မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးဟာ တချိန်မှာရပ်တန့်သွားမယ်ဆိုတာမျှော်လင့်ပြီးသားပါ။ ဘယ်အချိန်မှာရပ်တန့်မယ်မှန်း ကြိုမသိခဲ့ပေမယ့် အခုရပ်တန့်လိုက်တဲ့အချိန်မှာတော့ တော်လှန်ရေးအတွက် အကျိုးများစွာဖြစ်ထွန်းခဲ့ပြီး စစ်ကောင်စီကိုအတော်အထိနာစေခဲ့တယ်။ ဒီစစ်ဆင်ရေးမရှိခင်ကဆို နွေဦးတော်လှန်ရေးဟာ သူမသာကိုယ်မသာအခြေအနေနဲ့ အချိန်အတော်ကြာအီနေခဲ့တာပါ။ ထိုသို့အီနေတဲ့အခြေအနေမျိုးကြောင့် ပြည်သူတွေဟာ လမ်းပျောက်နေသလို၊ မျှော်လင့်ချက်တွေတဖြည်းဖြည်းနည်းလာနေသလိုခံစားနေရတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို ဒီစစ်ဆင်ရေးက ပြောင်းပြန်လှန်ပြောင်းလဲပေးလိုက်နိုင်တယ်။ မြန်မာပြည်မှာ စစ်တပ်ဆိုတာဖြိုချလို့မရတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုတာ ပြသနိုင်ခဲ့တယ်။ နိုင်ငံတကာရဲ့ စစ်ကောင်စီဗဟိုပြုပြုပြင်ပြောင်းလဲရေးဆိုတဲ့အမြင်တွေကိုလဲ ကွာကျစေခဲ့တယ်။ စစ်ကောင်စီရဲ့အံအားသင့်လောက်အောင် စစ်ရေးစွမ်းရည်နိမ့်ကျနေမှုကိုလဲ ထင်သာမြင်သာရှိစေခဲ့တယ်။ တနိုင်ငံလုံးမှာရှိတဲ့ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေကိုလဲ အားတက်စေခဲ့တယ်။ တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားကြောင့် အပစ်ရပ်လိုက်ရပေမယ့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ဒီအခြေအနေနဲ့ကျေနပ်နေလိမ့်မယ်လို့တော့မထင်ဘူး။ ဘယ်လိုအပြောင်းအလဲတွေနဲ့ရှေ့ဆက်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...