မန္တလေး နန်းတွင်းထဲက စစ်အုပ်စု ဂိတ်တဲ ဒီမနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မန္တလေးမြို့အနှံ့ အကြမ်းဖက် သောင်းကျန်းကာ မြို့ခံလူငယ်တချို့ကိုလည်း ကားနဲ့လိုက်တိုက်ပြီး တရားခံရှာ ဖမ်းဆီးနေပါတယ်။မြို့ပြပျောက်ကျားအဖွဲ့တွေက (၈၀မမ) လက်လုပ် လက်နက်ကြီးနဲ့ နန်းတွင်းထဲ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို အမရပူရမြို့ကွက်သစ်သံလမ်းကနေပြီး စစ်အုပ်စုရဲ့ ပလစ ထောက်လှမ်းရေး (၁၆)အတွင်းကိုလည်း ပစ်ခတ်ခဲ့တယ်။ဒီလို တိုက်ခိုက်ခံရအပြီးမှာ စစ်အုပ်စုက မန္တလေးမြို့အနှံ့ အကြမ်းဖက်သောင်းကျန်းကာ ဒီနေ့လည်ပိုင်း လူငယ် လေးဦးထက်မနည်းကို ကားနဲ့လိုက်တိုက်၊ ရိုက်နှက်ညှဉ်းပန်းကာဖမ်းဆီးသွားတယ်။မန္တလေးမြို့ပေါ်အကြမ်းဖက်သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာအမရပူရမြို့၊ကန်ပတ်လမ်းရှိ ဘုန်းကြီးကျောင်းတစ်ခုကိုလည်း စစ်အုပ်စုက အိမ်စီးကား ခုနှစ်စီးနဲ့ သေနတ်ပစ်ဖောက် စီးနင်းဝင်မွှေ အကြမ်းဖက်ခဲ့တယ်လို့ ဆိုပါတယ်။ဘုန်းကြီးကျောင်းကို အကြမ်းဖက် စီးနင်းမှုရဲ့နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး။စစ်အုပ်စုဟာ မန္တလေးမြို့တွင်း လမ်းမတွေပေါ် အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲသလိုမျိုး ဖမ်းဆီးငွေညှစ်နေတယ်။