ကချင်ပြည်နယ်KIAဌာနချုပ်တည်ရှိရာလိုင်ဇာမြို့အနီးမှာစစ်ကောင်စီရဲ့သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီးကိုKIAကပစ်ချလိုက်ပါတယ်။ထိုရဟတ်ယာဉ်ဟာလိုင်ဇာမြို့အနီးမှာတည်ရှိတဲ့စစ်ကောင်စီစခန်းကိုလက်နက်ရိက္ခာလာပို့တဲ့အချိန်မှာပစ်ချခံလိုက်ရတာပါ။KIAဘက်ကတော့လေယာဉ်မှုးနှစ်ဦးအပါအဝင်ရဟတ်ယာဉ်ပေါ်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးလုံးသေဆုံးသွားတယ်လို့ပြောလိုက်တယ်။စစ်ကောင်စီဘက်တော့တစ်စုံတစ်ရာမပြောသေးပါဘူး။ဒီတခေါက်ကရှင်းလင်းပြတ်သားတဲ့ဗီဒီယိုဖိုင်တွေထွက်လာတဲ့အတွက်စစ်ကောင်စီဘက်ကအရင်လိုငြင်းလို့လဲမရတော့ပါဘူး။
KIAဟာ၂၀၂၁ခုနှစ်အတွင်းကလဲစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချခဲ့ဘူးသေးတယ်။နွေဦးတော်လှန်ရေးကာလအတွင်းမှာတော့ဒါနဲ့ဆိုရင်စစ်ကောင်စီဟာစစ်သုံးရဟတ်ယာဉ်ငါးစီးခန့်နဲ့တိုက်ခိုက်ရေးဂျက်လေယာဉ်၂စီးဆုံးရှုံးထားပါတယ်။ဒီနေ့KIAကပစ်ချခဲ့တဲ့ရဟတ်ယာဉ်ကိုတော်လှန်ရေးအတွက်နှစ်သစ်လက်ဆောင်လို့မှတ်ယူလိုက်မယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။