အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တကမ္ဘာလုံးတွင် သောကြာနေ့က ကျင်းပစဉ် မြန်မာ အမျိုးသမီး ၄၀၀၀ နီးပါးသည် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် နိုင်ငံတဝှန်းမှ စစ်ကောင်စီ၏ထောင်များ၊ ရဲအချုပ်များနှင့် စစ်တပ် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီးခံထားရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးလျင်ပြီးချင်း မြန်မာတနိုင်ငံလုံးတွင် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်လာပြီး ဘဝအလွှာစုံမှ ပြည်သူများသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းသော ဆန္ဒပြပွဲများတွင် ပါဝင်ကြသည်။ နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေး ထို ဆန္ဒပြပွဲများ၏ တပ်ဦးတွင် ကျောင်းသူမှ အိမ်ရှင်မ၊ ဆရာမမှ ဆရာဝန်မအထိ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အမျိုးမျိုးအပါအဝင် အခြား အမျိုးသမီးများ ပါဝင်ကြသည်။
စစ်ကောင်စီက ၎င်းတို့ကိုဆန့်ကျင်သူ မည်သူမဆိုကို ပစ်ခတ်ပြီး အငြင်းပွားဖွယ်ရာ ဖမ်းဆီးကာ တရားမဲ့ သတ်ဖြတ် နှိမ်နင်းသောအခါ အမျိုးသမီးများသည် အမျိုးသားများနည်းတူ ဒုက္ခခံစားကြရသည်။
မြန်မာမှ နိုင်ငံရေး အကျဉ်းသားများကို မှတ်တမ်းတင်လွတ်မြောက်ရေး လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဆိုအရ ဖမ်းဆီးခံရသူ ၂၆၂၂၅ ဦးအနက် ၅၄၂၇ ဦးသည် အမျိုးသမီးများဖြစ်ကြောင်း သိရသည်။
ကြာသပတေးနေ့အထိ အမျိုးသမီး ၃၉၀၈ ဦးသည် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းနှင့် နိုင်ငံတဝန်းမှ စစ်ကောင်စီထောင်များ ဖမ်းဆီးရေးစခန်းများတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၂၀၁၀၁ ဦး၏ ၂၁ ရာခိုင်နှုန်း နီးပါးရှိကြောင်း AAPP က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
၎င်းတို့ နိုင်ငံရေး ယုံကြည်ချက်အတွက် ဖမ်းဆီးခံရသည့် အကျော်ကြားဆုံးနှင့် အသက်အကြီးဆုံးသူများတွင် နိုင်ငံ၏ ပြည်သူ့ခေါင်းဆောင် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပြီး သူသည် အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခံရပြီး ယနေ့တိုင် တဦးတည်း ချုပ်နှောင်ခံထားရသည်။ သူသည် ယခုအခါ ရာဇဝတ်မှုအမျိုးမျိုးအတွက် ထောင် ၂၇ နှစ်ချခံထားရသည်။ သို့သော် ထိုအမှုများသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အယုံအကြည်ကင်းမဲ့စေရန်နှင့် စစ်အာဏာသိမ်းမှု တရားဝင်စေရန် လုပ်ကြံဖန်တီးထားသည့် အမှုများဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့် အမှီအခိုကင်း လွတ်လပ်သော သုတေသီများပြောသည်။
အမျိုးသမီး ရာပေါင်းများစွာ သတ်ဖြတ်ခံရ
အာဏာသိမ်းချိန်မှ စတင်ပြီး ကြာသပတေးနေ့အထိ စစ်ကောင်စီက သတ်ဖြတ်သူ ၄၆၅၀ ဦး အနည်းဆုံး ရှိကြောင်း AAPP စာရင်းအရ သိရသည်။
၎င်းတို့အနက် အနည်းဆုံး ၈၂၂ ဦးသည် အမျိုးသမီးများဖြစ်သည်။
၈ ဦးမှာထောင်တွင်းတွင် သတ်ဖြတ်ခံရပြီး ၄ ဦးမှာ စစ်ကြောရေးတွင်သေဆုံးကာ ၁၁၁ ဦးမှာ အခြားပုံစံ အချုပ်အနှောင်များတွင် သေဆုံးသည်။ ကျန်အမျိုးသမီးများမှာ နိုင်ငံတဝန်းမှ ဆန္ဒပြပွဲများကို နှိမ်နင်းခြင်း ၊ အရပ်သား လူနေရပ်ကွက်များကို လေကြောင်း တိုက်ခိုက်မှုများနှင့် အမြောက်ဖြင့် ပစ်ခတ်မှုများတွင် သေဆုံးခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် နှစ်စဉ် အမျိုးသမီးများ သတ်ဖြတ်ခံရသည့် အရေအတွက် တိုးလာသည်ကို သတိထားမိကြောင်း အထက်ပါ အဖွဲ့အစည်းမှ ကိုယ်စားလှယ်တဦးပြောသည်။ ၂၀၂၁ ခုနှစ်တွင် အမျိုးသမီး ၉၅ ဦးသတ်ဖြတ်ခံရပြီး ၂၀၂၂ ခုနှစ်တွင် သတ်ဖြတ်ခံရသည့် အမျိုးသမီးအရေအတွက် ၂၁၂၂ ဦးနှင့် ၂၀၂၃ ခုနှစ်တွင် ၃၉၅ ဦးအထိ တိုးလာကြောင်း သိရသည်။
“ကျမတို့ လေ့လာချက်အရ စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ လေကြောင်းနဲ့ အမြောက်နဲ့ တိုက်ခိုက်မှုမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးအရေအတွက်က နှစ်စဉ်တိုးလာနေတယ်။ သတ်ဖြတ်ခံရတဲ့ အမျိုးသား အရေအတွက်လည်း တိုးလာနေတယ်” ဟု သူရှင်းပြသည်။
“စစ်ကောင်စီက ကျား၊ မ မခွဲခြားဘဲ ပြည်သူတွေကို ပိုမိုပစ်မှတ်ထားလာကြောင်း ပြသနေတယ်” ဟု သူပြောသည်။
အမျိုးသမီးများ သတ်ဖြတ် ဖမ်းဆီးခံရသည့် အရေအတွက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် အမျိုးသမီးသမီးများပါဝင်မှုသည် နိုင်ငံသမိုင်းတွင် မကြုံဖူးသည့် အရေအတွက်ဖြစ်ကြောင်း AAPP ပူးတွဲတည်ထောင်သူနှင့် တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်ပြောသည်။
ကြေကွဲစရာကောင်းသော်လည်း ထိုအချက်က စစ်ကောင်စီဆန့်ကျင်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်မှုအပိုင်းတွင် နိုင်ငံရေးအရတက်ကြွသူ အများအပြား ပါဝင်လာပြီး စစ်ကောင်စီ ဆန့်ကျင်တိုက်ခိုက်ရေး ရှေ့တန်းစစ်မျက်နှာတွင်ပါ ပါဝင်တိုက်ခိုက်လာသောကြောင့် အပေါင်းလက္ခဏာ ဆောင်ကြောင်း သူပြောသည်။
“အမျိုးသမီး ၄၀၀၀ လောက်ကို ထောင်ချထားပြီး အခြားသူအများအပြားကို သတ်ဖြတ်နေတာဟာ နိုင်ငံအတွက် ကျက်သရေ ကင်းမဲ့ပြီး ရှက်စရာကောင်းတယ်။ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို အပြစ်ပေးရမယ်” ဟုလည်း သူပြောသည်။
Source: Burma Irrawaddy