၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သောအခါ စစ်တပ်သည် ဆယ်စုနှစ် တခုကြာ တိုးတက်မှုကို ညတွင်းချင်း ဖြတ်တောက်လိုက်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အာဏာသိမ်းမှုသည် အားလုံးကို အငိုက်မိစေခဲ့သည်။ အမျိုးမျိုးသော ပညာရှင်များနှင့် သရုပ်ခွဲလေ့လာသူ အများအပြားက ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်ကအတိုင်း စစ်တပ်၏ အာဏာချုပ်ကိုင်မှုကို လှုပ်ခတ်သွားအောင် လုပ်မရနိုင်ဟု ပြောခဲ့ကြသည်။ ထိုစစ်အာဏာသိမ်းမှုသည် အောင်မြင်မည်မဟုတ်ဟု အနည်းငယ်ကသာ အရဲစွန့်ပြောခဲ့ကြသည်။
သို့သော် သုံးနှစ်ကြာသောအခါ တခါက အင်အားကြီးခဲ့သည့် မြန်မာစစ်တပ်သည် အရပ်သားများ ဦးဆောင်သည့် နိုင်ငံတဝန်း ပုန်ကန်မှုကို ရင်ဆိုင်နေရပြီး အောင်မြင်မှု မရနိုင်သည့် စစ်ပွဲများနှင့် ရင်ဆိုင်နေရသည်။
အရှေ့တောင်အာရှ၊ အထူးသဖြင့် ထိုင်းနှင့် ဖိလစ်ပိုင်တွင် မအောင်မြင်သော အာဏာသိမ်းမှုများကို ယခင်ကလည်း တွေ့ကြုံခဲ့ပြီး ဖြစ်သော်လည်း အာဏာသိမ်းခြင်းကို အောင်မြင်စွာ ပြုလုပ်ပြီးသောအခါ စစ်အာဏာသည် လက်ရှိအချိန်အထိ အနိုင်ရစမြဲ ဖြစ်သည်။
မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုသည် နိုင်ငံပိုင်နက်ကို ထိန်းချုပ်မှု ခိုင်မာအောင် မလုပ်နိုင်ဘဲ ပြည်သူများအပေါ် အုပ်ချုပ်ရေး မချမှတ်နိုင်သောကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေသည်။
ထိုသို့ မထိန်းချုပ်နိုင်သည့်အပြင် စစ်တပ်သည် သူကြောင့်ပေါ်ပေါက်လာသည့် အင်သစ်အားသစ်ဖြစ်ပြီး သမားရိုးကျ မဟုတ်သည့် ရန်သူနှင့် ရင်ဆိုင်ရသည်။ ၎င်းတို့မှာ ၂၀၁၁ ခုနှစ်တွင် စတင်သည့် နိုင်ငံရေး တံခါးဖွင့်ခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှု အာမခံချက်များအကြား လူလားမြောက်လာသည့် လူငယ်များဖြစ်သည်။
ထိုအခြေအနေသည် လွန်ခဲ့သော ဆယ်စုနှစ် ငါးခုအတွင်းက စစ်အာဏာရှင်စနစ်ကို သည်းခံခဲ့ကြသည့် ၎င်းတို့မိဘများ၊ အဘိုးအဘွားများနှင့် မတူညီသော လောကတခုဖြစ်သည်။
ယခုအခါ ထိုလူငယ်များသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များ၏ အများစုနှင့် တပ်ဦးမှ ပါဝင်သူများ ဖြစ်သည်။ PDF တပ်ဖွဲ့များသည် မူလက တနိုင်ငံလုံးမှ မြို့များ၊ ကျေးရွာများတွင် လှုပ်ရှားသည့် ပြောက်ကျားတပ်ဖွဲ့ငယ်များသာ ဖြစ်သည်။
မြန်မာစစ်တပ်သည် လူမျိုးကွဲပြားသည့် နိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သည့် အတွေ့အကြုံ ဆယ်စုနှစ်များစွာ ရှိသော်လည်း နိုင်ငံမှ ဗမာလူများစုနှင့် ယခင်က တခါမှ မတိုက်ခိုက်ဖူးပေ။ စစ်တပ်သည် လူထုထောက်ခံမှု မရှိသလောက် ဖြစ်နေပြီး စစ်မျက်နှာ နှစ်ခုတွင် တိုက်ခိုက်နေရသောကြောင့် စစ်ရှုံးနေသည်။
PDF လူငယ် စစ်သည် အများစုသည် ဗမာမိသားစုများမှ ဖြစ်သည်။ သို့သော် စစ်ကောင်စီ ကျောခိုင်းသွားရေးနှင့် အာဏာခွဲဝေယူသည့် အစိုးရကို မြင်လိုသော တိုင်းရင်းသား လူငယ်များလည်း ပူးပေါင်းလာကြသည်။
စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးဆိုသည့် အားလုံး၏ အရေးထက် မလျော့သော တော်လှန်ရေး အင်အားစုများသည် စင်ပြိုင် အရပ်သား ဦးဆောင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်သို့ ရောက်လာကြသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က PDF များကို လေ့ကျင့်၊ လက်နက် တပ်ဆင်ပေးသော်လည်း ထိုနှစ်ဖွဲ့လုံးသည် တူညီသည့် အမိန့်ပေးကွင်းဆက်အောက်တွင် မရှိပေ။ ၎င်းတို့သည် အမျိုးမျိုးသော ညှိနှိုင်းမှုအဆင့်များနှင့် အကန့်အသတ်ရှိသော NUG လမ်းညွှန်မှုအောက်တွင် လှုပ်ရှားနေသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် PDF များသည် စစ်ကောင်စီတပ်များကို မလှုပ်နိုင်အောင် ထိန်းချုပ်ကာ စိတ်ဓာတ်ကို တဖြည်းဖြည်း ချေမှုန်းနေပြီး စစ်မြေပြင် အောင်ပွဲများရနေသောကြောင့် စစ်တပ်သည် ဖိအားပေးခံနေရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သော ညီနောင်မဟာမိတ် သုံးဖွဲ့သည် တရုတ်နယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်းတွင် ညှိနှိုင်းထိုးစစ် စတင်သည်။ မြို့ပေါင်း နှစ်ဒါဇင်ခန့်နှင့် စစ်တပ်အခြေစိုက်စခန်း အများအပြားကို သိမ်းပိုက်သည်။
ထိုအောင်မြင်သော တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဆန့်ကျင်ရေး အခြားအင်အားစုများ ထိုးစစ်ဆင်ရန် စိတ်ဓာတ်တက်ကြွစေသည်။ ထိုအချိန်မှ စတင်ပြီး တော်လှန်ရေး စစ်ကြောင်းများက နောက်ထပ်မြို့များနှင့် စစ်တပ်စခန်းများကို သိမ်းပိုက်ကြသည်။ မြန်မာတဝန်းမှ နောက်ထပ်ဒေသများသည် စစ်ကောင်စီလွှမ်းမိုးမှုမှ လွတ်မြောက်လာကြသည်။
ချောင်ပိတ်မိနေသော စစ်ကောင်စီသည် နောက်ဆုံး ကြံရာမရဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များဖြင့် ပစ်ခတ်မှုများပြုလုပ်ပြီး နောက်ဆုံး မကြာမီ အဓိကမြို့ကြီးများ၊ အထူးသဖြင့် နေပြည်တော်တွင်သာ ရပ်တည်နိုင်တော့မည်ဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကျဆုံးတော့မည်မှာ ထင်ရှားသည်။ လာမည့်လများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မည်သို့ ကြုံတွေ့ရမည်နှင့် ပတ်သက်၍ မြန်မာ၏ အားပြိုင်မှုများသော၊ ဝေဝါးသော အနာဂတ်တွင် စစ်တပ်၏ အခန်းကဏ္ဍကို ဆုံးဖြတ်မည်ဖြစ်သည်။
ခုခံတော်လှန်ရေး တပ်ပေါင်းစုအတွက် ကြီးမားသော စိန်ခေါ်မှုမှာ သက်တမ်းရင့်စစ်တပ်ကို အနိုင်ယူရန် ဖြစ်သော်လည်း နောက်ဆုံး အောင်နိုင်သူများအတွက် အရေးပါသော မေးခွန်းမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော နိုင်ငံကို ထိန်းသိမ်းနိုင်ရေး အခြား အာဏာခွဲဝေရေး အစိုးရအစီအစဉ်နှင့် ဗဟိုအာဏာပိုင်ခွင့် မည်သို့ ချမှတ်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ်ပါဝင်သည့် အာဆီယံအနေဖြင့် မြန်မာကို မူးယစ်ဆေး၊ လူကုန်ကူးမှုနှင့် အခြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ဖြစ်နေသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အများအပြားအဖြစ် မပြိုကွဲသွားစေရန်၊ အထူးသဖြင့် အုပ်ချုပ်ရန် ခက်ခဲသည့် တောင်ပေါ် တိုင်းရင်းသား ဒေသများတွင် ထိုသို့ မဖြစ်စေရေးအတွက် ကြားဝင်စေ့စပ် အကျပ်အတည်း လျှော့ချရေး အခန်းမှ ပါဝင်ရန် လိုအပ်သည်။
လက်ရှိအခြေအနေတွင် တော်လှန်ရေးအင်အားစု မည်သည့်အချိန်တွင် မည်သို့နိုင်မည်ကို အတိအကျပြောရန် ခက်သော်လည်း စစ်တပ်သည် မြန်မာပြည်တွင်းစစ်ကို မနိုင်ကြောင်း ထင်ရှားသည်။
ထိုင်းကဲ့သို့သော အာဏာသိမ်းမှုများသည့် နိုင်ငံတခုအတွက် မြန်မာသည် ပိုမို အာမခံချက်ရှိသော အနာဂတ်ကို တည်ဆောက်ရန် ပိုင်းဖြတ်ထားသည့် လူထုထောက်ခံသော လက်နက်ကိုင်ခုခံဆန့်ကျင်မှုသည် တင့်ကားများနှင့် သေနတ်များကို မည်သို့ အနိုင်ယူနိုင်ကြောင်း ပြသသည့် ဇာတ်လမ်းတပုဒ်ဖြစ်သည်။
တိုင်းရင်းသားတပ်မတော်များသည် မြန်မာစစ်တပ်ကို ထိုးနှက်နေကြသော်လည်း ပြည်တွင်းစစ်၏ အညတြ သူရဲကောင်းများမှာ အဆုံးစွန် စွန့်လွှတ်မှုများ ပြုလုပ်ခဲ့သည့် PDF တိုက်ခိုက်ရေးသမားများ ဖြစ်သည်။
လူနေမှု ဘဝတိုးတက်ရေးနှင့် လွတ်လပ်မှု လိုလားသည့် နည်းပညာနားလည်သည့် လူငယ်များ စွမ်းဆောင်ရည်ရှိခြင်းသည် သက်ဦးဆံပိုင်စနစ်ကို ခေါင်းထောင်မလာအောင် လုပ်လိုသည့် နိုင်ငံရှေ့ခရီးအတွက် လမ်းကြောင်းတခု ဖန်တီးပေးနိုင်သည်။
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများသည် အာဏာသိမ်းသူများအပေါ် ရိုက်ခတ်မှု ရှိသော်လည်း ပွဲသိမ်းတိုက်ပွဲ မဟုတ်ပေ။ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများက ချမှတ်သည့် ဒဏ်ခတ်သော ဘဏ္ဍာရေးနှင့် နိုင်ငံရေး အစီအမံများသည် စစ်ကောင်စီခေါင်းဆောင်များနှင့် ၎င်းတို့၏ ထိပ်တန်းခရိုနီများကို အရှက်ရစေပြီး ခရီးသွားလာမှုနှင့် ဘဏ္ဍာရေးကိစ္စများကို ဖြတ်တောက်သည်။ သို့သော် နိုင်ငံတကာ အသိုက်အဝန်းသည် အာရုံစိုက်မှု အကန့်အသတ်ရှိပြီး အခြားနေရာများမှ ပိုမိုကြီးမားသည့် အကျပ်အတည်းများကို ဖြေရှင်းနေရသည်။
လက်ရှိအချိန်အထိ အာဆီယံသည် တွေ့ဆုံဆွေးနွေးရန်နှင့် လူသားချင်းစာနာမှု အကူအညီပေးရန် ၂၀၂၁ ခုနှစ်၊ ဧပြီလက ချမှတ်ခဲ့သည့် အသုံးမဝင်သော ဘုံသဘောတူညီချက် ၅ ချက် ငြိမ်းချမ်းရေး အစီအစဉ်နှင့် ပတ်သက်လျှင် အထူးဝမ်းနည်းစရာကောင်းသည်။
မြန်မာပြည်တွင်းစစ်၏ ရလဒ်ကို နောက်ဆုံးတွင် နိုင်ငံတွင်းမှ ပြည်သူများက ဆုံးဖြတ်မည် ဖြစ်သည်။ သို့သော် လက်ရှိ အရှိန်အဟုန်၏ ဦးတည်ရာက အာဏာရှင်စနစ် ခေါင်းထောင်ထလာနေသည့် ကမ္ဘာတွင် မြန်မာပြည်သူများသည် မည်သို့ ပြန်လည် တိုက်ခိုက်နိုင်သည်ကို ပြသသည့် ဥပမာတခုဖြစ်သည်။
SOURCE – IRRWADDY