မြောက်ပိုင်းကချင်ပြည်နယ်မှာKIAက ထိုးစစ်စတင်လိုက်တဲ့နေ့မှာပဲ တောင်ပိုင်းကရင်ပြည်နယ်မှာလဲ KNUကမြဝတီမြို့နဲ့သင်္ကန်းညီနောင်မြို့က စစ်ကောင်စီတပ်ရင်းတွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတယ်။ KNUဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးစတင်ချိန်မှာလဲ ကရင်ပြည်နယ်ကော့ကရိတ်မြို့ဘက်မှာ စစ်ကောင်စီကို တိုက်ပွဲတွေဖော်ဆောင်ခဲ့သေးတယ်။ ဒါပေမယ့် အောင်မြင်မှုကြီးကြီးမားမားတော့မရရှိခဲ့ပါဘူး။ အခုလဲမြောက်ပိုင်းကKIAနဲ့အပြိုင် တိုက်ပွဲတွေဖော်ဆောင်လာတာတွေ့ရတယ်။ ဒီတခေါက်ကတော့ စစ်ကောင်စီဘက်မှာ စောချစ်သူရဲ့ကရင်BGFတွေမပါတဲ့အတွက် ဘယ်လောက်ထိအောင်မြင်မလဲ ဆိုတာတော့စောင့်ကြည့်ရမယ်။
စစ်ကိုင်းတိုင်းဘက်မှာလဲ PDFကစစ်ကောင်စီတပ်တွေကို သူတို့နိုင်သလောက်ထိုးစစ်ဆင်တိုက်ခိုက်နေတုန်းပဲ။ ဒီရက်ပိုင်းမှာတော့ တန့်ဆည်မြို့တဝိုက်နဲ့ ကနီမြို့တွေမှာ တိုက်ပွဲတွေပြင်းထန်နေတယ်။ တန့်ဆည်မြို့နယ် ကံထူးမှရဲစခန်းကိုPDFတွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သူပုန်၃၀ကျော်သေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ NUGကထုတ်ပြန်ထားတယ်။ ထိုတိုက်ပွဲမှာစစ်ကောင်စီဘက်က ရေဦးနဲ့တန့်ဆည်မြို့ပေါ်က စစ်ကူတွေရာနဲ့ချီပြီးစေလွတ်ခဲ့တဲ့ကြားက ရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ ထိုစစ်ကူစစ်ကြောင်းဟာ လမ်းတလျောက်ကရွာတွေကိုလဲ မီးရှို့ဖျက်စီးသွားသေးတယ်။ တော်လှန်ရေးတွေအဖွဲ့တွေက ထိုစစ်ကူစစ်ကြောင်းကိုကြားဖျက်တိုက်ခိုက်နိုင်ခဲ့တယ်။
ကနီမြို့မှာလဲ တော်လှန်ရေးတပ်ပေါင်းစုတပ်ဖွဲ့တွေက မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတယ်လို့သိရတယ်။ စစ်ကိုင်းတိုင်းကအခြားသောနယ်မြေများနဲ့အတူ ကနီမြို့မှာလဲဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖျက်တောက်ခံထားရတာကြောင့် အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။