၂၀၂၄ ခုနှစ် ပထမ သုံးလပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃ ဦး သေဆုံးပြီး လွန်ခဲ့သောနှစ် အလားတူကာလတွင်မူ နှစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောသည်။
အကျဉ်းသား ခြောက်ဦးကို စစ်ကောင်စီတပ်များက ပစ်သတ်ခြင်းဖြစ်ပြီး ခုနစ်ဦးမှာ ကျိုက်မရော၊ ဒိုက်ဦး၊ အိုးဘို၊ ထားဝယ်၊ မြင်းခြံ၊ ကလေးနှင့် မကွေး အကျဉ်းထောင်များနှင့် မုံရွာ ရဲစခန်းတွင် ဆေးကုသမှု မရသောကြောင့် သေဆုံးခြင်း ဖြစ်သည်။
စစ်ကောင်စီသည် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု မပေးခြင်းတို့ကို အရှိန်မြှင့်တင်နေပြီး နှစ်ရှည် ထောင်သွင်းအကျဉ်းချမှုများ ပြုလုပ်နေကြောင်း PPNM မှ ဦးသိုက်ထွန်းဦးက ပြောသည်။
“သေဆုံးမှုတွေကို စစ်ကောင်စီက မိသားစုတွေကို အကြောင်းမကြားတော့ဘဲ သူတို့ရဲ့ မကောင်းမှုတွေကို ဖုံးကွယ်ဖို့ ရိုက်နှက်မှု အပါအဝင် ရာဇဝတ်မှုတွေကို မမြင်ကွယ်ရာမှာ ပိုမို ကျူးလွန်လာနေတယ်” ဟုလည်း ၎င်းကပြောသည်။
ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးမှအပြန် ရန်ကုန်မှ ထင်ရှားသော တက်ကြွလှုပ်ရှားသူများဖြစ်သည့် မနိုဘယ်အေးနှင့် ကိုအောင်ကိုဟိန်း (ခ) ကိုလေးခွင်းတို့ကို ဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ်များက ပစ်သတ်လိုက်သည်။ ၎င်းတို့သည် တော်လှန်ရေး အင်အားစုများအတွက် လက်နက်များ သယ်ဆောင်လာသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် ထွက်ပြေးရန် ကြိုးစားသည်ဟု စစ်ကောင်စီက ပြောသည်။ ၎င်းတို့၏ အလောင်းများကို ဝေါမြို့နယ် ဆေးရုံသို့ သယ်ဆောင်သွားပြီး မိသားစုထံ အကြောင်းမကြားဘဲ ဖျောက်ဖျက်ခဲ့သည်။
အသက် ၂၇ နှစ်အရွယ် မြို့ပြပြောက်ကျား ကိုအောင်ကျော်ဇောကို မတ်လ ၂၉ ရက်နေ့တွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။
သူ့ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက မုံရွာတွင် စစ်ရေးလှုပ်ရှားသည်ဟုဆိုကာ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ထောင် အနှစ် ၃၀ ချခဲ့သည်။
နိုင်ငံရေး အကျဉ်းသားတဦးကို ရဲများက ရိုက်နှက်စဉ် အခြားနိုင်ငံရေး အကျဉ်းသား တဦးနှင့်အတူ ဝင်ရောက်တားဆီးသောကြောင့် ၎င်းတို့နှစ်ဦးကို စစ်တပ် စစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ပြီး ကိုအောင်ကျော်ဇောသည် သေသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသည်။
မကွေးထောင်တွင် ထောင်သွင်းအကျဉ်းချထားသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သော အသက် ၂၂ နှစ်အရွယ် ကျောင်းသူ မဆုမေအောင်သည် နာတာရှည်ရောဂါအတွက် ဆေးကုသမှု မရသောကြောင့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သေဆုံးသည်။ သူသည် တော်လှန်ရေးကို ထောက်ခံသည့် ပို့စ်များအတွက် ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင် ၁၅ နှစ် ချခံရသည်။
လူထုအာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် အသက် ၃၁ နှစ်အရွယ် မီးသတ်တပ်ဖွဲ့ဝင် ကိုပြည့်ဖြိုးအောင်ကို မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် ထောင်ချထားသည်။ ဝမ်းဗိုက် ရောဂါကြောင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သေဆုံးသည်။
သူသေဆုံးသောအခါ အရပ်ဘက်ဆေးရုံသို့ လွှဲပြောင်းပေးနေချိန်ဖြစ်ကြောင်း PPNM က ပြောသည်။
အသက် ၄၃ နှစ်အရွယ် ကိုဟာရှင်သည် စစ်တပ်စစ်ကြောရေးတွင် ရရှိလာသည့် ဒဏ်ရာများကို ဆေးဝါးကုသမှု မရသောကြောင့် ကျိုက်မရော အကျဉ်းထောင်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကွယ်လွန်သည်။
ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်းသည် သွယ်ဝိုက်သောအားဖြင့် သတ်ဖြတ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် သေဆုံးမှု တိုးလာမည်ဟု မျှော်လင့်ရကြောင်း ဦးသိုက်ထွန်းဦးက ပြောသည်။
လွန်ခဲ့သောနှစ်တွင် တရားမဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းကြောင့် သေဆုံးသူ ၁၈ ဦးအပါအဝင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၃၅ ဦးသေဆုံးသည်ဟု PPNM က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီပြုမှုပုံများကို နိုင်ငံတကာစစ်ဆေးမှု ပိုမိုပြုလုပ်ရန် ဦးသိုက်ထွန်းဦးက တောင်းဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် ဖမ်းဆီးခံရသူ ၂၆,၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် အနည်းဆုံး ၂၀,၃၂၃ ဦးသည် ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီလ ၈ ရက်နေ့တွင် ပြောသည်။
Source-ဧရာဝတီ
Link- https://burma.irrawaddy.com/news/2024/04/11/382181.html