စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာအသက်(၅၀)အရွယ် မိခင်နဲ့ အသက်(၃၀)အရွယ် သားဖြစ်သူတို့ ကျန်းမာရေး မကောင်းလို့ ရွာကနေ ခြောက်မိုင်ခန့် ဝေးတဲ့ ကလေးမြို့ကို ဆေးခန်းပြဖို့ ဆိုင်ကယ်နဲ့ အသွား စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးလုယက် မီးရှို့ သတ်ဖြတ် ခံလိုက်ရပါတယ်။နှစ်ယောက်လုံး မီးရှို့ သတ်ဖြတ်ခံလိုက်ရပြီး ဆိုင်ကယ်လည်း မီးရှို့သွားတယ်။ရုပ်တွေကဘယ်သူဘယ်ဝါမှန်းကိုမသဲကွဲတော့ပါဘူး။စစ်အုပ်စုဟာ သားအမိနှစ်ဦးကို ဖမ်းဆီးလုယက်ပြီး မီးရှို့သတ်ဖြတ်ခဲ့သလို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းတာကြောင့် စက္ကန့်ကျေးရွာက ခရစ္စယာန်ဘာသာရေး အဆောက်အဦ အပါအဝင် နေအိမ်တချို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သေးတယ်။
စစ်အုပ်စုဟာ ကလေးမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေသလို ကလေးမြို့ပေါ်မှာလည်း လမ်းတွေပိတ်၊ ဂိတ်တွေဖွင့်ပြီးအုပ်စုဖွဲ့လက်နက်ကိုင်ကာလမ်းသွားလမ်းလာတွေကို လက်နက်ပြမိုက်ကြေးခွဲငွေညှစ်တာ၊ပစ်ခတ်သတ်ဖြတ်တာတွေကျူးလွန်နေတယ်။ဩဂုတ်(၁၀)ရက်ကလည်း ကလေးမြို့၊ တောင်ဖီလာရပ်ကွက်မှာ ဂိတ်ဖွင့်ပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုက နေအိမ်ကို ထမင်းစားပြန်တဲ့ ပန်းရံအလုပ်သမား နှစ်ဦးကို ဆိုင်ကယ်တားပြီး ငွေညှစ်ဖို့ ကြိုးစားရင်း ပစ်ခတ်သတ်ဖြတ်ခဲ့ရာ အသက်(၂၈)နှစ်အရွယ် ပန်းရံလုပ်သား တစ်ဦးဦးခေါင်း သေနတ်မှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သေးတယ်။