မေလဆန်းပိုင်းက စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲနယ်မြေတစ်ခုဖြစ်သည့် ရေဦးမြို့နယ်တွင် အသက် ၂၇ နှစ် အရွယ် ကိုကျော်ဇင်ခန့်နှင့် ဒေသခံ လူငယ် ၂၀ ကျော်သည် ပိတ်ထားသည့် သုံးထပ်စာသင်ကျောင်း တစ်ကျောင်းတွင် ချုပ်နှောင်ခံထားရသည်။
အသက် ၁၈နှင့် ၃၅ ကြား စစ်မှုထမ်းရမည်ဟူသော စစ်ကောင်စီ၏ သတ်မှတ်ချက်အရ ထိုလူငယ် တို့ကို စစ်ကောင်စီတပ်သားများ၊ ၎င်းတို့ လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များက ရေဦးမြို့ပေါ် ရပ်ကွက်များအထိ ဝင်ရောက် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုလူငယ်များကို စုစည်း၍ မတ် ၉ ရက်တွင် ရေဦးမြို့ရဲစခန်းအနီးရှိ အမှတ်(၁)အထက်တန်း ကျောင်းဆောင် အလယ်ထပ်တွင်ထားရှိပြီး ကျောင်းမြေညီထပ်နှင့် တတိယထပ်တွင် ရဲနှင့် သက်ကြီး ပိုင်း ပျူစောထီးများ နေထိုင်ကြသည်ဟု သိရသည်။
ရေဦးမြို့ပေါ်မှ လူငယ်များကို တန်းစီခိုင်းကာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ရွှေဘိုမြို့ရှိ စစ်သင်တန်းကျောင်းတွင် တက်ရမည်ဖြစ်ကြောင်း ရဲများက ပြောခဲ့သည်ဟု ဆိုသည်။
စစ်သားအဖြစ် စုဆောင်းခံရသူများမှာ နံနက် ၆ နာရီတွင် အိပ်ယာထတန်းစီ၊ ၉ နာရီတွင် ဧည့်သည် တွေ့ခွင့်ပေးကာ နံနက် ၁၁ နာရီထိ ကျောင်းဝင်းထဲတွင် လွတ်လွတ်လပ်လပ်နေခွင့်ရပြီး ထိုနောက်ပိုင်း တွင် ကျောင်းပေါ် ပြန်တက်ရကြောင်း သိရသည်။
အဆိုပါကျောင်းဝင်းထဲတွင် ရဲခြောက်ဦးခန့်နှင့် ပျူစောထီး ခြောက်ဦးခန့်သာရှိသဖြင့် လူအင်အား နည်းသည်ကို အခွင့်ကောင်းယူကာ စရောက်သည့်နေ့ (မေ ၉ ရက်) နေ့ခင်းအချိန်တွင် လူငယ်သုံးဦးက ကျောင်းတံတိုင်းများ ကျော်ကာ ပထမဆုံး ထွက်ပြေးသွားကြသည်။
နောက်တစ်နေ့ နံနက်အစောတွင် နောက်ထပ် လူငယ် ၈ ဦး ထွက်ပြေးခဲ့ကြသဖြင့် ပျူစောထီး ၆ ဦး အင်အားထပ်တိုးကာ စုစုပေါင်းအင်အား၁၈ဦးဖြင့် ကိုကျော်ဇင်ခန့်အပါ ကျန်လူငယ်များကို အခန်းတံခါး၊ အဆောက်အအုံတံခါးများ သော့ခတ်ကာ အကျယ်ချုပ်ဖြင့် ထားလိုက်သည်။
လူငယ်များ ကျောင်းအောက် ဆင်းခွင့်မရတော့ဘဲ ကျောင်းပေါ်မှာပင် သော့ခတ်ခံလိုက်ရသဖြင့် ထွက်ပြေးရန် ပိုအခက်တွေ့သွားသည်။ ဧည့်တွေ့ခွင့်ပင် မပေးတော့ပေ။လွတ်မြောက်ရန်အတွက် ၎င်းတို့ စတင်တွေးကြံသည်မှာ စာသင်ကျောင်း ဝရန်တာများကို ကာထားသည့် သံဆန်ခါများကို ဖွင့်ကာ ပုဆိုးများဆက်ပြီး အောက်သို့ ဆင်းခြင်းဖြစ်ကြောင်း ကိုကျော်ဇင်ခန့်က ဆိုသည်။
“ပထမကတော့ အထက်ကနေ ပုဆိုးကွင်းသိုင်းပြီး ဆင်းမလို့၊ အခြားသူတွေလည်း လိုက်ချင်တယ် ဆိုတော့ နေပါဦးကွာ ငါကြံပါဦးမယ်ဆိုပြီး အဲလိုလုပ်တာ၊ အလယ်ထပ်က သံဆန်ခါကိုမှ တံခါးပတ္တာ ခွာပြီးဆင်းမလို့၊ လိုက်ချင်တဲ့သူများတော့ ချော်ကျသွားရင် မလွယ်ဘူး၊ ငါတို့ သတ်ခံရမှာနော် ဆိုပြီး ပြောတာ့ သော့က အဲလူကြီး (ပျူစောထီး) ဆီမှာ ရှိတယ်၊ ရအောင် ခိုးမယ် ဆိုပြီး”သုံးထပ်ရှိသည့် ကျောင်းဆောင်တွင် အတက်အဆင်းနှစ်ပေါက်ရှိသည့်အနက် တစ်ပေါက်ကို အသေပိတ်ထားသည်။ တစ်ပေါက်ကိုတော့သော့ဖြင့် အဖွင့်အပိတ်ပြုလုပ်သဖြင့် ဖမ်းဆီးခံထားရသည့် လူငယ်များမှာ အောက်ထပ်သို့ ဆင်းမရသော်လည်း ပျူစောထီးများနေထိုင်ရာ တတိယထပ်သို့ အလွယ်တကူ တက်ရောက်နိုင်သည်။အောက်ထပ်သို့ဆင်းရန် လိုအပ်သည့်သော့ မည်သည့်ပျူစောထီးထံတွင်ရှိသနည်း ဆိုသည့် ကိစ္စကို ကိုကျော်ဇင်ခန့်တစ်ယောက် မမျှော်လင့်ဘဲ သိရှိခဲ့ခြင်းဖြစ်သည်။ ဧည်တွေ့ချိန်တွင် နေ့စဉ်လာတွေ့သည့် ကိုကျော်ဇင်သန့်မိခင်တစ်ယောက် ပျူစောထီးများက တွေ့ခွင့်မပေးချိန် သားဇော ဖြင့် စိတ်ပူပန်ကာ ကျောင်းရှေ့မှာပင် သတိမေ့မူးလဲကျခဲ့သည်။ ထိုအခိုက်အတန့်တွင် မည်သူ့ထံတွင် သော့ရှိသည်ဆိုသည်ကို သိရှိခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
“လူတစ်ယောက်(ပျူစောထီးအစောင့်)က လာပြောတာဘယ်သူ့အမေလည်းမသိဘူး၊ မူးလဲနေတာ ဆိုတော့၊ (ကျွန်တော့ကိုခေါ်သွားပြီး) ဘိုးတော်ကြီးက တံခါးလာဖွင့်ပေးတာ သူသော့ကိုင်တာပဲ ဆိုပြီး နောက်ရက် ခိုးတာပဲ” အပေါ်ထပ်တွင် ပျူစောထီး ၅ ဦးခန့်ရှိကာ ညစဉ် အရက်သောက်လေ့ရှိသည်ကို သိရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။ ကိုကျော်ဇင်ခန့် အပါအဝင် လူငယ် ၈ ဦးသည် မေ ၁၄ ရက် နံနက်စောစာတွင် တံခါးစောင့်သည့် ပျူစောထီးအစောင့် အိပ်ပျော်နေသည်ကို သတိထားမိခဲ့သည်။ အရက်မူးပြီး အိပ်ပျော်နေသည့် ပျူစောထီး (ပြည်သူ့စစ်) တစ်ဦးအနီးသို့ ခြေသံဖွဖွဖြင့် ကပ်သွားသည်။ ထိုသူ့ဆီတွင် အခန်းတံခါးသော့ကို တွေ့သော်လည်း ခန္ဓာကိုယ်ဖြင့် ဖိထားသလိုဖြစ်နေသဖြင့် ယူရန် အလွယ်တကူ အခွင့်မသာ။ ထို့နောက် တစ်နာရီခြားတစ်ခါ သုံးကြိမ်တိုင်တိုင် ကြိုးစားသည့်အခါတွင် အခန်းသော့ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့သည်။
“ကုန်းကုန်းလေးတက်သွားရတာ၊ တကယ်လို့ မိသွားရင် အောက်ကအိမ်သာမှာ လူရှိလို့ အပေါ်အိမ်သာ တက်တာဆိုပြီး ပြောရအောင် (ဒုတိယထပ်) အိမ်သာထဲလည်း လူထည့်ထားရတာ” ဟု ဆိုသည်။
သော့ရပြီးသည်နှင့်တစ်ပြိုင်နက် ဒုတိယအထပ်တံခါးကို ဖွင့်ရန် ကြိုးစားသည်၊ သော့ပွင့်သွားသော်လည်း သော့ သံကြိုးနှင့် သံပန်းတံခါး ရိုက်ခတ်သံ ကျယ်လောင်သဖြင့် အစောင့်တွေများ နိုးသွားမလားဆိုပြီး စိုးရိမ်စိတ်ဝင်သွားသည်။ အောက်ထပ်မှ ခြေသံတချို့ ကြားရသည်နှင့် ချက်ချင်းပင် အခန်းပြန်ပြေးသည်၊ သော့ လက်ဝယ်မိပါက အမှုပိုကြီးမည်စိုးသဖြင့် လွှင့်ပစ်လိုက်ကြသည်။
သို့သော် အစောင့်က ပျူစောထီးများက အပေါ်ထိတက်လာဟန်မတူ၊ ကိုကျော်ဇင်ခန့်တို့ အဖွဲ့လိုက် ညမအိပ်ဘဲ စောင့်နေသည်။ ကျန်မာရေးမကောင်းသဖြင့် လျင်လျင်မြန်မြန် မပြေးနိုင်၍ ကျန်နေခဲ့ရန် ဆုံးဖြတ်သူ ၃ ဦးမှလွဲ၍ ကျန် ၁၈ ဦးစလုံး အကုန်ပြေးကြမည်ဖြစ်သည်။
နံနက် ၅ နာရီခန့်တွင် နောက်တစ်ကြိမ် တံခါးဆီသို့ သွားကြည့်သည်။ သော့က မူလအတိုင်း ပွင့်နေဆဲ ဖြစ်သဖြင့် အသာအယာ ဆင်းလာကြသည်။
အောက်ထပ်တွင် နေထိုင်သည့်ရဲများသည် အိပ်နေကြသေးဟန်တူသည်။ ကင်းစောင့်နေသည့် ပျူစောထီး ၂ ဦးသာရှိသောကြောင့် ကျောင်းဆောင်များကို ကွယ်ကာတံတိုင်းကို ကျော်၍ထွက်ပြေး ကြတော့သည်။
“ဘိုးတော်ကြီး နှစ်ယောက်ကတော့ နိုးပြီး ဘုရားစာရွတ်ပြီး ဟိုဘက်ဒီဘက်လမ်းလျှောက်နေတာ။ ဟိုဘက်ထိပ် ရောက်တဲ့အချိန် ကျောင်းကွယ်ပြီး ပြေးလာတာ။ ဘိုးတော်ကြီးဖြစ်လို့ မမြင်ချင် ယောင်ဆောင်တာလား မသိဘူး၊ ရဲတွေကတော့ အိပ်နေတုန်း”
ကျောင်းနံရံ ကျော်ကာ လမ်းကြားထဲ ရောက်ရောက်ချင်းပင် ဒုက္ခထပ်ကြုံရသည်။ အရပ်ဝတ်ဖြင့် လူတစ်ဦးက တားကာ ရဲများကို ဖုန်းဆက်မည်ဟု ခြိမ်းခြောက်ပြန်ဝင်ခိုင်းသဖြင့် ဖုန်းမဆက်ရန် တောင်းပန်ပြီး နံရံများကျော်၍ ပြန်ဝင်ခဲ့ရသည်ဟု အသက် ၂၆ နှစ်အရွယ် ကိုဝေယံနိုင်က ထိုစဉ်က အတွေ့အကြုံကို ပြောသည်။
“ကျွန်တော်တို့နဲ့ ပက်ပင်းတိုးတာ…ဟေ့ကောင်တွေ ဘာလုပ်တာလဲဆိုပြီး ပြန်ဝင်ခိုင်းတာ။ ကျွန်တော်တို့လည်း ပြန်ဝင်ပြီး အခြားဘက်က ကျောင်းကွယ်ပြီး ပြန်ပြေးလာတာ၊ ကျောင်းအနားမှာ ဘဏ်ရုံးရှိတယ်လေ၊ ဘဏ်ရုံးစောင့်တဲ့ ကင်းသမားဖြစ်နိုင်တယ်၊ ဘာမှတော့မပါဘူး၊ မုန့်ဝယ် ထွက်လာတာ ထင်တာပါပဲ” ဟု ဆိုသည်။
လူနေရပ်ကွက်များထဲမှတစ်ဆင့် ပုန်းကွယ်ထွက်ပြေးလွတ်မြောက်ခဲ့သူ ၈ ဦးသာရှိသဖြင့် ကျန်လူများမှာ ပြန်လည် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း လွတ်မြောက်လာသည့် ၈ ဦးအဖွဲ့က ယူဆသည်။
ယင်းမတိုင်မီရက်များက လူငယ် ၁၁ ဦးကလည်း နှစ်သုတ်ခွဲ၍ ထွက်ပြေးလွတ်မြောက်ထားပြီးဖြစ်ရာ စုစုပေါင်း ၁၉ ဦး လွတ်မြောက်ခဲ့ကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လက်နက်ကိုင်ပုန်ကန်သဖြင့် တတိတိ အင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည့် စစ်တပ်သည် စစ်သားစုဆောင်းရေးကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း ဆုံးရှုံးအင်အား ပြန်မဖြည့်နိုင်ချေ။
ယမန်နှစ်ကုန်ခန့်တွင် တိုင်းရင်းသားတော်လှန်ရေးတပ်များ၏ ထိုးစစ်များစတင်ချိန်တွင် ခုခံတိုက်ခိုက် နိုင်စွမ်း မရှိတော့ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်မြောက်ပိုင်း၊ ကချင်နှင့် ကရင် နယ်စပ်ဒေသများရှိ အရေးပါသည့် စခန်းများ၊ မြို့များကို ၆ လကျော်အတွင်း လက်လွတ်ဆုံးရှုံးသွားသည်။
ထိုအချိန်တွင် လက်ကျန်ဒေသများကို ဆက်ဆက်ခုခံနိုင်ရေးနှင့် ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်နိုင်ရေး ဧပြီ ၁၀ တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ နိုင်ငံအနှံ့မှ လူငယ်များကို အတင်းအကျပ်ဖမ်းဆီး၍ စစ်သင်တန်းများထံ ပို့ဆောင်ခဲ့သည်။
မိမိသဘောနှင့်မိမိ စစ်မှုထမ်းရန် စာရင်းပေးသူများဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ပုံများဖြင့် ဝေဝေဆာဆာဖော်ပြနေသော်လည်း အများစုမှာ စိတ်ဆန္ဒမပါဘဲ အတင်းအကျပ် ခေါ်ဆောင် ခံရသူများ ဖြစ်သည်။
စစ်ကောင်စီသည် စစ်သင်တန်းတက်ရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ မဲနှိုက်ရွေးချယ်ပေးထား သူများ ရှောင်တိမ်းနေကြသဖြင့် လူငယ်များကို အတင်းအကျပ်ဖမ်းဆီးကာ စစ်သင်တန်းတက်ခိုင်း နေ သည်။
မိမိဒေသရပ်ရွာလုံခြုံရေးဟု ဆိုကာသင်တန်းခေါ်ယူခြင်း၊ သင်တန်းခေါ်ရာတွင် ဆင့်ခေါ်စာပေးပို့ ခေါ်ယူ မည်ဟု သတ်မှတ်ထားချက်ကို ဖောက်ဖျက်၍ တွေ့ရာလူ စစ်သားစုဆောင်းနေခြင်းများကြောင့် အပြောနှင့်လက်တွေ့ ကွာခြားနေသဖြင့် လူငယ်အများစုမှာ တိမ်းရှောင်နေကြသည်။
အိမ်ကို ချိပ်ပိတ်မှာ
အမှန်စင်စစ် ရေဦးသား ကိုကျော်ဇင်ခန့်မှာ စစ်မှုထမ်းရန် မဲပေါက်ခဲ့သူမဟုတ်ပေ။ သူ၏နေအိမ်တွင် လာရောက် အိပ်နေသည့် စစ်မှုထမ်းရန် မဲပေါက်ထားသော သူငယ်ချင်းဖြစ်သူ ရှိုင်းထက်ဆိုသူကို ရဲများ လာရောက်ရှာဖွေစဉ် သူပါ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
“ရှာတာက ရှိုင်းထက်ကို ရှာတာ…စစ်မှုထမ်းထဲပါတာ။ အိမ်မှာ အိပ်တဲ့အချိန်မှာ သူ့ လာရှာတာ။ ကျွန်တော်က မူးပြီး အိပ်နေတာ၊ မင်းပါ လိုက်ခဲ့ ဓာတ်ပုံရိုက်ရမယ်ဆိုပြီး ခေါ်သွားတာ” ဟု ဆိုသည်။
ထိုနေ့ညက သူတို့နှစ်ဦးအပြင် အခြားရပ်ကွက်များမှ လူငယ် ၁၀ ဦးကျော် ဖမ်းဆီးခံရပြီး ၎င်းတို့ကို ရဲနှင့် ပျူစောထီးများ တပ်စွဲထားသည့် ရေဦးမြို့အထက်တန်းကျောင်းသို့ ခေါ်ဆောင်သွားကြသည်။
ထိုညက ရေဦးမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် အသက် ၂၉ နှစ်အရွယ် ကိုလောပန်းကလည်း စစ်မှုထမ်း စာရင်းတွင် မပါသော်လည်း အိမ်သို့ လာရောက် ခေါ်ဆောင်ခံခဲ့ရကြောင်း ဆိုသည်။
“မင်းခဏ လိုက်ခဲ့၊ မနက် ၉ နာရီထိုးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ခေါ်သွားတာ၊ သွေးစစ်မလို့ ဆိုပြီး ခေါ်သွားတာ” ဟု ထိုသူက ပြောသည်။
သူသည်လည်း လွတ်မြောက်ခဲ့သည့် ကိုကျော်ဇင်ခန့်တို့ လူအုပ်စုထဲတွင် ပါဝင်သူလည်း ဖြစ်သည်။
ထိုလူငယ် ၈ ဦးမှာ စစ်သားဖြစ်ရမည့်ဘေးမှ လွတ်မြောက်လာသော်လည်း မိသားစုဝင်များနှင့် နေအိမ်များ ချိပ်ပိတ်ခံရမည့် အန္တရာယ်ကြုံတွေ့နေရသည်။
“ကျွန်တော့်အမျိုးသမီးကို ဖမ်းထားတာ၊ ဒီနေ့ (မေ ၁၅) နေ့လယ်မှ အဆက်အသွယ်ရတာ။ နှစ်ရက် သုံးရက်လောက်နေရင် အိမ်ကို ချိပ်ပိတ်မှာ ပြောတာ” ဟု ကိုကျော်ဇင်ခန့်က မေ ၁၅ ရက်က ဆိုသည်။
ထိုသူများသည် လက်ရှိတွင် အမည်စာရင်းနှင့် နေရပ်စာရင်းအတိအကျ စစ်ကောင်စီလက်ထဲ ရှိနေ သဖြင့် နေရပ်မပြန်ဝံ့ကြဘဲ တိမ်းရှောင်နေကြရသည်။
ရေဦးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ အောင်ဆန်း၊ ဗိုလ်အောင်ဇေယျတို့မှ အမျိုးသားဆယ်ချီကို စစ်မှုထမ်းရန်ဟုဆိုကာ ဧပြီ ၂၉ ရက်မှ မေ ၇ ရက်အထိ ဖမ်းဆီးခဲ့ကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံက မေလ ဒုတိယပတ်က Myanmar Now ကို ပြောထားသည်။
ရေဦးအခြေစိုက် ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၁၄ က ရေဦးတိုင်းရင်း ဆေးရုံ အခြေစိုက် စစ်တပ်က လူငယ်လူရွယ်များကို စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ ကြောင်း မေ ၁ ရက်က ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အားကောင်းသည့်ဒေသဖြစ်သော ရေဦးမြို့တွင် မြို့အထွက် ဂိတ်ကြေး ကောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေ ၁ ရက်နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထိုတပ်ရင်းက ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် စစ်မှုထမ်းဥပဒေဖြင့် ဆုံးရှုံးပြီးနယ်မြေများကို ပြန်သိမ်းယူမည်ဟု ယခုနှစ် မတ်လက ကြုံးဝါးထားသလို စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများကလည်း အတင်းအကျပ် စစ်သားစုရေးကို အသည်းအသန်ပြုလုပ်နေသည်။
ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းပြီးနောက် သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလအတွင်းတွင် စစ်မှုထမ်းရန်အတွက် လူသစ် စစုမည်ဟု ကြေညာထားသော်လည်း အပတ်စဉ် (၁) စစ်သင်တန်းကို သင်္ကြန်မတိုင်မီ ဧပြီ ၈ ရက်တွင် စတင်ခဲ့သည်။
လူငယ်များကို ဦးတည်၍ တိုင်းပြည်ပြည်ပထွက်ခွင့်ကိုလည်း တင်းကျပ်ခဲ့ပြီး ရက်ပိုင်းအတွင်း မေ ၁၅ ရက်နေ့တွင် စစ်သင်တန်း အပတ်စဉ် (၂) စတင်ခဲ့သည်။
စစ်ကောင်စီက သင်တန်းအပတ်စဉ်တစ်ခုလျှင် အရပ်သား ငါးထောင်ကို စစ်သင်တန်းပေးမည်ဟု ကြိုတင်ကြေညာထားရာ တစ်လကျော်အတွင်း အရပ်သားတစ်သောင်းခန့်ကို စစ်ပွဲထဲ လွှတ်ရန်ပြင်ဆင် နေခြင်းဖြစ်သည်။
ထို့ကြောင့် အရွယ်ကောင်းအမျိုးသား မြန်မာလူငယ်များသည် စစ်အာဏာရှင်လက်ထက်တွင် ကိုယ်ပိုင် ဆန္ဒမပါဘဲ အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းခံရသည့်ဘေးမှ ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားနေရသည်။
Source : Myanmar now
Link : https://myanmar-now.org/mm/news/52532/