ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နေရာအချို့ဆီ ဆိုင်ကလုန်း မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် သီတင်းငါးပတ်ရှိသည့်တိုင်မြန်မာစစ်ကောင်စီသည်မုန်တိုင်းဒဏ်သင့်ပြည်သူတစ်သန်းကျော်ထက်မနည်း၏ အားချင်း လိုအပ်သော အကူအညီများကို ကန့်သတ်ပိတ်ဆို့နေဆဲ ဖြစ်သည်။
ပိုမိုလိုအပ်သော အကူအညီများ ပေးပို့မှုတွင် ကုလသမဂ္ဂနှင့် အာဆီယံတို့အား ကဖျက်ကယက် လုပ်ဆောင်နေခြင်းက စစ်ကောင်စီ၏ ပိုမို အထီးကျန်လာမှုကို မီးမောင်းထိုးပြနေပြီး AA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တင်းမာမှုများ မြင့်တက်စေသည်။
အဆင့် ၅ အပူပိုင်းမုန်တိုင်း မိုခါသည် မေ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းဆီ ဝင်ရောက်တိုက်ခတ်ရာ မြို့တော် စစ်တွေနှင့် အခြား မြို့နယ်များတွင် အိမ်များ ပြိုလဲရသကဲ့သို့ အခြေခံအဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးရစေကာ ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။
မုန်တိုင်း၌ လူပေါင်း ၁၄၅ ဦးခန့် သေဆုံးသည်ဟု အာဏာသိမ်း စစ်ကောင်စီက အတည်ပြုသော်လည်း သေဆုံးသူသည် ၄၀၀ ကျော်ထက်မနည်းရှိသည်ဟု အတိုက်အခံ အမျိုသားညီညွတ်ရေးအစိုးရ NUG က ခန့်မှန်းထားသည်။
လုံလောက်သော သတိပေးချက်များ ရှိခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာကို မုန်တိုင်းလမ်းကြောင်းမှ ဝေးရာ၊ ကမ်းရိုးတန်းမှ ဝေးရာ ကုန်းမြင့်များသို့ ရွှေ့ပြောင်းပေးခဲ့သည်။ သို့ရာတွင် စစ်တွေအနီးရှိ ရိုဟင်ဂျာ မွတ်စလင် အသိုက်အဝန်းအား အပြည့်အဝ မရွှေ့ပြောင်း၍ သေဆုံးထိခိုက်မှုများ ဖြစ်ပွားသည်။
ကုလသမဂ္ဂအေဂျင်စီများနှင့်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များသည်ကယ်ဆယ်ရေးထောက်ပံ့မှုများကို စုဆောင်းထားပြီး မုန်တိုင်း ဖြတ်ပြီးချိန် တတ်နိုင်သမျှ အကူအညီ မြန်မြန်ဆန်ဆန် ပေးရန် အသင့်ရှိထားခဲ့သည်။ ပြည်သူပေါင်း ၁ ဒသမ ၆ သန်း မုန်တိုင်းဒဏ်သင့်ခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ငါးပတ်အတွင်း၌ လူပေါင်း ၃၈၀,၀၀၀ က စားနပ်ရိက္ခာ အကူအညီအချို့ ရရှိပြီး ၁၄၄,၀၀၀ ကို ခိုလှုံရေးအကူအညီများ ပေးနိုင်ခဲ့သည်။
ခရီးသွား ကန့်သတ်ချက်များ
သို့ရာတွင် များမကြာမီ၌ပင် ရခိုင်နှင့် နိုင်ငံတကာမှ အကူအညီပေးရေးလုပ်သားများသည် အကူအညီများ အပြည့်အဝ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ခြင်းတို့မှ တားမြစ်ခံရသည်။ စစ်တပ်သည် ကူညီပေးရေး အားထုတ်မှုများကို ကြီးကြပ်လာသကဲ့သို့ ခရီးသွားခြင်းနှင့် ရှင်းလင်းရေးလုပ်ငန်းများတွင် ကန့်သတ်တားမြစ်ချက်များ ချမှတ်လာခဲ့သည်။ အကူအညီ ပေးဝေခြင်းအတွက် အချို့သော ပြည်တွင်း ကူညီပေးရေး လုပ်သားများ ဖမ်းဆီးခံရသကဲ့သို့ သတင်းထောက်အချို့လည်း အဖမ်းခံရကြရသည်။
ထိုသို့ ရှိနေသည့်ကြား အာဆီယံ၏ အရေးပေါ် တုံ့ပြန်ရေးနှင့် အကဲဖြတ်ရေးအဖွဲ့က ရုတ်ခြည်း လိုအပ်သောအကူအညီများ အကဲဖြတ်ခြင်းကို မေ ၃၀ ရက်တွင် အပြီးသတ်ခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂကဲ့သို့ပင် အာဆီယံကိုလည်း အကူအညီများ ပေးပို့မှုမှ စစ်ကောင်စီက ကန့်သတ်ထားခဲ့သည်။
မုန်တိုင်းဒဏ်သင့် ပြည်သူများဆီ အကူအညီများ ပေးပို့နိုင်ရေး အားချင်း လိုအပ်သည်ဟု ယူဆသူ မည်သူ့မဆိုအတွက် စစ်ကောင်စီ၏ ယင်း နောက်ပိုင်း လုပ်ရပ်များကို မတွေးတတ်အောင် ဖြစ်စေသည်။
အဆောက်အအုံများ တော်တော်များများ ပျက်စီးပြီး အကူအညီများ မဖြန့်ဝေနိုင်သည့် ကြားမှပင် စစ်ကောင်စီသည် ပြည်နယ်အနှံ့က စာသင်ကျောင်း ၂,၄၀၀ ကို ဇွန် ၁ ရက်တွင် ပြန်ဖွင့်ရန် အမိန့်ထုတ်လာခဲ့ပြန်သည်။ ပြည်သူများ လှုပ်ရှားသွားလာမှုကို ကန့်သတ်ထားခြင်းကြောင့် နှစ်စဉ် စိုက်ပျိုးရာသီအတွက် ရေတွင်း၊ ရေကန်များ ပြန်လည်တူးဖော်ရေးနှင့် ပြင်ဆင်ရေးတို့အပေါ်လည်း ရိုက်ခတ်မှု ရှိနေသည်။ နောက်ပိုင်း သီတင်းပတ်တွင် စစ်ကောင်စီက နိုင်ငံခြား အကူအညီပေးရေး လုပ်ငန်းများကို ကန့်သတ်မှုသစ်များ ချမှတ်လာခဲ့သည်။ ကုလသမဂ္ဂ တာဝန်ရှိသူများအတွက် ခရီးသွားပိုင်ခွင့်ကို ရပ်ဆိုင်းလိုက်သကဲ့သို့ ရန်ကုန်ရောက်နေသည့် အာဆီယံနိုင်ငံများ အပါအဝင် ပြည်ပမှ လှူဒါန်းထားသော အကူအညီများ ဖြန့်ဝေမှုကိုလည်း လျှော့ချပစ်ခဲ့သည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးရာ ပူးပေါင်းဆောင်ရွက်မှုရုံး OCHA က ဇွန် ၁၉ ရက်တွင် ရှင်းလင်းချက်သစ် ထုတ်ပြန်သည်။ ဆိုင်ကလုန်းမိုခါ အခြေအနေ အစီရင်ခံစာ နံပါတ် ၅ တွင် “နိုင်ငံပြင်ပမှ အကူအညီများ ဖြည့်ဆည်းခြင်းသည် စစ်ကောင်စီ ပြဋ္ဌာန်းချက်အောက် ရှိနေပြီး အချို့ကို အတည်ပြုချက် မရသေးကြောင်း” ဖော်ပြထားသည်။
“ဆိုင်ကလုန်း အကူအညီ ဖြန့်ဝေခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း အစီအစဉ်အတွက် ကနဦး အတည်ပြုထားမှုကို မျှော်လင့်မထားစွာ ပြန်လည်ရုပ်သိမ်းခြင်းနှင့် ရှိဆဲ ခရီးသွားလာခွင့်ကို ယာယီရပ်ဆိုင်းခြင်းတို့က နိုင်ငံတစ်လွှား လူသားချင်း စာနာထောက်ထားရေး တုံ့ပြန်မှုများအပေါ် သက်ရောက်နေကြောင်း” ယင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြသည်။
ရလဒ်အားဖြင့် ရခိုင်က အရပ်ဘက် လူမှုအကူအညီပေးရေး လုပ်သားများစွာသည် ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရသည်။ ကိစ္စတော်တော်များများတွင် ၎င်းတို့သည် ကုလသမဂ္ဂနှင့် လက်တွဲကာ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
နိုင်ငံတွင်းက တင်းမာမှု
ကန့်သတ်ပိတ်ပင်မှုများသည် တိုင်းရင်းသားလက်နက်ကိုင်တပ် AA နှင့် စစ်ကောင်စီကြားက တင်းမာမှုများကြောင့်လည်း တစိတ်တဒေသ ပါဝင်သည်။
AA သည် ပြည်သူ ၁၀၀,၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရုံးမှ တစ်ဆင့် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ AA ၏ သိသာသော အောင်မြင်မှုများသည် ကုန်လွန်ခဲ့သည့် သုံးနှစ်တာအတွင်း ရခိုင်ပြည်နယ် တော်တော်များများ၌ ၎င်းတို့၏ စီမံအုပ်ချုပ်နိုင်မှု တောင့်တင်းခိုင်မာလာခြင်းကို ပြသလျက် ရှိနေသည်။ ၂၀၂၂ နှောင်းပိုင်း မခိုင်မာသော အပစ်ရပ်ကို ယခုအထိ ကိုင်စွဲထားသော်လည်း မြို့နယ်အချို့တွင် တပ်အင်အားချခြင်းနှင့် ထောက်ပို့ခြင်းများက တင်းမာမှုများကို တိုးများစေသည်ဟု ဒေသတွင်း အကူအညီပေးရေး လုပ်သားများက ပြောကြသည်။
AA နှင့် ရိုဟင်ဂျာ မွတ်စလင်အသိုင်းအဝိုင်း၏ ကူညီကယ်ဆယ်ရေး အားထုတ်မှုများကို အနုတ်သဘော စစ်ကောင်စီလက်အောက် မီဒီယာက ဝါဒဖြန့်နေပြီး သူတို့၏ အားထုတ်မှုများကိုပဲ အမွှမ်းတင် ဖော်ပြနေကြောင်း လွတ်လပ်သော ရခိုင်မီဒီယာ Border News Agency က သတင်းဖော်ပြသည်။
အချို့သော မြို့နယ် ရှစ်မြို့နယ်က ပြည်သူများအပေါ် ကူညီပေမှုများက အကျိုးဖြစ်စေချိန်၌ စစ်ကောင်စီသည် အကူအညီများကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်နေသည်ဟု AA က အခိုင်အမာ တုံ့ပြန်ပြောဆိုမှုလည်း ရှိထားသည်။ နိုင်ငံပိုင်မီဒီယာကမူ စစ်တပ်၊ အကြီးတန်းအရာရှိများနှင့် ဝန်ကြီးများ၏ ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်မှုများကိုပဲ ဆက်လက်ထုတ်လွှင့်နေခဲ့သည်။ ဆိုင်ကလုန်းဝင်ပြီး သုံးပတ်ကြာအထိ အကူအညီ အနည်းငယ်မျှသာ ဖြန့်ဝေကြောင်းနှင့် နိုင်ငံပိုင်မီဒီယာမှ ဖော်ပြချက်များသည် လုပ်ဇာတ်ဆန်ကြောင်း စစ်တွေရှိ ဒေသခံများက ပြောကြသည်။
စစ်ကောင်စီ၏ မုန်တိုင်း တုံ့ပြန်မှု နှေးကွေးခြင်းနှင့် မထိရောက်ခြင်း၏ နောက်ထပ် ဖြစ်နိုင်သော အကြောင်းတစ်ရပ်မှာ အထက်အဆင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း အဆင့်ဆင့်၏ လေးဖင့်နေမှုကြောင့်လည်း ဖြစ်နိုင်သည်။ အာဏာသိမ်းမှုနောက်ပိုင်း အကြီးအကျယ် ပျက်စီးရခြင်းများကို အပြစ်တင်ခြင်းများလည်း ရှိသကဲ့သို့ မှားယွင်းသည့် ဆုံးဖြတ်ချက် ချသည် မည်သည့် အကြီးတန်းတာဝန်ရှိသူကမျှ ထင်မြင်မခံလိုခြင်းများလည်း ရှိနေသည်။
စစ်ကောင်စီအနေဖြင့် ရိုးရိုးရှင်းရှင်း ရပ်တည်ပြီး ကယ်ဆယ်ရေး အားထုတ်မှုများကို ခွင့်ပြုပေးခဲ့မည်ဆိုလျှင် နိုင်ငံရေးအရ မျက်နှာကောင်း ရလိမ့်မည်ဖြစ်သည်။ အနောက်အုပ်စု အမြင်ကြည်မှုနှင့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအရေး နိုင်ငံတကာ တရားရုံးတွင် မကြားနာခင် အားသာမှု ဖြစ်လိမ့်မည် ဖြစ်သည်။
စစ်ကောင်စီလောက်နီးပါးပင် ကုလသမဂ္ဂ၏ အများယုံကြည်လက်ခံရမှုလည်း တော်တော်လေး ရိုက်ခတ်ခံရသည်။ ပူးပေါင်းဆောင်ရွက်မှု ကျိန်းသေစေရန်အတွက် အဆင့်မြင့် တိုင်ပင်နှီးနှောမှုများ ရှိလင့်ကစား ကုလသမဂ္ဂ နိုင်ငံတွင်းအဖွဲ့များသည် စစ်ကောင်စီ၏ ခါးခါးသီးသီး ငြင်းပယ်ခြင်းကို ကြုံကြိုက်ရဆဲ ဖြစ်သည်။
စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုသည် “အတွေးရ ခက်လွန်းသည်” ဟု ကုလသမဂ္ဂမှ ဒေသခံညှိနှိုင်းရေးမှူး ရာမာနက်သန် ဘလာခရစ်ရှနန်က ဇွန် ၁၃ ရက်တွင် ပြောသကဲ့သို့ OCHA ပြောခွင့်ရသူ ယန်း လက်ကီကလည်း “အသက်ကယ် စားနပ်ရိက္ခာများ ဖြန့်ဖြူးမှုကို တရွတ်ဆွဲနေကြောင်း” ပြောဆိုသည်။
နောက်နှစ်ရက်အကြာတွင် ဘလာခရစ်ရှနန်သည် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနိုင်နှင့် အခြား စစ်ကောင်စီဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ရေး တောင်းဆိုခဲ့သည်။ ထိုတွေ့ဆုံမှု၌ မည်သည့် ရလဒ်များ ထွက်ပေါ်သည်ကို သိရှိရခြင်း နည်းသည်။ ကုလသမဂ္ဂ တာဝန်ရှိသူများအတွက် ချွေးသိပ်ရုံသက်သက် တွေ့ဆုံမှု ဖြစ်ပုံရသည်။
၂၀၀၈ ခုနှစ်က ဆိုင်ကလုန်းနာဂစ်နောက် အလားတူ ကန့်သတ်တားမြစ်မှုများ ရှိခဲ့ဖူးပြီး ယင်းအချိန်က ကုလသမဂ္ဂ၏ တုံ့ပြန်မှုများကို စစ်အစိုးရက သီတင်းပတ်အတန်ကြာအောင် ပိတ်ဆို့ထားခြင်းဖြစ်ပြီး အာဆီယံ ကြားဝင်ပေးမှုဖြင့် နောက်ဆုံးမှ ပြေလည်သွားရခြင်း ဖြစ်သည်။
ယခု မိုခါမုန်တိုင်းနောက် ကန့်သတ်ပိတ်ဆို့မှုများကတော့ အာဆီယံ၏ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးနိုင်မှုအပြင် စစ်ဗိုလ်ချုပ်များ၏ သံတမန်ရေး အားထုတ်မှုများ အရေးပျက်ပြားနေသည်ကို မေးခွန်းထုတ်လျက် ရှိနေသည်။ မုန်တိုင်းနောက် ပြည်သူများကို ကူညီပေးရာ၌ စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုလျှင် စစ်တပ်ဖန်တီးသော နိုင်ငံရေးဘေးဒုက္ခ ဖြေရှင်းရေးအတွက် ဘာများ မျှော်လင့်၍ ရနိုင်ပါမည်လဲ။
Source – mizzima