ဒေါ်လာဈေးတွေအဆမတန်ကြီးမြင့်လာပြီးနောက်ပြည်တွင်းမှာအထွေထွေကုန်ဈေးနှုန်းပါလိုက်ပါမြင့်တက်လာခဲ့တယ်။အခြေခံစားကုန်တွေဖြစ်တဲ့ဆန်ဈေးဆီဈေးတွေပါအပါအဝင်ပေါ့။အခုနောက်ပိုင်းမှာစစ်ကောင်စီဟာမြင့်တက်လာတဲ့ဈေးနှုန်းတွေကိုအတင်းအကြပ်ထိန်းချုပ်ဖို့ကြိုးစားလာတယ်။ဈေးကွက်စီးပွားရေးစနစ်မှာဈေးကွက်ကိုထိန်းချုပ်လို့မရနိုင်တဲ့အတွက်အခုလိုလုပ်ဆောင်နေတာကြောင့်ပစ္စည်းပြတ်လပ်မှုတွေဖြစ်ပေါ်လာနေပါပြီ။စစ်ကောင်စီကစားအုန်းဆီဈေးကွက်နဲ့ဆန်ကိုထိန်းချုပ်ထားပြီး ၎င်းတို့သတ်မှတ်ထားသည့် ဈေးဖြင့်တန်းစီစနစ်ဖြင့်ပမာဏကန့်သတ်၍ရောင်းချနေသောကြောင့်ပြီးတဲ့ခဲ့ရက်တွေကစပြီးပြည်သူတွေဟာဆန်တွေဆီတွေကိုတန်းစီတိုးကြိတ်ပြီးဝယ်ယူနေရပြီ။ဒီမိုကရေစီအစိုးရတွေလက်ထက်မှာတုန်းကမကြုံဖူးတာတွေကိုစတင်ကြုံတွေ့နေရပြီ။
စစ်အာဏာသိမ်းပြီးနောက်၂၀၂၁ခုနှစ်မှာကိုဗစ်ကြောင့်အောက်ဆီဂျင်တွေတန်းစီရတယ်။၂၀၂၂ခုနှစ်မှာကျတော့ဘဏ်တွေကငွေသားအလုံအလောက်မထုတ်ပေးနိုင်တော့လို့ငွေထုတ်တန်းစီရတယ်။အခု၂၀၂၃မှာဆန်တွေဆီတွေဝယ်ယူဖို့တန်းစီနေရတယ်။စစ်အုပ်စုမပြုတ်ကျသ၍၂၀၂၄မှာဘာတွေတန်းစီရဦးမလဲမသိနိုင်ဘူး။
နိုဝင်ဘာ ၁၆၊ ၂၀၂၃။ (ကြာသပတေး)
ရန်ကုန်ကကိုယ်တွေရဲ့ဇာတိမြို့နယ်တစ်ခုမှာဒီရက်ပိုင်းဗုံးတွေဆက်တိုက်ဆိုသလိုပေါက်နေတယ်။တနိုင်ငံလုံးမှာစစ်ကောင်စီကိုတော်လှန်နေကြချိန်မြို့ပြပေါက်ကျားတွေလဲအငြိမ်မနေပဲရန်ကုန်ကမြို့နယ်တွေမှာစစ်သူပုန်တွေတပ်စွဲထားတဲ့အုပ်ချုပ်ရေးမှုးရုံးတွေ၊တရားရုံးတွေ၊မီတာရုံးတွေကိုပစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်နေတာပါ။အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တဲ့မြို့ပြပျောက်ကျားတွေကိုမမိတာကြောင့်စစ်သူပုန်တွေဟာအများပြည်သူကိုရှက်ရမ်းရမ်းကာလမ်းပေါ်မှာသွားလာနေတဲ့ဆိုင်ကယ်တွေကိုအကြောင်းမဲ့ဆက်တိုက်ဆိုသလိုဖမ်းဆီးနေတယ်။အရင်လိုလမ်းမကြီးတွေပေါ်မှာသွားလာနေတဲ့ဆိုင်ကယ်တွေကိုသာဖမ်းဆီးတာမဟုတ်ပဲရပ်ကွက်တွေထဲထိပါဝင်ရောက်ဖမ်းဆီးနေတယ်။အဲ့ဒီတော့အများပြည်သူတွေနဲ့ဆိုင်ကယ်နဲ့အသက်မွေးဝမ်းကျောင်းရှာတဲ့သူတွေအကုန်ဒုက္ခရောက်ကုန်တယ်။ ဒါ့အပြင်ဒီရက်ထဲပိုဆိုးတာကရန်ကုန်မှာစက်သုံးဆီတွေပြတ်လပ်နေတယ်။နိုဝင်ဘာ၁၀ရက်နေ့လောက်ကစပြီးအဓိကအားဖြင့်ဓာတ်ဆီပြတ်လပ်နေတာဒီနေ့နဲ့ဆို၇ရက်လောက်ရှိနေပြီ။ဆီဆိုင်အတော်များများမှာဆီမရတော့လို့ရနိုင်တဲ့ဆိုင်တွေမှာကားတွေတိုးကြိတ်တန်းစီနေရတယ်။ဆိုင်ကယ်တွေဆိုရင်လမ်းဘေးဆိုင်လေးတွေမှာတောင်ထည့်လို့မရနိုင်တော့ဘူး။ရတဲ့ဆိုင်တွေမှာလဲတစ်လီတာလေးထောင်ကျပ်လောက်ပေးဝယ်နေရတယ်။အရင်ကဒီလိုစက်သုံးဆီပြတ်ရင်အများဆုံးသုံးလေးရက်လောက်သာကြာတတ်ပြီးအခုတော့တပတ်လောက်ရှိတဲ့အထိအဆင်မပြေသေးဘူး။နောက်ပိုင်းဆိုရင်စက်သုံးဆီပြတ်လပ်မှုဟာတဖြည်းဖြည်းနဲ့အခြေအနေပိုဆိုးလာလိမ့်မယ်။