စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေ ပိုပြီးတိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဇန်နဝါရီလ ၁၁ ရက်ကစပြီး ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရခဲ့တာပါ။
စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် မင်းပြား ၊မြေပုံ၊ ပေါက်တောနဲ့ မြောက်ဦးမြို့နယ်တွေမှာ နှစ်ရက်အတွင်းမှာ အရပ်သား ၁၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၂ ရက် ညပိုင်းက မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၇၆ နှစ်အရွယ် ဦးသိန်းထွန်းစိန် သေဆုံးခဲ့တဲ့အပြင် သုံးဦးဒဏ်ရာရခဲ့တယ်လို့ မြောက်ဦးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့ညက ၁၀ နာရီ၊ မိနစ် ၂၀ လောက်ရှိမှာပေါ့။ ပြည်သူတွေ နှစ်ယောက်၊ သုံးလောက် ထိသွားပါတယ်။ ထမ္မရာဇ်ရပ်ကွက်ထဲ ကျပါတယ်။ အခုလည်း တစ်မနက်လုံး ပစ်နေပါတယ်။ ၅ နာရီကျော်လောက်ကနေ အခုလည်း ပစ်တုန်းပါ။ လက်နက်ကြီးနဲ့၊ လေယာဉ်တွေနဲ့ ပစ်နေပါတယ်၊ အခုလေ။ မြောက်ဦးကို ပစ်တယ်။ ရွာတွေကို ဖြိုပစ် နေပါတယ်”
ဒီအပြင် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲခဲ့လို့ မင်းပြားမြို့နယ် ကြောင်ရှည်ချောင်းရွာက ကိုထွန်းအေးနိုင်၊ ပိုက်သည်ရွာက အသက် ၁၃ နှစ်အရွယ် အာလီဇူဖော့ကာ၊ ဦးလှမောင်သိန်းတို့ ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းကလည်း မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားတွေ ဝင်လာပြီး အသက် ၄၅ နှစ်အရွယ် ဦးသိန်းမောင်ချေ အပါအဝင် လေးဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
“ရွာတွေကတော့ အကုန်လုံးမီးရှို့နေပြီ။ နေအိမ် အလုံးနှစ်ရာလောက်က မီးလောင်သွားတယ်”
အလားတူ ပေါက်တောမြို့နယ်၊ တောင်းဖူးရွာကိုလည်း ဇန်နဝါရီလ ၁၁ ရက်က အင်အားတစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ခဲ့ပြီး အိမ်တွေကို မီးရှို့ခဲ့သလို ဒေသခံ ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီအပြင် ဒေသခံတစ်ဦးကို ပစ်သတ်ထားခဲ့တယ်လို့ ပေါက်တောဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ (စစ်ကောင်စီ) က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ နေဗီလေးစီးနဲ့နေပြီးတော့ ဝင်ရောက်မီးရှို့တယ်၊ ရှိတဲ့သူကို လိုက်ဖမ်းတယ်။ ပြီးရင် သေနတ်နဲ့ ပစ်သတ်သွားတယ်။ အဲဒီမှာ ကိုမောင်ဆန်းဝင်းကတော့ သေနတ်နဲ့ ပစ်ခံရတဲ့သူပေါ့။ အဲမှာ ဆယ်ယောက်လောက်တော့ ဖမ်းထားတယ်။ ဆယ်လောက်ဖမ်းထားတဲ့လူ စာရင်းတော့မရဘူး။ သေဆုံးသွားတဲ့သူကတော့ ကိုမောင်ဆန်းဝင်းပေါ့။ လက်ရှိအခြေအနေကတော့ တစ်ယောက်မှ မရှိတော့ဘူး။ ရွာတွေကတော့ အကုန်လုံးမီးရှို့နေပြီ။ နေအိမ် အလုံးနှစ်ရာလောက်က မီးလောင်သွားတယ်”
လက်ရှိမှာ တောင်းဖူးရွာ အပါအဝင် သဝင်ချောင်း၊ တောင်ညို၊ အဝကန် စတဲ့ ရွာတွေက အရပ်သားခြောက်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်၊ သရက်တောင်ကျေးရွာမှာလည်း ဒီဇင်ဘာလ ၁၂ ရက်၊ ညနေပိုင်းမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ပါတယ်။ ကျောက်တော်မြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ဒဏ်ရာရသူ ဆယ်ဦးဝန်းကျင်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ယာယီအပစ်အခတ် ရပ်စဲလိုက်ပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင်နိုင်ငံရေးသမားတစ်ဦးက RFA ကို ပြောပါတယ်။
“ရှမ်းမြောက်မှာ ယာယီအပစ်အခတ်ရပ်စဲလိုက်တဲ့အခါကျတော့ ဒီ SAC(စစ်ကောင်စီ) အနေနဲ့ ရှမ်းမြောက်မှာ သုံးရတဲ့ အင်အားတွေ အထူးသဖြင့် လေကြောင်း တိုက်ခိုက်မှုတွေကို ရခိုင်ဘက်မှာ ပိုပြီးတော့မှ အားစိုက်လို့ရတာပေါ့လေ။ အခု နောက်ပိုင်းတွေ့နေရတာက တိုက်ပွဲတွေပဲဖြစ်ဖြစ်၊ သူတို့(စစ်ကောင်စီတပ်) တိုက်ခိုက်ခံရတဲ့အနေအထားတောင် မဟုတ်သေးဘူး။ တိုက်ခိုက်နိုင်တယ်ဆိုတဲ့ နေရာမျိုးတွေကို ရှင်းလင်းတဲ့ပုံစံလုပ်တယ်။ လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေ၊ အခုနောက်ပိုင်းမှာ Drop Bomb တွေကို ဒရုန်းတွေနဲ့ တော်တော်များများ သုံးလာတာတွေ့ရတယ်”
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာလည်း ညီနောင်မဟာမိတ်တွေအနေနဲ့ ရှမ်းမြောက်က စစ်ကောင်စီ စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ဖို့ သဘောတူထားသလို စစ်ကောင်စီကလည်း ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ်တွေ ထိန်းချုပ်၊ သိမ်းပိုက်ထားတဲ့နေရာတွေကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုမလုပ်ဖို့ သဘောတူထားပါတယ်။
ဒါပေမဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့မှာပါတဲ့ AA အခြေစိုက်လှုပ်ရှားတဲ့ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ တစ်စုံတစ်ရာ ဖော်ပြထားတာမရှိပါဘူး။
ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တစ်ကျော့ပြန်တိုက်ပွဲဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ဆိုရင် သုံးလပြည့်ခဲ့ပါပြီ။
ဒီသုံးလအတွင်း RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်ပြည်နယ်မှာ အရပ်သား ခြောက်ဆယ်ဦးထက် မနည်း သေဆုံးခဲ့ပြီး ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။