အကြမ်းဖက် စစ်ကောင်စီက ဦးဆောင်ပြီး နေပြည်တော်မှာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ လေတပ် အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းပေးဖို့ Justice For Myanmar အဖွဲ့က စက်တင်ဘာ ၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
လေတပ်ညီလာခံကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေကို အာဆီယံက တိုက်ရိုက် ပံ့ပိုးပေးတဲ့ အကူအညီတွေအပေါ် ပြင်းပြင်းထန်ထန် ရှုပ်ချတယ်လို့လည်း Justice For Myanmar အဖွဲ့က ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဒီ လေတပ်အကြီးအကဲ ညီလာခံ ကျင်းပဖို့ လုပ်ဆောင်နေတာအပြင် စစ်အုပ်စုရဲ့ စစ်ဘက်၊ ရဲဘက် ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာဟာ မြန်မာတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေအပေါ် စာနာစိတ်ကင်းမဲ့တဲ့ လျစ်လျှူရှုမှုကို ပြသနေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေဟာ လူထုအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းမယ့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကိုလည်း မလိုက်နာတဲ့ မြန်မာ စစ်ကောင်စီကဦးစီးပြီး အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ကျင်းပမှာ ဖြစ်တဲ့အတွက် Justice For Myanmar က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။
အာဆီယံက စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ လေတပ်အကြီးအကဲများ ညီလာခံရဲ့ သဘာပတိအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးထွန်းအောင်ဆိုတာ စစ်ကောင်စီက သူ့ကို လေတပ်ဦးစီးချုပ်ခန့်အပ်ပြီး ၂၀၂၂ ဇန်နဝါရီလ နောက်ပိုင်း ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၉၃၀ ကျော်ကို အမိန့်ပေး ကွပ်ကဲခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ အမိန့်ပေးကွပ်ကဲမှုနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁ ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ တည်နေရာနဲ့ ဖြစ်ရပ်မှတ်တမ်းစီမံကိန်းရဲ့ အချက်အလက်တွေက ဆိုထားပါတယ်။
လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရတဲ့ အနမ့်ပါ လေကြောင်းတိုက်ခိုက်မှု၊ လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွေဟာ မြန်မာစစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ ကွပ်ကဲမှုအောက်မှာ ပေါ်ပေါက်ခဲ့ရတာလို့ Justice For Myanmar က ထောက်ပြထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ အာဆီယံ ကြည်း၊ ရေ၊ လေ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးနဲ့ ရဲတပ်ဖွဲ့အပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဦးဆောင်နေပြီး နေပြည်တော်မှာ အကြမ်းဖက်မှု တန်ပြန်လေ့ကျင့်မှု အစည်းအဝေးကို ပြုလုပ်ခဲ့သလို၊ စက်တင်ဘာလထဲမှာလည်း ရုရှားမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။
Justice For Myanmar အဖွဲ့ကတော့ အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံမှာ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို နေရာပေးတာဟာ မြန်မာပြည်သူတွေ အပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်နေတာကို သိသိကြီးနဲ့ ထောက်ခံနေတာလို့ အစောပိုင်း ကတည်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဟာ လက်ရှိအချိန်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် အရပ်သား သေဆုံးမှုတွေ ရှိနေတဲ့ အပြင် ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတီပါ ပျက်စီးမှုတွေ ရှိနေပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် ခေါင်းကိုက်နေရတဲ့ အခြေအနေမှာ ဘာကြောင့် အာဆီယံဘုံသဘောတူညီချက်ကို လေးစားလိုက်နာမှုမရှိတဲ့ စစ်ကောင်စီအတွက် စစ်ရေးအထောက်အပံ့ ရစေမှုကို ပံ့ပိုးနေလဲဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌသက်တမ်း ကုန်ခါနီးအချိန်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အချိန် တစ်နှစ်နဲ့ ဖြေရှင်းလို့ မရနိုင်ပေမယ့် လာမယ့် အာဆီယံဥက္ကဋ္ဌ လာအိုအတွက် အခြေခံအုတ်မြစ် ချပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့အတွက် အင်ဒိုနီးရှားနိုင်ငံဟာ သက်ဆိုင်သူအားလုံးနဲ့ အကြိမ်ပေါင်း ၁၄၀ ကျော်လောက် တိတ်တဆိတ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အဲဒီတွေ့ဆုံ ဆွေးနွေးမှုတွေရဲ့ ရလဒ်တွေကိုတော့ လူသိရှင်ကြား ချမပြခဲ့ပါဘူး။
ခန့်မှန်းမိသလောက်တော့ တွေ့ဆုံဆွေးနွေးတဲ့ ရလဒ်အဖြေတွေဟာ အာဆီယံအတွက် မြန်မာ့အကျပ်အတည်း ပြေလည်ဖို့ အဖြေမရတဲ့အပြင် ခေါင်းခြောက်စရာတွေချည်း ဖြစ်နေလိမ့်မယ်လို့ ယူဆပါတယ်။
သိသာထင်ရှားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပြည်သူအပေါ် အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ စစ်ကောင်စီကို တရားဝင်မှုနဲ့ အခွင့်အရေးတွေ ပေးနေသမျှ ကာလပတ်လုံး အာဆီယံအနေနဲ့ မြန်မာ့အရေးကို ပြေလည်အောင် ဖြေရှင်းပေးဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။
SOURCE – MIZZIMA