စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်သိမ်းပိုက် မီးရှို့ခံရပြီးနောက် တိုက်ပွဲရှုံးတဲ့ စစ်အုပ်စုက လက်နက်မဲ့ ပြည်သူတွေကို ရန်ပြုကာ ညောင်ပင်ကြီးနဲ့ အနီးဝန်းကျင် ရွာတွေကို ရက်(၂၀)ကျော်ကြာစီးနင်းထားပြီးထင်တိုင်းကျဲလူသတ်၊လုယက်၊မီးရှို့တာတွေကျူးလွန်နေပါတယ်။ဒါကြောင့်ကျေးရွာ (၁၂)ရွာက ထောင်သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။မပြေးနိုင်လို့ ရွာထဲမှာ ကျန်ခဲ့တဲ့ရွှေအင်းလေးနဲ့ရွာရှည်ရွာကအဘိုးအဘွားနှစ်ဦးယခုရက်ပိုင်းအစာငတ်ပြီးသေခဲ့ဆုံးတယ်။သက်ကြီးရွယ်အိုတွေမို့ မသွားနိုင်မလာနိုင်လို့ ပစ်ထားခဲ့ရတာပါ။
စစ်အုပ်စုဟာညောင်ပင်ကြီးရွာရဲစခန်းကိုလည်း ပေ(၂၀)ပတ်လည် တိုးချဲ့ကာ ခြံစည်းရိုး နှစ်ဖက်နဲ့ ဆောက်လုပ်နေတယ်။ ရဲစခန်းဧရိယာကို ပေ(၂၀)ပတ်လည် တိုးချဲ့လိုက်တဲ့အတွက် စခန်းပတ်လည်က ပြည်သူ့နေအိမ်၊ခြံဝန်းတွေ စစ်အုပ်စု ရဲစခန်းဧရိယာထဲ ပါသွားပြီး ဆုံးရှုံးသွားတယ်။ဒါ့အပြင် ယခင် ရဲစခန်းဘေးက ညောင်ပင်ကြီး – ဆားလင်းကြီး ကားလမ်းကိုပါ ခြံခတ် ပိတ်ဆို့လိုက်ပြီး အဲ့ဒီ လမ်းမကြီးဟာလည်း စစ်အုပ်စု ရဲစခန်း ဧရိယာထဲ ကျရောက်သွားတယ်။ စစ်အုပ်စုဟာ ညောင်ပင်ကြီးစခန်း ပတ်လည်က နေအိမ်တွေကို မီးရှို့ပြီး စခန်းဧရိယာအဖြစ် ခြံခတ် သိမ်းယူရုံမက လမ်းမကြီးကိုပါ အပိုင်သိမ်းသွားတာပါ။လက်ရှိမှာ ထောင်ချီတဲ့ စစ်ဘေးရှောင် ဒေသခံတွေဟာ ရှောင်တိမ်းရတဲ့ရက် ရှည်ကြာလာတဲ့နဲ့အမျှ စားသောက်နေထိုင်ရေးခက်ခဲနေပြီး ဒေသတွင်း အလှူရှင်တွေအနေနဲ့လည်း ရက်အကြာကြီး ကျွေးမွေးထားနိုင်ဖို့ အကန့်အသတ်တွေရှိနေတယ်။