Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရုပ်ရှင်ဆန်သည့် မြဝတီမြို့သိမ်းတိုက်ပွဲနှင့် KNU ၏ ဆုတ်ခွာမှု

မြဝတီမြို့ရှိ စစ်ကောင်စီ၏ စခန်းအားလုံးကျသွားချိန် မည်သို့ ဆက်ဖြစ်လာမည်ကို စောင့်ကြည့်နေကြချိန်တွင် နယ်ခြားစောင့်တပ်ကြောင့် ထင်မှတ်မထားသည့် အပြောင်းအလဲ ပေါ်ပေါက်လာသည်။

April 27, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ဧပြီလထဲတွင် တော်လှန်ရေးအင်အားစုက ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ တပ်စခန်းအားလုံးကို သိမ်းပိုက် လိုက်ခြင်းကြောင့် မြို့ကို ထိန်းချုပ်တော့မည်လောဟု အများကစောင့်ကြည့်နေစဉ်မှာပင် မြို့စောင့် တပ်ဟုဆိုနိုင်သည့် အမှတ်(၂၇၅) ခြေလျင် တပ်ရင်းစခန်း စစ်ကောင်စီတပ်လက်အောက် အေးအေးဆေးဆေး ပြန်ရောက်သွားသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ကြရသည်။

ဧပြီလပထမပတ်ကတည်းက သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့်အတူ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်က နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီရှိ စခန်းအားလုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်သည်။

ပူးပေါင်းတပ်က စစ်ကောင်စီတပ်ကူများ ရောက်မလာနိုင်ရန် ကော့ကရိတ်မြို့အထွက်မှစ၍ သင်္ဃန်းညီနောင်အထိ ၁၈ မိုင်ခန့် အကွာအဝေးကို ကြိုတင်ထိန်းချုပ်ထားခဲ့ပြီးဖြစ်သည်။

ထို့နောက် အဆိုပါ မြို့စောင့်တပ်ကို ပိတ်ဆို့တိုက်ခိုက်ရာ ခလရ (၂၇၅) တပ်ဖွဲ့ဝင်များ၊ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖွဲ့ဝင်များ နှင့် တပ်မ (၄၄) လက်အောက်ခံတပ်ဖွဲ့ဝင်များ ပါဝင်သော အင်အား ၂၀၀ ခန့်သည် မြဝတီမြို့မြောက်ဘက်ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားအဝင်ရှိ ကုန်တင်ယာဉ်ရပ်နားဝင်းသို့ ဆုတ်ခွာထွက်ပြေးသွားကြသည်။

ထို့နောက် ပူးပေါင်းအဖွဲ့က ထိုစခန်းကို လျင်လျင်မြန်မြန် သိမ်းပိုက်လိုက်ကြပြီး ဧပြီ ၁၅ ရက်တွင် ကရင်အမျိုးသားအလံကို လွှင့်ထူလိုက်ကြသည်။

ထိုဖြစ်ရပ်သည် ကရင် (မြန်မာ)-ထိုင်းနယ်စပ်တွင် အံအားသင့်ဖွယ်ရာ အခိုက်အတန့်ဖြစ်ပြီး ထိုင်းအခြေစိုက်သတင်းဌာန The Reporter ၏ သတင်းဓာတ်ပုံများတွင် စစ်တပ်စခန်းအတွင်း သိမ်းဆည်းရှင်းလင်းနေပုံများ၊ ပျက်စီးနေသော စစ်တပ်သုံးမော်တော်ယာဉ်များ၊ လက်နက်တိုက်၊ တပ်ရင်းရုံးတို့ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။

KNA တစ်ဖြစ်လဲ BGF အကူအညီ

စခန်းပိတ်ဆို့ဝိုင်းခံနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလုံခြုံစွာဆုတ်ခွာနိုင်ရန် ကရင်နယ်ခြားစောင့်တပ် (BGF) မှ အမည်ပြောင်းထားသော ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) က ကူညီခဲ့သည်ဆိုသော အတည်မပြုနိုင်သော သတင်းစကားများ ကြားရသည်။

အမှတ် (၂) တံတားအဝင် ကုန်တင်ယာဉ်ရပ်နားဝင်းအတွင်း ကတုတ်ကျင်းများ တူးကာ ခံစစ်ပြင်ကြသည့် ထိုသူတို့အတွက် BGF က စားနပ်ရိက္ခာများကူညီသည်ဟု အများက ယူဆကြသည်။

ဧပြီ ၁၉ ရက်တွင် ပူးပေါင်းတပ်များက ထိုသူတို့ကို သွားရောက်တိုက်ခိုက်ရာ ၎င်းတို့က လက်နက်များဖြင့် ပြန်ခုခံသလို လေတပ်ကလည်း လေကြောင်းပစ်ကူပေးခဲ့သည်။

မီးခိုးလုံးများ၊ လူအများ သောင်ရင်းမြစ်ကို ဖြတ်ကာ ထွက်ပြေးနေမှုများ၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ၏ အနီးကပ်ပစ်ခတ်မှုများသည် နှစ်နိုင်ငံနယ်စပ်အနီး ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့၍ ထိုင်းစစ်တပ်ကလည်း အသင့်အနေအထားဖြင့် စောင့်ကြည့်ခဲ့သည်။

တိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးသူ ၇ ဦး မှ ၉ ဦးအထိရှိပြီး စစ်ဘေးရှောင် ၃၀၀၀ ခန့်သည် ထိုင်းနိုင်ငံမဲဆောက် မြို့ဘက် သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထွက်ပြေးခဲ့ကြရသည်။ အလားတူ အမှတ် (၂) တံတားနှင့် နီးသည့် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်တွင် နေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။

ကုန်သွယ်ရေးမြို့ မြဝတီသည် ထိုင်းစီးပွားရေးသမား၊ ထိုင်းအစိုးရအတွက်လည်း လွန်စွာအရေးပါသည့် မြို့ဖြစ်ပြီး လေတပ်က တံတားအနီး လာရောက် တိုက်ခိုက်နေသည့် ကာလတွင် ထိုင်းအစိုးရ ဒုဝန်ကြီးနှင့် အခြားဝန်ကြီးများသည် မြဝတီတစ်ဖက်ကမ်း မဲဆောက်မြို့သို့ ရောက်ရှိခဲ့ကြသည်။

၎င်းတို့၏လှုပ်ရှားမှုနှင့် ခရီးစဉ်က မြဝတီတိုက်ပွဲများအပေါ် မည်သို့သက်ရောက်မှုရှိခဲ့ကြောင်း မသိရ သေးပေ။

တိုက်ပွဲဖြစ်နေစဉ်အတွင်း မြဝတီမြို့ကို KNA က လုံခြုံရေးယူပေးထားသည်ဟုဆိုပြီး ၎င်းတို့က မည်သည့်ဘက်ကမှ ပါဝင်တိုက်ခိုက်ခြင်းမရှိပေ။

မြဝတီမြို့ထဲတွင် KNA အပြင် KNU မှ ခွဲထွက်ထားသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နှင့် တိုးတက်သောဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များလည်း ရှိနေကြသည်။

ကျည်ဆန်တစ်ချက်မျှ မဖောက်ဘဲ တပ်စခန်းပြန်ပေးရ

ဧပြီ ၂၀ ရက်က တစ်ရက်လုံး အပြင်းအထန်ပစ်ခတ်ခဲ့ကြပြီးနောက် တိုက်ပွဲသည် နောက်တစ်နေ့ (ဧပြီ ၂၁) နံနက်ပိုင်းမှ စတင်၍ ရုတ်တရက်ရပ်တန့်သွားသည်။

ထိုစဉ်ကမည်သည့်အကြောင်းကြောင့် တိုက်ပွဲရပ်သည်ကို မသိရသော်လည်းနောက်ပိုင်းတွင်မူ KNU တပ်ဆုတ်ပေးလိုက်သဖြင့် တိုက်ပွဲရပ်သွားခြင်းဖြစ်သည်ဟု သိရသည်။

KNLA, PDF ပူးပေါင်းတပ်များသည် အမှတ် (၂) တံတားတွင် ဆိုင်ထားသည့်နေရာများကိုသာ ဆုတ်ပေးလိုက်ခြင်း မဟုတ်ဘဲ မြဝတီမြို့အနောက်ဘက်ရှိ ၎င်းတို့ သိမ်းထားသော ခလရ (၂၇၅) နေရာကပါ ဆုတ်ပေးလိုက်ခြင်းဖြစ်သည်။

တိုက်ပွဲ ရပ်တန့်သွားပြီး နှစ်ရက်အကြာ ဧပြီ ၂၁ နေ့လယ်တွင် မြဝတီမြို့ကို လုံခြုံရေးယူထား သည့် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF တစ်ဖြစ်လဲ KNA တပ်များ၏ အကူအညီရယူပြီး အမှတ် (၂) တံတားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခလရ (၂၇၅) အတွင်း ပြန်လည်နေရာယူလိုက်သည်။

မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) ကို စစ်ကောင်စီ ပြန်ရသွားသည်ဆိုသည့်သတင်းက ထိုအခြေအနေကို စောင့်ကြည့်နေသည့် လူအများနှင့် တော်လှန်ရေးရဲဘော်များကို အံ့အားသင့်သွားစေခဲ့သည်။

မြဝတီမြို့ရှိ စစ်ကောင်စီတပ်ကို အမှတ် (၂) တံတားတွင် ချောင်ပိတ်ထားနိုင်သည်အထိ စစ်ရေးအသာစီး ရခဲ့ရာမှ ရုတ်တရက် တပ်ဆုတ်ပေးလိုက်သည့်အပေါ် လူအများက KNU ကို Facebook လူမှုကွန်ရက် တွင် မေးခွန်းထုတ်ခဲ့ကြသည်။

KNU ဘက်က မြဝတီမြို့ကို စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျအမည်ရှိ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် တပ်ဆုတ်ရခြင်းဖြစ်ကြောင်း ပြောထားသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ထိုကိစ္စတွင် စောချစ်သူတပ်များက စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ခေါ်လာ၍ ခလရ (၂၇၅) တွင် စစ်ကောင်စီအလံ တင်ပေးသွားခြင်းဖြစ်ကြောင်း ပြောသည်။

“ဒီလိုဖြစ်သွားတဲ့အပေါ်မှာတော့ အထူးသဖြင့် ဒီလိုအင်မတန်မှကို အရေးကြီးတဲ့အခါသမယမျိုးမှာ ရန်သူဆင်ထားတဲ့အကွက်ထဲ မကျရောက်စေဖို့အတွက် ကျွန်တော်တို့ KNLA ပူးပေါင်းတပ်တွေ မြဝတီမြို့ကနေ ယာယီ ဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်” ဟု သူက ဆိုသည်။

၎င်းက အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပေါင်းပါများကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ချေမှုန်းမည်ဟု ကြုံးဝါးသည်။

KNU အနေနှင့် မြဝတီမြို့တစ်ကွက်စာကိုသာ ကြည့်ရှုလုပ်ကိုင်နေခြင်းမဟုတ်ဟုလည်း ပဒိုစောတောနီးက ဆိုသည်။ သို့သော်လည်း KNU တပ်ဆုတ်ရခြင်းနှင့်ပတ်သက်သည့် ထိုအကြောင်းပြချက်သည် အများလက်ခံလောက်ဖွယ် အဖြေမျိုး မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဧပြီလ ၁၃ ရက်မှစတင်ကာ ကော့ကရိတ်မြို့အရှေ့ဘက်အထွက် ကော့နွဲ့ရွာကို ရောက်နေသည့် အင်အား ၅၀၀ ပါ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းကို အောင်မြင်စွာ ဖြတ်တောက်တိုက်ခိုက်ထားနိုင်ခဲ့ပြီးသားဖြစ်သည်။

KNLA နှင့် ပူးပေါင်းတပ်များသည် မြဝတီ ခလရ (၂၇၅) ကို သိမ်းပိုက်ထားစဉ်မှာပင် အမှတ် (၂) တံတားရှိ စစ်သားများကို စစ်မျက်နှာ ၁ ခု၊ ကော့ကရိတ်အထွက် ဒေါနတောင်ကို တက်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို စစ်မျက်နှာ ၁ ခု ဖွင့်ပြီး စစ်ဆင်နိုင်သည့် အခြေအနေရှိခဲ့သည်။

တော်လှန်ရေးရဲဘော်တချို့နှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်လူမျိုးသုတေသီတချို့ကမူ နောက်ကွယ်တွင် အကြောင်းတစ်စုံတစ်ရာရှိ၍သာ KNU က တပ်ဆုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

နောက်ကွယ်အကြောင်းရင်း ရှိမရှိ

KNU တပ်ဆုတ်ရခြင်း၏ နောက်ကွယ်အကြောင်းရင်းကို မည်သူမျှ တိကျစွာ သေချာစွာ မပြောနိုင်ပေ။

BBC ထိုင်းဌာန၏ သတင်းရင်းမြစ်ဖြစ်သည့် ထိုင်းစစ်တပ်အဆင့်မြင့်အရာရှိတစ်ဦးက တိုက်ပွဲရပ်သွား ခြင်းမှာ ညှိနှိုင်းခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။

”မြန်မာစစ်ကောင်စီနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ညှိနှိုင်းမှုတွေရှိခဲ့လို့ ဒီတိုက်ပွဲရပ်သွားတာ” ဟု BBC သတင်းဌာနကို ဖြေကြားထားသည်။

ကရင်ပြည်နယ်တွင် KNU, BGF, KNLA-PC နှင့် DKBA တို့ပါဝင်သော ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးကော်မတီသည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာမသိမ်းခင်ကတည်းက ဖွဲ့ထား သည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ကရင်လက်နက်ကိုင် ၄ ဖွဲ့အကြား ကြီးမားသည့် ပဋိပက္ခမဖြစ်ရန် ထိန်းသိမ်းလုပ်ဆောင်ခဲ့သည်။

ဆွေးနွေးသည်ဟူသော သတင်း မှန်ကန်ပါက အဆိုပါအဖွဲ့မှတစ်ဆင့် ဆွေးနွေးခဲ့ကြလေသလားဟု စဉ်းစားစရာရှိသည်။

KNU အဆင်မြင့်အရာရှိတစ်ဦးကမူ စစ်ကောင်စီတပ်နှင့် KNU အကြား ဆွေးနွေးညှိနှိုင်းမှုမရှိဟု Myanmar Now ကို ပြောသည်။

“ကျွန်တော့ရဲ့ ပုဂ္ဂလိကအမြင်ကို ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အဖွဲ့ပေါ့၊ KNU ကလည်း တအား စစ်ရေးဒဏ်မခံနိုင်လို့လေ၊ ဟိုဘက်ကလည်း တအားများတော့ ဆုတ်သွားတာပေါ့။ နားလည်မှု ယူတာတို့ဘာတို့တော့ မဟုတ်ပါဘူး။ ခံနိုင်ရည်မရှိလို့ပေါ့။ အဲဒီလိုပြောရင် နစ်နာမလားတော့မသိဘူး” ဟု ထိုသူက ဆိုသည်။

မြဝတီ၏ Key Player (သို့မဟုတ်) BGF

မြဝတီမြို့အကြောင်း ပြောမည်ဆိုပါက စစ်ကောင်စီနှင့် KNU အကြောင်း ပြောရုံဖြင့် မလုံလောက်ဘဲ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် BGF ၏ အခန်းကဏ္ဍသည် မဖြစ်မနေ ထည့်စဉ်းစားရမည့် ကိစ္စဖြစ်သည်။

BGF သည် မြဝတီမြို့မြောက်ဘက်ရှိ အွန်လိုင်းလောင်းကစားကိစ္စအပါအဝင် လူကုန်ကူးမှု၊ ညှဉ်းပန်း နှိပ်စက်မှုများဖြင့် နာမည်ကျော်သည့် ရွှေကုက္ကိုမြို့သစ်ကို ထိန်းချုပ်ထားသောအဖွဲ့ဖြစ်ပြီး အင်အား ၈၀၀၀ ခန့်ရှိသည်။

စစ်ကောင်စီတပ်နှင့် KNU တို့ ကော့ကရိတ်၊ မြဝတီ စသည့်မြို့နယ်တို့တွင် အပြင်းအထန်ပဋိပက္ခ ဖြစ်လာ သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှ ယနေ့အထိ ကာလတစ်လျှောက်လုံး BGF သည် မည်သည့်ဘက်ကမှ မပါဘဲ နေပြခဲ့သည်။

သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကို KNLA တပ်မဟာ (၆) နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်မိစဉ် ကာလက BGF သည် သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်ရာချီကို ရွှေကုက္ကိုသို့ ခေါ်ယူကာ စောင့်ရှောက်ခဲ့သည်။

ထိုစဉ်က သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားခေါ်ထုတ်စဉ် ပူးပေါင်းတပ်ဘက်က အပစ်ရပ်ခဲ့ပေးသည်ဟု BGF ထံမှ သိရသည်။

ထိုသို့ ခေါ်ယူစောင့်ရှောက်ထားသူများ ပြန်လည်လွှဲပြောင်းရေးနှင့်ပတ်သက်၍ စစ်ကောင်စီ၏ နယ်ခြား စောင့်တပ်ဖွဲ့များ ညွှန်ကြားရေးမှူးက BGF အပေါ် စစ်ရေးအရ အရေးယူမည်ဟု ဖုန်းဆက်ခြိမ်းခြောက်ခဲ့ကြောင်း၊ BGF ကို တိုက်ခိုက်လာပါက ပြန်လည်ခုခံသွားမည်ဖြစ်ကြောင်း BGF အရာရှိတစ်ဦးက Myanmar Now ကို ထိုစဉ်က ပြောထားသည်။

၎င်းက KNU အပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့်ပတ်သက်၍လည်း မြဝတီ၌ ပဋိပက္ခမဖြစ်လိုကြောင်း ပြောသည်။

သို့သော်လည်း နောက်ပိုင်းတွင် KNA သို့မဟုတ် BGF သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ကာ မြဝတီရှိ ခလရ (၂၇၅) တွင် စစ်ကောင်စီတပ်အတွက် အလံပြန်တင်ပေးလာပြန်သည်။

အမည်မဖော်လိုသည့် ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးကလည်း BGF သည် လက်နက်နှင့် ငွေကြေးအင်အားတောင့်သည့် အဖွဲ့ဖြစ်သဖြင့် ၎င်းတို့၏ရပ်တည်ချက် ပြောင်းလဲမှုများ သည် သက်ရောက်မှုကြီးပြီး တစ်ဖက်ဖက်ကို အလေးသာသွားစေကြောင်း ပြောသည်။

မြဝတီပြန်ပါသွားခြင်းက အတိုက်အခံများကို အားလျော့စေ

လက်ရှိ မြဝတီမြို့တွင် ခလရ (၂၇၅) ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားအနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက်ရှိနေသည်။

နယ်စပ်ဖြတ်တံတား ၂ စင်းကို ဧပြီလ ၂၅ ရက်အထိ ဆက်ပိတ်ထားဆဲဖြစ်သည်။ မြို့ထဲတွင် မြန်မာ့စီးပွားရေးဘဏ်ပြန်ဖွင့်နေပြီဟု ဒေသခံတချို့ကဆိုပြီး ပုဂ္ဂလိကဘဏ်များက ပိတ်ထားဆဲဖြစ် သည်။

မြို့ထဲရှိ မြို့မရဲစခန်း၊ ရှေ့တန်းရုံး၊ ခရိုင်ထွေအုပ်ရုံးတို့ကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားသည်။ ဗိုလ်မှူးကြီးစောချစ်သူတပ်များကမူ မြို့လုံခြုံရေးကို ဆက်လက်တာဝန်ယူထားသည်ဟု မြဝတီမြို့ဒေသခံ အမျိုးသားက ပြောသည်။

“မြဝတီမှာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးလည်း ရှိနေတယ်။ မြို့နယ်ထွေအုပ်ရုံးလည်း ရှိနေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း လက်ရှိတာဝန်ထမ်းဆောင်နေတယ်။ အုပ်ချုပ်ရေးယန္တရား ကတော့ အရင်အတိုင်းပဲ ပြောင်းလဲမှုမရှိဘူးလို့ပဲ သုံးသပ်မိတယ်” ဟု သူက ဆိုသည်။

မြဝတီမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ခွင့်ရသွားခြင်းသည် လက်ခံရန်ခက်ခဲသည့်ကိစ္စ အမှန်ဖြစ်နိုင်သလို လက်တွေ့မြေပြင်တွင် တိုက်နေသည့် ရဲဘော်များနှင့် အတိုက်အခံတော်လှန်ရေး အင်အားစုများအတွက် စိတ်အားလျော့သွားစေသည့် သက်ရောက်မှုဖြစ်နိုင်သည်။

စခန်းပြန်ပေးလိုက်ခြင်းကို အများက လက်မခံကြကြောင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ကရင်တိုင်းရင်းသား သုတေသီတစ်ဦးကလည်း ပြောသည်။

“ဘယ်သူမှ လက်လွှတ်ချင်မှာ မဟုတ်ဘူးလေ။ အောက်ခြေစစ်သားတွေက အသေခံအပင်ပန်းခံ တိုက်ထားတာဆိုတော့ အထက်က အမိန့်မပါဘဲနဲ့တော့ ဆုတ်ခွာပေးမှာမဟုတ်ဘူး။ ပြည်သူတွေကတော့ စိတ်တိုတယ်။ စိတ်ဆိုးတယ်။ မကျေနပ်ကြဘူးပေါ့” ဟု သူက ဆိုသည်။

တပ်ရင်းဌာနချုပ်ကို သိမ်းသည့် စခန်းသိမ်းတိုက်ပွဲဆိုသည်က လူ့အသက်များနှင့် ခဲယမ်းမီးကျောက် အတွက် ငွေကြေးသိန်းထောင်ချီမက ရင်းနှီးရသဖြင့် ပေးရသည့် တန်ဖိုးများသည်။

မြဝတီ ခလရ (၂၇၅) စခန်းကို ပူးပေါင်းတပ် သိမ်းပိုက်ရရှိခဲ့စဉ်က KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မြဝတီမြို့ကို သိမ်းပိုက်အုပ်ချုပ်မည်ဟု Myanmar Now ကို ပြောဖူးသည်။

“မြဝတီမြို့ဟာ ကျွန်တော်တို့ရဲ့မြို့ဖြစ်တာပေါ့။ မြဝတီမြို့ဟာ ကျွန်တော်တို့မြို့ဖြစ်တာနဲ့အညီ ကျွန်တော်တို့ ကိုယ်တိုင် အုပ်ချုပ်ဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်ကလည်း ခလရ (၂၇၅) ကို ပြန်ရပြီးနောက် ရှေ့တိုးကာ သင်္ဃန်းညီနောင်ရွာဘက် နယ်မြေ ရှင်းလင်းရေးလုပ်နေကြောင်း မြဝတီဒေသခံတချို့ထံမှ သိရသည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ တပ်ရင်း (၃) ရင်းနှင့် စစ်ကောင်စီ၏ ဗျူဟာစခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ဆက်လက် ထိန်းချုပ်ထားဆဲဟု ပြောသည်။

 

Source : Myanmar Now

Link    : https://myanmar-now.org/mm/news/51654/

 

 

 

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English