၀ ရက်နေ့က တွေ့ဆုံစဉ် ဝန်ခံသည်။တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကောင်စီတပ်များကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး နိုင်ငံမှ ဒေသအချို့တွင် တိုက်ပွဲများဖြစ်နေကြောင်း မင်းအောင်လှိုင်က ပြောသည်။
သူ၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လေးလအကြာတွင် အခြေအနေကို ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ တရုတ်နိုင်ငံပိုင် Phoenix မီဒီယာက မေးသောအခါ “၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီလို့တော့ ပြောလို့ မရဘူး။ တချို့နေရာတွေမှာ ပုန်ကန်မှုတွေရှိတယ်” ဟု ပြောသည်။
ထို့နောက်တွင် နိုင်ငံကို လုံးဝ ထိန်းချုပ်ရမည့်အစား ၎င်း၏စစ်ကောင်စီသည် မြို့နယ် ဒါဇင်ပေါင်းများစွာ၊ အထူးသဖြင့် တိုင်းရင်းသားဒေသများ ဖြစ်သော ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်မှ မြိုနယ်များကို ထိန်းချုပ်မှု ဆုံးရှုံးသည်။
အခြားမြို့ အများအပြားတွင်လည်း စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများက တိုက်ခိုက်သောကြောင့် အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားသည်။ မြို့နယ် ဒါဇင်ပေါင်းများစွာတွင် စစ်အုပ်ချုပ်ရေး ကြေညာထားရသည်။
ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မင်းအောင်လှိုင်၏ အကြံပေး ဒုဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီ ဝန်ကြီးများနှင့် စစ်ရုံးမှ အဆင့်မြင့်အရာရှိများလည်း တက်သည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက စစ်ကောင်စီတပ်များကို အလစ်အငိုက် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ရန်ကုန်တွင် အကြမ်းဖက်သမားများကို ဂရုစိုက်ရန် မင်းအောင်လှိုင်က သူ့လူများကို ပြောသည်။ စီးပွားရေးမြို့တော် ရန်ကုန်နှင့် ပတ်ဝန်းကျင်တွင် အကြမ်းဖက်သမားများ ခိုအောင်းသည့် နေရာများကို ရှင်းလင်းရန် အာဏာပိုင်များကို တိုက်တွန်းသည်။
ရန်ကုန်နှင့် သံလျင်ကို ဆက်သွယ်သည့် တတိယမြောက် ပဲခူးမြစ်ကူးတံတား ဖွင့်ပွဲသို့ တက်ရောက်စဉ် ပြီးခဲ့သည့် စနေနေ့တွင် မင်းအောင်လှိုင်ကို စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့တဖွဲ့က တိုက်ခိုက်ရန် ကြံစည်သည်ဟု သတင်းဖော်ပြသည်။
ထိုအဖွဲ့ကို တနင်္လာနေ့တွင် ရှော့တိုက်ဒုံးများဖြင့် ဖမ်းမိသည်ဟု စစ်ကောင်စီ မီဒီယာများက ဖော်ပြသည်။ ထို တိုက်ခိုက်မှု မအောင်မြင်သော်လည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ရန်ကုန်တွင်ပင် ခြိမ်းခြောက်မှု ခံနေရကြောင်း ပြသနေသည်။