ပြီးခဲ့တဲ့ရက်တွေက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ Burma Acts ဥပဒေကို လက်မှတ်ထိုးခဲ့တယ်။ ထိုဥပဒေကို အမေရိကန်ဟာ မြန်မာပြည်အတွက်ဆိုပြီး ထုတ်ပြန်ခဲ့တာ၂၀၂၂ ခုနှစ်ထဲကပါ။ ဒါကို အခုမှ သမ္မတကလက်မှတ်ရေးထိုးပြီးအတည်ဖြစ်လာတယ်။ ထိုဥပဒေထဲမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ မြန်မာပြည်စစ်အာဏာရှင်တော်လှန်ရေးအတွက်ပေးမယ့် ဒေါ်လာ ၁၃၇ သန်းပါပဲ။ Burma Act ထဲမှာ မြန်မာပြည်အတွက် တစ်နှစ်ကို ဘယ်လောက်ထောက်ပံမယ်ဆိုတာပြဌာန်းပြီးသားပါ။ ဒါပေမယ့် အချိန်အတော်ကြာ ဒါတွေဟာစာရွက်ပေါ်မှာပဲရှိနေခဲ့တယ်။ အခုတော့ ထိုပိုက်ဆံတွေကို တကယ်ပေးတော့မယ်ပေါ့။
အမေရိကန်ကပေးမယ့် ထိုငွေတွေဟာ စစ်လက်နက်ပစ္စည်းထောက်ပံရေးအတွက်မပါပါဘူး။ ရာခိုင်နှုန်းအတော်များများက စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ဖြစ်တယ်။ ထိုအကူအညီတွေတကယ်ပေးဖြစ်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံလို စစ်ကောင်စီလက်အောက်က အဖွဲ့အစည်းတွေကတစ်ဆင့် ပေးမှာမဟုတ်တာတော့သေချာတယ်။ နောက်ထပ်တော်လှန်ရေးကိုအထောက်အကူဖြစ်စေမယ့် အကူအညီပေးရေးခေါင်းစဥ်တစ်ခုကတော့ နည်းပညာအကူအညီပါ။ ထိုခေါင်းစဥ်ရဲ့အနက်အဓိပ္ပါယ်ဟာ ကျယ်ပြန့်တာကြောင့် လက်နက်မဟုတ်ပေမယ့်တော်လှန်ရေးကို အထောက်အပံဖြစ်စေမယ့် နည်းပညာအကူအညီမျိုးစုံပေးလို့ရပါတယ်။ အမေရိကန်သာတကယ်ပေးချင်တယ်ဆိုရင်ပေါ့လေ။