မြန်မာပြည်မြောက်ပိုင်းကEAOအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေဒီလထဲမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ဇွန်လဆန်းကတရုတ်ရဲ့ကြားဝင်ပေးမှုအရတွေ့ဆုံခဲ့ရတဲ့စစ်ကောင်စီနဲ့မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့တို့ရဲ့ဆွေးနွေးပွဲပျက်သွားပြီးနောက်စစ်ကောင်စီရဲ့ထိုးစစ်တွေထိုဒေသမှာပြန်လည်စတင်လာတာတွေ့ရတယ်။တိုက်ပွဲတွေဟာTLNAနယ်မြေမှာရောMDAAနယ်မြေတွေမှာပါကြိုကြားကြိုကြားဖြစ်ပေါ်နေပြီးတိုက်ပွဲကြီးတွေတော့မတွေ့ရသေးပါဘူး။ဒါပေမယ့်စစ်တပ်ကဆက်လက်ထိုးစစ်ဆင်နေမယ်ဆိုရင်တိုက်ပွဲကြီးတွေဖြစ်လာမယ့်သဘောမှာရှိတယ်။မြောက်ပိုင်းမှာကချင်KIAအဖွဲ့ကလွဲလို့ကျန်တဲ့အဖွဲ့တွေဟာတရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်စစ်ကောင်စီကိုစတင်တိုက်ခိုက်တာမျိုးမတွေ့ရပဲယခုမှစစ်ကောင်စီတပ်တွေဘက်ကပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်။
ကချင်ပြည်နယ်မှာလဲလိုင်ဇာပတ်ဝန်းကျင်ကိုနယ်မြေစိုးမိုးမှုရယူနိုင်ဖို့ကြိုးစားနေတဲ့စစ်တပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးအပါအဝင်ထိပ်ပိုင်းအရာရှိအချို့နေပြည်တော်မှာဖမ်းဆီးစစ်ဆေးခြင်းခံနေရတယ်။KIAနဲ့ပတ်သက်နေတယ်ဆိုပြီးခေါ်ယူစစ်ဆေးနေတာပါ။ဒါကြောင့်ကချင်ပြည်နယ်ထဲမှာစစ်တပ်ရဲ့ထိုးစစ်ကြီးတွေမစတင်နိုင်သေးတာလားတော့မသိဘူး။KIAကိုဒီအချိန်မှာထိုးစစ်ပြုရင်လဲစစ်တပ်ဟာကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေမှာပဲ။
နိုဝင်ဘာ ၁၆၊ ၂၀၂၃။ (ကြာသပတေး)
ရန်ကုန်ကကိုယ်တွေရဲ့ဇာတိမြို့နယ်တစ်ခုမှာဒီရက်ပိုင်းဗုံးတွေဆက်တိုက်ဆိုသလိုပေါက်နေတယ်။တနိုင်ငံလုံးမှာစစ်ကောင်စီကိုတော်လှန်နေကြချိန်မြို့ပြပေါက်ကျားတွေလဲအငြိမ်မနေပဲရန်ကုန်ကမြို့နယ်တွေမှာစစ်သူပုန်တွေတပ်စွဲထားတဲ့အုပ်ချုပ်ရေးမှုးရုံးတွေ၊တရားရုံးတွေ၊မီတာရုံးတွေကိုပစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်နေတာပါ။အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တဲ့မြို့ပြပျောက်ကျားတွေကိုမမိတာကြောင့်စစ်သူပုန်တွေဟာအများပြည်သူကိုရှက်ရမ်းရမ်းကာလမ်းပေါ်မှာသွားလာနေတဲ့ဆိုင်ကယ်တွေကိုအကြောင်းမဲ့ဆက်တိုက်ဆိုသလိုဖမ်းဆီးနေတယ်။အရင်လိုလမ်းမကြီးတွေပေါ်မှာသွားလာနေတဲ့ဆိုင်ကယ်တွေကိုသာဖမ်းဆီးတာမဟုတ်ပဲရပ်ကွက်တွေထဲထိပါဝင်ရောက်ဖမ်းဆီးနေတယ်။အဲ့ဒီတော့အများပြည်သူတွေနဲ့ဆိုင်ကယ်နဲ့အသက်မွေးဝမ်းကျောင်းရှာတဲ့သူတွေအကုန်ဒုက္ခရောက်ကုန်တယ်။ ဒါ့အပြင်ဒီရက်ထဲပိုဆိုးတာကရန်ကုန်မှာစက်သုံးဆီတွေပြတ်လပ်နေတယ်။နိုဝင်ဘာ၁၀ရက်နေ့လောက်ကစပြီးအဓိကအားဖြင့်ဓာတ်ဆီပြတ်လပ်နေတာဒီနေ့နဲ့ဆို၇ရက်လောက်ရှိနေပြီ။ဆီဆိုင်အတော်များများမှာဆီမရတော့လို့ရနိုင်တဲ့ဆိုင်တွေမှာကားတွေတိုးကြိတ်တန်းစီနေရတယ်။ဆိုင်ကယ်တွေဆိုရင်လမ်းဘေးဆိုင်လေးတွေမှာတောင်ထည့်လို့မရနိုင်တော့ဘူး။ရတဲ့ဆိုင်တွေမှာလဲတစ်လီတာလေးထောင်ကျပ်လောက်ပေးဝယ်နေရတယ်။အရင်ကဒီလိုစက်သုံးဆီပြတ်ရင်အများဆုံးသုံးလေးရက်လောက်သာကြာတတ်ပြီးအခုတော့တပတ်လောက်ရှိတဲ့အထိအဆင်မပြေသေးဘူး။နောက်ပိုင်းဆိုရင်စက်သုံးဆီပြတ်လပ်မှုဟာတဖြည်းဖြည်းနဲ့အခြေအနေပိုဆိုးလာလိမ့်မယ်။