စစ်ကောင်စီကစစ်မှုမထမ်းမနေရဥပဒေကိုထုတ်ပြန်လိုက်တာ၁၀ရက်ကျော်ရှိလာပါပြီ။အခုချိန်ထိထိုဂယက်ဟာပြည်သူတွေကြားမှာကြီးမားစွာရိုက်ခတ်နေဆဲပဲ။၁၀ရက်ကျော်ကြာတဲ့အထိတော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကထိုဥပဒေထွက်ပေါ်လာခြင်းအပေါ်ထိရောက်တဲ့တုန့်ပြန်မှုတွေလုပ်နိုင်တာမတွေ့ရပါဘူး။လက်နက်ကိုင်အဖွဲ့အစည်းတွေကလွတ်မြောက်နယ်မြေကိုလာကြဖို့နဲ့စစ်ကောင်စီကိုတိုက်ဖို့PDFထဲဝင်ဖို့လူငယ်တွေကိုဖိတ်ခေါ်ကြတယ်။NUGကတော့လိုက်နာရန်မလိုဆိုတာတခုနဲ့ပြီးသွားတယ်။သူတို့ရဲ့တုန့်ပြန်မှုတွေဟာလမ်းပျောက်နေတဲ့လူငယ်တွေအတွက်အဖြေတစ်ခုမဟုတ်ပါဘူး။ဒီအချိန်မှစစ်ကောင်စီအပေါ်ထိရောက်တဲ့တုန့်ပြန်မှုတွေပေါ်မလာသေးဘူးဆိုရင်နောက်ထပ်လဲပေါ်လာနိုင်ဖွယ်မရှိတော့ပါဘူး။
တကယ်တော့လဲစစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေအပေါ်ထိထိရောက်ရောက်တုန့်ပြန်နိုင်တဲ့နည်းလမ်းနှစ်ခုပဲမြင်မိပါတယ်။ပထမနည်းလမ်းကစစ်ရေးအရအဆက်မပြတ်ဖိအားပေးခြင်းနဲ့ဒုတိယနည်းလမ်းကတော့အထွေထွေလူထုသပိတ်တိုက်ပွဲပါပဲ။လက်ရှိအချိန်မှာစစ်ကောင်စီကိုစစ်ရေးအရအဆက်မပြတ်ဖိအားပေးဖို့ကလဲ၁၀၂၇စစ်ဆင်ရေးရပ်တန့်သွားပြီးနောက်ရခိုင်ပြည်နယ်ကလွဲပြီးတနိုင်ငံလုံးမှာစစ်ရှိန်လျော့ကျနေတယ်။စစ်ကောင်စီကိုဖိအားပြန်ပေးနိုင်ဖို့အတွက်၁၀၂၇စစ်ဆင်ရေးလိုမျိုးနောက်လှိုင်းတစ်ခုလာဖို့လိုနေတယ်။ဒုတိယနည်းလမ်းဖြစ်တဲ့လူထုသပိတ်တိုက်ပွဲကတော့ပိုလိုတောင်အလှမ်းဝေးပါသေးတယ်။အဆုံးစွန်အကြမ်းဖက်ရက်စက်နေတဲ့စစ်အုပ်စုရဲ့သေနတ်ပြောင်းအောက်မှာပြည်သူတွေလမ်းပေါ်မှာဆန္ဒပြဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါ။ဒါ့အပြင့်လူထုသပိတ်တိုက်ပွဲလုပ်ချင်ရင်တောင်ဦးဆောင်မဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်မျိုးလက်ရှိနိုင်ငံရေးနယ်ပယ်မှာမရှိတော့ပါဘူး။ဒီအချက်ထပ်စာရင်စစ်ရေးအရဖိအားပေးဖို့ကအနည်းငယ်ဖြစ်နိုင်ေခြရှိသေးတယ်။ဒါ့ကြောင့်စစ်ကောင်စီရဲ့စစ်သားစုဆောင်းမှုတွေစတင်မယ့်သင်္ကြန်မတိုင်မှီမှာစစ်တပ်ကိုဖိအားပေးနိုင်မယ့်ထိုးစစ်ကြီးတစ်ခုခုထပ်မံဖော်ဆောင်ဖို့လိုနေပါတယ်။မိုးမတိုင်ခင်ထိုးစစ်ကြီးတစ်ခုမဖော်ဆောင်နိုင်ရင်တော့ပြည်သူတွေရဲ့ဘဝဟာစစ်တပ်ပြုသမျှနုရပါလိမ့်မယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။