Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

“ဒေါ်လာကိုင်သူ တို့ရန်သူ” စစ်ကောင်စီ၏ အရေးပေါ်လှုပ်ရှားမှု

September 2, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများနှင့်အတူ ဘက်ပေါင်းစုံ ယိုယွင်းလာပြီးနောက် ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေး စံချိန်တင် မြင့်တက်နေရာ အာဏာသိမ်းစစ်တပ်က “ဒေါ်လာကိုင်သူ တို့ရန်သူ” မူကိုင်ကာ ပြာပြာသလဲ ဆောင်ရွက်နေသည်ကို တွေ့ရသည်။​

စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်များ ထုတ်ဝေပြီးနောက်ပိုင်း ထိန်းမနိုင်သိမ်းမရဖြစ်လာသော ဒေါ်လာဈေးကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းကာ အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်လာရာ နေပြည်တော်ရှိ အရာရှိကြီးများအနေဖြင့် ရုံးပိတ်ရက်ပင် မနားနိုင်ဘဲ အလုပ်များနေရသည်။

လွန်ခဲ့သည့် စနေနေ့ (ဩဂုတ် ၁၉) က နေပြည်တော်၌ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်၍ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ စီပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ နိုင်ငံခြားသုံးငွေကြေးနှင့် ပတ်သက်၍ အရေးပေါ်ဆွေးနွေးခဲ့ကြသည်။

နောက်တစ်ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်သော သတိပေးကြေညာချက်များ ထုတ်ပြန်သည်။

ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိကို ခြောက်လသာ ကိုင်ဆောင်နိုင်ကြောင်း၊ ထိုကာလကျော်လွန်၍ ကိုင်ဆောင်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ကြေညာသည်။

ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်သူများအတွက် ခွင့်ပြုထားသည့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ အထိ ရောင်းပေးနေသည်ဟုလည်း သီးသန့်ထုတ်ပြန်သည်။

စစ်ကောင်စီက ယခင်ကလည်း အလားတူထုတ်ပြန်ဖူးသည်။ ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန် ၁ ဒေါ်လာ ကျပ် ၄၀၀၀ အထိ မြင့်တက်လာပြီးနောက် စီးပွားရေးလုပ်ငန်းများ ကမောက်ကမဖြစ်လာချိန် ထပ်မံ သတိပေးထုတ်ပြန်ခြင်းပင်။

နေပြည်တော်၌ ပြုလုပ်ခဲ့သော အရေးပေါ်ဆွေးနွေးပွဲတွင် ဈေးကစားသူများကို ဖမ်းဆီးအရေးယူရန်၊ ပို့ကုန်သမားများ ဒေါ်လာအပြည့်အဝ ပြန်သွင်းနိုင်ရေး ကြပ်မတ်သွားရန်၊ မလိုက်နာသူများကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငွေကြေးလိမ်လည်မှုနှင့် နိုင်ငံခြားငွေကစားမှု စသည်ဖြင့် အမှုဆင် ဖမ်းဆီးအရေးယူရန် ဦးစားပေး ဆွေးနွေးခဲ့ကြသည်။

သို့သော် တိုးတိုးတိတ်တိတ်ဖြင့် အရောင်းအဝယ်ဖြစ်နေသော ဒေါ်လာဈေး ဆက်မြင့်တက်နေဆဲဖြစ်ကာ ယမန်နေ့ (ဩဂုတ် ၂၁) တွင် ၁ ဒေါ်လာ ကျပ် ၃၇၀၀ မှ ၄၀၀၀ အထိ ဖြစ်ခဲ့သည်။

ထိုအခြေအနေကို စစ်ကောင်စီတာဝန်ရှိသူများက ယနေ့တွင် ဝန်ခံပြောဆိုကြသည်။

နေပြည်တော်၌ ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်ကာ စီးပွားရေးနှင့် ဆိုင်သော ဝန်ကြီးဌာနသုံးခုမှ ဒုဝန်ကြီးများအပြင် ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌ နှစ်ဦးအထိ တက်ရောက်ကာ ဒေါ်လာဈေး၊ ရွှေဈေးနှင့် ကုန်စျေးနှုန်းထိန်းချုပ်မှုအကြောင်း အထူးတလည် ရှင်းလင်းကြသည်။

ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းကာ ကိုင်တွယ်ခဲ့သည့်အပြင် လက်ရှိ၌ တရားဝင်ငွေကြေးဈေးကွက် မပျောက်ဆုံးစေရေး အွန်လိုင်းရောင်းချမှုစနစ်ဖြင့် ဆောင်ရွက်နေသည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးဇော်မြင့်နိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ ပေးချေမှုတွေအားလုံးကို Online Trading မှာ အားလုံးရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီပေါ်မှာရှိနေတဲ့ ဈေးကွက်သည် Market ဈေးလို့ ဆိုလိုတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အွန်လိုင်းရောင်းချမှုစနစ်သည် ကုန်သွယ်ရေးအပါအဝင် စစ်ကောင်စီက ခွင့်ပြုပေးသည့် နိုင်ငံခြားငွေ လွှဲပြောင်းပေးချေခွင့်အတွက် ဒေါ်လာထောက်ပံ့ပေးနိုင်ကြောင်း၊ ဈေးနှုန်းကို ထိန်းညှိပေးထားကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က ဆိုသည်။

တရားဝင်သတ်မှတ်ဈေးအဖြစ် ၁ ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးနှင့် အဆမတန်ကွာဟနေသဖြင့် ဗဟိုဘဏ်က တိုက်ရိုက်ကြီးကြပ်ကာ ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ဈေးအမြင့်ဖြင့် ရောင်းချပေးနေရခြင်းဖြစ်သည်။

အွန်လိုင်းမှ ရောင်းသည့် အစီအစဉ်ကို ဇွန် ၂၃ တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်လာ ရောင်းလိုသူ ဝယ်လိုသူများအနေဖြင့် ဗဟိုဘဏ်မျက်မှောက်တွင် ရောင်းဝယ်ရခြင်းဖြစ်ကာ လက်ရှိတွင် ၁ ဒေါ်လာ ကျပ် ၂၉၂၀ မှ ၂၉၂၂ အထိကို ဗဟိုဘဏ်က ခွင့်ပြုထားသည်။

စစ်ကောင်စီအနေဖြင့် တရားဝင်သတ်မှတ်ဈေးထက် ကျပ် ၁၀၀၀ ခန့် ပိုသည့် ဒေါ်လာအရောင်းအဝယ်နှုန်းထားကို မဖြစ်မနေ ခွင့်ပြုပေးနေရခြင်းပင်။

စစ်ကောင်စီလက်ထက်တွင် ဒေါ်လာဈေး သုံးမျိုးဖြစ်လာပြီး တရားဝင်သတ်မှတ်ဈေး ကျပ် ၂၁၀၀ ၊ ဗဟိုဘဏ်မှ အွန်လိုင်းရောင်းဈေး ၂၉၀၀ ကျော်နှင့် ပြင်ပဈေးကွက်ပေါက်ဈေး ကျပ် ၃၅၀၀ အထက် ဖြစ်သည်။

ကမောက်ကမဖြစ်နေသော ငွေကြေးဈေးကွက်ကို ထိန်းချုပ်နိုင်ရေးအပြင် စစ်ကောင်စီက အမေရိကန်ဒေါ်လာ ရပေါက်ရလမ်းများကို နည်းလမ်းမျိုးစုံဖြင့် ပိတ်ဆို့နေသည်မှာ အာဏာသိမ်းပြီးကတည်းကပင် ဖြစ်သည်။

လူတစ်ဦးချင်းနှင့် ကုမ္ပဏီများ၏ နိုင်ငံခြားဘဏ်စာရင်းမှ ဒေါ်လာများကို ကျပ်ငွေဖြင့် လဲယူသည့်အပြင် ပို့ကုန်တင်ပို့ခြင်းမှ ရသော ဝင်ငွေ ၁၀၀ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ဖြင့် လဲလှယ်သည့်အစီအစဉ်ကို ၂၀၂၂ ဧပြီ၌ စတင်ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ငွေလဲနှုန်းမှာ ၁ ဒေါ်လာ ကျပ် ၁၈၅၀ ဖြစ်သည်။

ထို့နောက် ၂၀၂၂ ဩဂုတ်တွင် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ကျပ် ၂၁၀၀ ဖြင့် လဲလှယ်ရန် ပြင်ဆင်ခဲ့ပြီး ယခုနှစ် ဇူလိုင် ၁၄ တွင် ပို့ကုန်ရငွေ၏ တစ်ဝက်ကိုသာ လဲလှယ်ရမည်ဟု ပြောင်းလဲသတ်မှတ်ခဲ့ပြန်သည်။ ထို့ပြင် နိုင်ငံခြားငွေဖြင့် ရရှိသော သင်္ဘောသားများအနေဖြင့် လစာ‌ငွေ ဝင်လာသည်နှင့် ကျပ်ငွေ ပြောင်းထုတ်ပေးခြင်း၊ ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် လစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှ မဖြစ်မနေလွှဲရန်လည်း စစ်ကောင်စီက စီစဉ်ထားသည်။

အာဏာသိမ်းစစ်တပ်က နည်းလမ်းမျိုးစုံ ပိတ်ဆို့အရေးယူနေရာ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာဆိုသော အကြောင်းပြချက်ဖြင့် ငွေလဲကောင်တာများကို မကြာခဏပိတ်သိမ်းနေသည်။ လွန်ခဲ့သည့် မတ်လအတွင်း ကုမ္ပဏီ အခု ၂၀ ၊ ယခုလအတွင်း ကုမ္ပဏီ ၁၃ ခုတို့ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်ခွင့်လိုင်စင် ပိတ်သိမ်းခံရသည်။​

နိုင်ငံခြားဝင်ငွေနှင့် ထွက်ငွေ နှစ်ခုစလုံးကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီအနေဖြင့် အမေရိကန်ဒေါ်လာ ပြတ်လပ်လာမှုကို ဖုံးမနိုင်ဖိမရဖြစ်လာကြောင်း အမည်မဖော်လိုသည့် ပို့ကုန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်အုပ်စုကို ပြည်တွင်းပြည်ပက လက်မခံသလို ၎င်းတို့၏ စီမံခန့်ခွဲမှုအလွဲများကြောင့် ဒေါ်လာဈေး ကမောက်ကမဖြစ်လာသော်လည်း ကိုယ့်အမှားကိုယ​် ဝန်မခံဘဲ ပြည်သူလူထုကို အပြစ်ဖို့နေသည်ဟု ၎င်းက ဝေဖန်သည်။

“သူတို့ဘာသာသူတို့ ဝန်မခံဘူး။ ဒီလိုမျိုး ဒေါ်လာတွေ ပြတ်တောက်တာ၊ ရှားပါးလာတာ သူတို့ကြောင့်ဆိုတာ လက်မခံဘဲ ဈေးကစားလို့တို့၊ လုပ်ငန်းရှင်ကြီးတွေက ဘာလုပ်လို့တို့၊ ညာလုပ်လို့တို့၊ လက်ထဲကိုင်ထားတဲ့သူတွေက ဈေကစားလို့တို့ ဆိုပြီး လျှောက်ပြီး စွပ်စွဲတာပေါ့”

နိုင်ငံခြားဝင်ငွေအရင်းအမြစ်ကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပစ်မှတ်ထားပိတ်ဆို့ထားသဖြင့်လည်း စစ်ကောင်စီ အခက်တွေ့နေသည်။

မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ ဒေါ်လာဝင်ငွေများ ပြည်ပတွင် ပိတ်မိနေသဖြင့် စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း ဥရောပသမဂ္ဂက MOGE ပိတ်ဆို့အရေးယူခဲ့ရာ ဒေါ်လာသန်း ၅၀၀ ကျော် ပြည်ပတွင် ပိတ်မိနေသည်။

နိုင်ငံငွေကြေးနှင့် ပတ်သက်၍ အခရာအကျဆုံးဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပြီခဲ့သည့် ဇွန်လတွင် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ရာ စစ်ကောင်စီအတွက် တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်သွားသည်။

ထို့နောက် စင်ကာပူအခြေစိုက် United Overseas Bank – UOB ဘဏ်က မြန်မာနှင့် သက်ဆိုင်သည့် ငွေကြေးလွှဲပြောင်းမှုများကို ကန့်သတ်လာသည့်နည်းတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali ဘဏ်က စစ်ကောင်စီ၏ MFTB နှင့် MICB ဘဏ်နှစ်ခုက အပ်နှံထားသည့်​ငွေ ဒေါ်လာ တစ်သန်းကျော်ကို ပိတ်ပင်ခဲ့သည်။

ဒေါ်လာလိုအပ်ချက်ကို မဖြေရှင်းဘဲ အကြောက်တရားဖြင့် ဒေါ်လာထိန်းချုပ်ခြင်းသည် ကမောက်ကမဖြစ်နေသော ဒေါ်လာဈေးကို ပိုတက်စေကြောင်း ကုန်သည်များက ထောက်ပြသည်။

ပြည်တွင်းအတွက် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီနှင့် စားသုံးဆီနှစ်မျိုးအတွက် စစ်ကောင်စီက ဒေါ်လာရောင်းချပေးသော်လည်း အခြားသွင်းကုန်များကို ဒေါ်လာချွေတာရန် ကန့်သတ်ထားသည်။ ပြည်ပခရီးသွားရန် စစ်ကောင်စီခွင့်ပြုဘဏ်များ၌ ဒေါ်လာသွားဝယ်ရာတွင် အကန့်အသတ်များ ကြုံတွေ့နေရသည်။​

မြန်မာအနေဖြင့် လူသုံးကုန်မှအစ လုပ်ငန်းသုံးကုန်ကြမ်းများအထိ ပြည်ပမှ တင်သွင်းရခြင်းကြောင့် ဒေါ်လာလိုအပ်ချက်ကြီးမားသော်လည်း ဒေါ်လာပြန်လည်ရနိုင်သည့် ပို့ကုန်မှာ တိုးတက်မလာကြောင်း၊ ရှိသည့်ပို့ကုန်ဝင်ငွေကို စစ်တပ်ထိန်းချုပ်မှုကြောင့် ပို့ကုန်ဝင်ငွေ အမှန်မပြဘဲ နည်းလမ်းမျိုးစုံဖြင့် ထိမ်ချန်ကြောင်း ကုန်သည်များက ဆိုသည်။

ဒေါ်လာကိုင်သူတိုင်းကို မနှစ်သက်သည်အထိ ဖြစ်လာသည့် စစ်ကောင်စီက ပို့ကုန်ဝင်ငွေချန်ထားသူနှင့် အွန်လိုင်းတွင် ကြိုက်ရောင်းကြိုက်ဝယ်ရောင်းချသူများကို အကြီးအကျယ် နှိပ်ကွပ်လာဖွယ်ရှိနေသည်။

၂၀၁၆ မှ ၂၀၂၂ အထိ ပို့ကုန်ဝင်ငွေ ပြန်ဝင်ရန် ကျန်သူများကို နောက်ကြောင်းပြန် စိစစ်၍ ဒေါ်လာပြန်မထည့်ပါက အရေးယူမည်ဆိုသောကြောင့် ပို့ကုန်လုပ်ငန်းရှင်တိုင်း အခက်တွေ့နိုင်ကြောင်း ရန်ကုန်မြို့မှ စီပွားရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။

နိုင်ငံခြားသုံးငွေဈေးကွက်ကို ဖမ်းဆီးထိန်းချုပ်ခြင်းဖြင့် ကိုင်တွယ်သည့် စစ်ကောင်စီမူဝါဒကြောင့် စီးပွားရေးလုပ်ငန်းများမှာ အာမခံချက်ကင်းမဲ့သွားကြောင်း ၎င်းက ဆိုသည်။

“ဘာမှ အာမခံချက်မရှိသလို ဖြစ်သွားပြီ။ အားလုံးကို ဖမ်းမယ်ဆီးမယ်ဆိုရင် စီးပွားရေးက သွားပြီ။ စီပွားရေးလုပ်တဲ့သူတွေတောင် မဲဆောက်ကို သိန်းနဲ့ချီ ရောက်လာမလား မသိဘူး”

SOURCE – MYANMAR NOW

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English