စစ်မှုထမ်းဥပဒေထုတ်လိုက်တဲ့သတင်းကြောင့်ရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာညဘက်လူအသွားအလာအတော်ကျဲပါးသွားတယ်။ပေါ်တာဆွဲတဲ့သတင်းတွေကကောလဟာလမှန်းမသိတကယ်မှန်းမသိထွက်နေတာကိုး။တာစီးပွားရေးမြို့တော်ရန်ကုန်မှာတောင်ရုံးတွေအလုပ်တွေရုံးဆင်းချိန်ပြောင်းလိုက်ပြီးဝန်ထမ်းတွေကိုအိမ်စောစောပေးပြန်ကြတယ်။ည၈နာရီနောက်ပိုင်းလောက်ဆိုအသွားအလာကျဲသွားပြီ။မန္တလေးမှာလဲထိုနည်းလည်းကောင်းပဲ။မြို့ထဲမှာရောမြို့သစ်ဘက်မှာပါည၇နာရီနောက်ပိုင်းဆိုရင်လူမရှိတော့ပါဘူး။ဘာတွေကလပ်တွေမှာတောင်လူသိပ်မလာကြတော့ဘူး။နေ့ဘက်တွေမှာလဲစစ်ကောင်စီကရဲတွေမော်တော်ပီကယ်တွေဒီရက်ပိုင်းအဖမ်းအဆီးကြမ်းနေတယ်။တွေ့သမျှဆိုင်ကယ်တွေကိုအကြောင်းမရှိအကြောင်းရှာဖမ်းဆီးငွေညှစ်နေကြတာပါပဲ။မန္တလေးမှာကဒုစရိုက်မှုတွေဆိုင်ကယ်လုယက်မှုတွေအစကတည်းကပေါနေတော့မြို့ခံတွေအပြင်သိပ်မထွက်ကြတော့ဘူး။လူတိုင်းဟာအပြင်မှာပုံမှန်သွားလာလှုပ်ရှားနေကြပေမယ့်စိုးရိမ်စိတ်တွေနဲ့မလုံခြုံတော့ပါဘူး။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။