စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ မတ်လဆန်းက မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက မြို့ကို ပြန်လည်ထိန်းချုပ်ကာ ထင်တိုင်းကျဲ မီးရှို့ဖျက်ဆီးသလို ကနီမြို့ အနီးဝန်းကျင် ရွာတွေကိုပါ မီးရှို့ဖျက်ဆီး တာကြောင့် အိမ်ခြေ(၂၇၀) မီးလောင်ပြာကျသွားပါတယ်။ကနီမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေချိန် စစ်အုပ်စုက ကနီမြို့နဲ့ အနီးဝန်းကျင်ရွာတွေကို လေကြောင်းဗုံးကြဲလို့ နေအိမ်တချို့ မီးလောင်ပျက်စီးသလို တိုက်ပွဲတွေငြိမ်သွားပြီးနောက်မှာလည်း စစ်အုပ်စုက ဆက်လက် စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေလို့ အိမ်ခြေရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ရတယ်။ကနီမြို့မှာ တိုက်ပွဲတွေ မရှိတော့တာ နှစ်လကျော်ကြာပြီ ဖြစ်ပေမယ့် စစ်အုပ်စုက မြို့ကိုစီးနင်းကာ ဆက်လက်မီးရှို့ဖျက်ဆီးနေဆဲဖြစ်သလို တွေ့သမျှလူကိုရန်ပြု သတ်ဖြတ်နေလို့ ထောင်နဲ့ချီတဲ့ပြည်သူတွေ ကိုယ့်အိမ်ကိုယ် ပြန်မနေရဲဘဲ ဆက်လက် စစ်ပြေးနေရတယ်။ စစ်ရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူက အနည်းဆုံး (၃၀၀၀)ကျော် ရှိနေတယ်။ ပြီးတော့ ကနီမြို့သိမ်း တိုက်ပွဲအလွန်မှာ ကနီမြို့ အနီးဝန်းကျင်က ကျေးရွာလေးရွာရှိတယ်။ အဲဒီကျေးရွာတွေက အိမ်ခြေ (၂၇၀)ဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့တာကို ခံလိုက်ရတော့ မီးဘေးသင့် ပြည်သူ (၁၀၀၀)ကျော် ရှိနေတယ်။ ထိုစစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေတယ်။စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ကနီမြို့တောင်ဘက်မှာရှိတဲ့ ရွာလေးရွာနဲ့ကနီမြို့ပေါ်က ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ လည်း မတ်လဆန်းကနေ ဒီနေ့အထိ စစ်ပြေးနေရတယ်။လက်ရှိမှာလဲ ကနီမြို့ပေါ်မှာ စစ်ကောင်စီနဲ့ သူတို့ကို ထောက်ခံတဲ့ သူတွေက မြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ တချို့အိမ်တွေမှာဆိုရင် ကောင်းတဲ့ အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို တစစီဖြုတ်ပြီး ခိုးယူနေကြတယ်။ နောက်ပြီး အိမ်ထဲမှာ ဆိုင်ထဲမှာ ရှိနေတဲ့ စားနပ်ရိက္ခာတွေ သူတို့လိုချင်တာတွေ ခိုးယူနေကြတယ်။ကနီမြို့ဟာ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက် ရှိပြီး စစ်အုပ်စုဟာ လေကြောင်း ဗုံးကြဲဖျက်ဆီးတာနဲ့ နေအိမ်တွေကို ဖောက်ထွင်းလုယက် မီးရှို့ ဖျက်ဆီးတာကြောင့် မြို့ကတော့ ပျက်စီးသွားပါပြီ။