၁၀၂၇စစ်ဆင်ရေးဟာစစ်ကောင်စီကိုအကြီးအကျယ်အရှိုက်ထိစေခဲ့ပါတယ်။စစ်တပ်ရဲ့သမိုင်းမှာဒီလောက်ကျယ်တဲ့နယ်မြေဧရိယာအကျယ်အဝန်းကိုတစ်ခါမှမဆုံးရှုံးခဲ့ဖူးဘူး။ဒါ့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းဧရိယာကြီးတစ်ခုလုံးကို၃ရက်အတွင်းဆုံးရှုံးလိုက်ရတာဖြစ်တယ်။ပြီးတော့ဒီစစ်ဆင်ရေးဟာနွေဦးတော်လှန်ရေးကာလအတွင်းမှာမနှစ်ကရခိုင်မှာအေအေကဒီလိုအချိန်စစ်တပ်ကိုတိုက်စစ်စဖွင့်ပြီးနောက်ဒုတိယမြောက်အကြိမ်စစ်တပ်ဟာအလုံးအရင်းနဲ့တိုက်ခိုက်ခံလိုက်ရတာပဲ။ဒီတကြိမ်မှာတော့စစ်တပ်ဟာရခိုင်မှာထပ်ဆုံးရှုံးမှုအတိုင်းအဆမရှိပိုမိုကြီးမားတယ်။ဘာလို့လဲဆိုတော့မနှစ်ကရခိုင်မြောက်ပိုင်းအေအေဟာတိုက်စစ်ဖွင့်ပြီးနှစ်လကျော်ကြာသည့်တိုင်မြို့တမြို့မှမသိမ်းနိုင်ခဲ့ဘူး။နယ်စပ်ကနယ်ခြားစောင့်စခန်း၃၀ခန့်ကိုသာသိမ်းနိုင်ခဲ့တယ်။နှစ်လကျော်ကြာလာတဲ့အခါမှာလက်နက်ခဲယမ်းမလုံလောက်မှုနဲ့ရခိုင်ပြည်သူတွေထိခိုက်လာမှုကြောင့်စစ်တပ်နဲ့အပစ်ရပ်လိုက်ရတယ်။အခုရှမ်းမြောက်မှာတပတ်မပြည့်ခင်မြို့၃မြို့နဲ့စစ်တပ်စခန်း၁၀၀ကျော်သိမ်းပိုက်နိုင်ခြင်းနဲ့ယှဉ်ကြည့်လို့ရတယ်။စစ်ဆင်ရေးဟာအရှိန်ကောင်းနေဆဲဖြစ်တာကြောင့်ထိုကိန်းဂဏန်းတွေဟာဆက်လက်မြင့်တက်လာဖို့ပဲရှိတယ်။
အခုဆိုရင်၁၀၂၇တော်လှန်ရေးစစ်ဆင်ရေးလှိုင်းလုံးကြီးဟာရှမ်းမြောက်၊ကရင်မှတဆင့်စစ်ကိုင်းတိုင်းအတွင်းကိုရောက်ရှိလို့လာပါပြီ။ဒီတော်လှန်ရေးမှာစစ်ကောင်စီကိုစစ်မျက်နှာများများဖွင့်နိုင်လေကောင်းလေဆိုတော့နောက်ထပ်စစ်မျက်နှာတွေထပ်ရှိလာရင်စစ်ကောင်စီဟာအတော်မျက်ဖြူစိုက်လာလိမ့်မယ်။နောက်ထပ်အလားအလာရှိတဲ့စစ်မျက်နှာတွေကတော့ရခိုင်နဲ့ကရင်နီဒေသတွေပါပဲ။ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ကြပါစို့။