အကြမ်းဖက်စစ်ခေါင်းဆောင်တွေနေထိုင်တဲ့နေပြည်တော်ကိုလုံခြုံရေးသိသိသာသာတိုးမြှင့်လိုက်တယ်။NUGရဲ့လမ်းအားလုံးနေပြည်တော်သို့စီမံချက်ထွက်ပေါ်လာပြီးနောက်လုံခြုံရေးအင်အားတွေတိုးမြှင့်ချထားလိုက်တာဖြစ်တယ်။နေပြည်တော်အဝင်လမ်းအားလုံးကိုလုံခြုံရေးတင်းကျပ်ထားပြီးတချို့လမ်းတွေကိုဖျက်စီးခိုင်းထားတယ်လို့အတွင်းသတင်းတွေအရသိရတယ်။နေပြည်တော်နဲ့အနီးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတာလဲပါမှာပေါ့။အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာနေပြည်တော်ကိုခံစစ်စပြင်နေပြီဆိုပါတော့။
ဒါ့အပြင်စစ်ကောင်စီဟာအင်အားမလုံလောက်မှုကြောင့်မြို့ကြီးတွေမှာလုံခြုံရေးယူထားတဲ့တပ်တွေကိုထုတ်နုတ်ပြီးစစ်မြေပြင်တွေကိုပို့ဆောင်နေတယ်။အလစ်တိုက်ခိုက်ခံရမှာကိုစိုးရိမ်တာကြောင့်အဝေးပြေးလမ်းတွေပေါ်ကစစ်ဆးရေးဂိတ်တွေကိုလဲလျော့ချလိုက်တယ်။မြို့ပေါ်မှာတော့စစ်မှုထမ်းဟောင်းတွေ၊အခပေးစစ်သားတွေနဲ့အိုနာကျိုးကန်းတွေသာကျန်တော့တယ်။မြို့ပြပျောက်ကျားတွေအားနည်းသွားတဲ့အတွက်ဒီအခွင့်အရေးကိုတော်လှန်ရေးအဖွဲ့တွေအသုံးချနိုင်မယ်မထင်ဘူး။
အောက်တိုဘာ ၂၈၊ ၂၀၂၄။ (တနင်္လာ)
တော်လှန်ရေးဟာအရှိန်အဟုန်ရလာတယ်ဆိုပေမယ့်လဲဘယ်အချိန်ပြီးမလဲဆိုတာတော့မပြောတတ်သေးပါဘူး။ထိုအရှိန်အဟုန်ကိုတားဆီးနေတဲ့အဓိကအချက်၂ချက်ရှိပါတယ်။ ပထမအရာကတော့တရုတ်ပါ။သိကြတဲ့အတိုင်းတရုတ်ဟာစစ်ကောင်စီဘက်ရပ်တည်လိုက်ပြီးတော်လှန်ရေးကိုဖျက်လိုဖျက်စီးလုပ်နေပါပြီ။မြောက်ပိုင်းအဖွဲ့တွေနဲ့KIAကိုစစ်ကောင်စီကိုဆက်မတိုက်ဖို့အတင်းဖိအားပေးနေတယ်။နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပါပိတ်ပစ်နေပြီးစစ်ကောင်စီနဲ့ပေါင်းကာတော်လှန်ရေးထိန်းချုပ်နယ်မြေတွေကိုဖြတ်လေးဖြတ်လုပ်နေပါတယ်။တရုတ်ရဲ့ဖိအားတွေကြောင့်MNDAAဆိုထိုးစစ်တွေအားလုံးရပ်တန့်လိုက်ရပြီးတရုတ်အကြိုက်ကြေညာချက်တွေထုတ်ပြန်နေရတယ်။TLNAလဲရှေ့ဆက်သွားဖို့အခက်အခဲတွေရှိလာတယ်။ရခိုင်ကAAတစ်ဖွဲ့သာတရုတ်နဲ့နယ်မြေမထိစပ်နေတာကြောင့်ဖိအားကိုရှောင်လွဲပြီးစစ်ကောင်စီကိုအရှိန်အဟုန်မပြတ်တိုက်ခိုက်နေနိုင်တာပါ။ အကယ်၍တရုတ်သာဝင်မရှုပ်ခဲ့ဘူးဆိုရင်မြောက်ပိုင်းအဖွဲ့တွေဟာဒီအချိန်မှာပြင်ဦးလွင်ကိုသိမ်းပြီးလောက်ပြီ။ဆက်လက်ပြီးမန္တလေးကိုတိုက်ခိုက်ဖို့ပြင်ဆင်နေလောက်ပြီ။စစ်ရေးအရှိန်သာလျော့မကျသွားခဲ့ရင်ဒီနှစ်ကုန်နောက်နှစ်ဆန်းလာက်မှာစစ်ကောင်စီကိုဖြုတ်ချနိုင်မှာပါ။အခုတော့နောက်လှိုင်းတစ်ခုကိုစောင့်ရဦးမှာပေါ့။