Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကိုင်းတိုင်းတွင် စစ်တပ်က လူသတ်မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေ

July 13, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီတပ်သည် လက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း လူသတ်မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေရာ ပြီးခဲ့သည့် ၁၀ ရက်တာအတွင်း စစ်ကိုင်းတိုင်း၊ မြို့နယ် ၈ မြို့နယ်တွင် အရပ်သား ပြည်သူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ကျေးရွာများသို့ စီးနင်းဝင်ရောက်မှုအတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၂၃ ဦးခန့်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ၊ စစ်ကိုင်း၊ ဝက်လက်၊ ခင်ဦး၊ ဆားလင်းကြီး၊ ချောင်း ဦး၊ ကောလင်းနှင့် ရွှေဘို စသည့် မြို့နယ်များတွင် ဇွန် ၂၇ ရက်မှ ဇူလိုင် ၆ ရက်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် လူနေရပ်ရွာများ၊ စစ်ဘေးရှောင်တဲများ ထိမှန်ခြင်း အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် သာမန်အရပ်သား မခွဲခြားတော့ဘဲ တွေ့ရာမြင်ရာ အထူးသဖြင့် အမျိုးသားများကို သတ်ဖြတ်နေခြင်းကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာခြင်းဖြစ်ကြောင်းလည်း ဒေသခံများနှင့် ကာကွယ်ရေးတပ် ဖွဲ့ဝင်များက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝက်လက်မြို့၊ သမရိုးနှင့် ရွှေပန်းကုန်းရွာကြား၌ ဇူလိုင် ၆ ရက်တွင် ဈေးရောင်းထွက် လာသည့် အသက် ၃၀ မှ ၆၀ နှစ်ကြားရှိ ဒေသခံ ၇ ဦးကို ပစ်ခတ်သတ်ဖြတ် သကဲ့သို့ ၃၀ ဦးခန့်ကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း Welet Informational Network ၏ ပြန်ကြားရေးတာဝန်ခံ ကိုနဂါးလေးက ဧရာဝတီကို ပြောသည်။

၎င်းက “တိုက်ပွဲလည်းမရှိဘူး။ ကိုယ့်လမ်းကိုယ်သွားနေတဲ့ ဘယ်သူ့ကိုမှဒုက္ခမပေးတဲ့ ပြည်သူတွေကို ပစ်တာ။ ဆိုင်ကယ်ကို နောက်ကတန်းလေးတွေနဲ့ ခြင်းတွေချိတ်ပြီး ရောင်းတဲ့ဈေးသည်တွေဆိုတော့ သူ့ထက်ငါဦးအောင် သွားရတာပေါ့။ အဲဒီမှာ အရင်ရောက်နေတဲ့လူတွေကို စကစက လက်နက်ငယ်နဲ့ပစ်လို့ သေတာ။ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦး။ အဲဒီလိုပစ်ပြီးတော့ သမရိုးက ပြည်သူတွေကို PDF တွေ ဗုံးထောင်တယ်လို့ မသင်္ကာတဲ့နေရာတွေမှာ ဝမ်းလျား မှောက်ခိုင်းတာတွေရှိတယ်” ဟု ဆိုသည်။

ထို့ပြင် ဇူလိုင် ၅ ရက်က ဆားလင်းကြီးမြို့နယ်၊ ဆားခါးရွာမှ စိတ်ရောဂါဝေဒနာရှင် ပြည်သူ ၁ ဦးကို စစ်တပ်က ညှဉ်း ပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ကော့ရွာနှင့်တအုံ ရွာကြားတွင် ဓားစာခံဖမ်းဆီးလာသော ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ကျော်ဇေယျာရပ်ကွက်ကို ဇွန် ၃၀ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ရကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

အလားတူ ဇွန် ၂၇ ရက်၌ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဦးဇင်း ၁ ပါး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဇွန် ၂၉ ရက်ကလည်း စစ်ကိုင်းမြို့ နယ်၊ စမွန်းရွာကို စစ်တပ်စီးနင်းပြီး စစ်ဘေးရှောင်ကား ၁ စီးကို ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်မမ နဖူးကျည်ထိ မှန် သေဆုံးခဲ့သည်။

ထို့ပြင် ခင်ဦးမြို့နယ်၊ ကုန်းကြီးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲသွားပြီးနောက် ဇူလိုင် ၇ ရက်၌ ခေါင်းဖြတ်သတ် ခံရပြီး မီးရှို့အလောင်းဖျောက်ခဲ့သော ရုပ်အလောင်း ၁ လောင်း တွေ့ရှိရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ခင်ဦးမြို့နယ် ဒေသခံတဦးက “စစ်ကြောင်းက ပြည်သူတွေ အထိနာတယ်။ ဘာလို့လဲဆိုရင် ဒလန်ပါလာရင် ရွာတွေကို မီးရှို့တယ်။ ဝင်လာရင်လည်း လက်နက်ကြီးတွေနဲ့ပစ်တော့ ပြည်သူတွေမှန်တာပေါ့ဗျာ” ဟု ဆိုသည်။

အဆိုပါ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးသကဲ့သို့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း သေဆုံးမှုရှိခဲ့ သည်။

ဇွန်လ ၂၈ ရက်တွင် မင်းကွန်းဘက်မှ မြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီတပ်သည် အုတ်ဖိုကျေးရွာ၌ ဆိုက်ကပ်ပြီး စဉ့်ကိုင်တလိုင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသဖြင့် စစ်ကိုင်းခရိုင်တပ်ရင်း ၃ နှင့် တပ်ရင်း ၁ တို့ သွား ရောက်ခုခံရာမှ ကင်းပုန်းဝပ်တိုက်ခိုက်ခံရသဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂ ရက်တွင်လည်း စစ်ကိုင်းမြို့နယ်မှ တလိုင်းကျေးရွာကို ဝင်ရောက်စီးနင်းရာ ခုခံတိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံခဲ့ရပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ရဲစခန်းမှထွက်လာသော စစ်ကူစစ် ကြောင်းကို တိုက်ခိုက်သည့် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်-CRA မှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ဇွန်နှင့်ဇူလိုင်လအတွင်း စစ်ကြောင်းထိုးခြင်းထက် သတင်းအချက်အလက်စုံစမ်းပြီးမှ ရုတ်တ ရက် ဝင်ရောက်တိုက်ခိုက်ကာ ပြန်ထွက်သွားသည့်နည်းလမ်းကို ပြောင်းလဲအသုံးပြုလာကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် မြောင်နှင့် မြို့နယ်ချင်းထိစပ်မှုရှိသည့်ဒေသများ၌ စစ်ရေးလှုပ်ရှားမှုများလုပ်နေသည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ ကိုနွေဦး(မြောင်)က “ဒီလိုပြောင်းတာက ဘာလို့လဲဆိုရင် စစ်ကြောင်းလာပြီဆို အနည်းဆုံး ထက်ဝက်လောက်ပဲ ပြန်ပါသွားတာများတော့ လူအင်အားလျော့လာတယ်။

လက်နက်အင်အားရှိပေမယ့် ပေါ့။ အဲဒါကြောင့် လူအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းချီတာကို ရှောင်ပြီး လူအင်အားနည်းနည်းနဲ့ အပိုင်ရမှာကိုပဲ လုပ်လာတာမျိုးပေါ့” ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် စစ်ကြောင်းဝင်ရောက်သည့်နေရာများမှ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ရုံမက နေအိမ်များမီးရှို့ခြင်း၊ ပစ္စည်းများယူငင်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကိုပါ လုပ် ဆောင်သည့်အပြင် အရပ်သားများကို ဓားစာခံ ဖမ်းဆီး ခေါ်ဆောင်မှုများရှိကြောင်းလည်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ခင်ဦးမြို့နယ် ဒေသခံတဦးက “နယ်မြေကို မငြိမ်သက်အောင် လှုပ်ရှားတဲ့သဘောပါပဲဗျာ။ ဒလန်ကခေါ်ရင် လိုက်တယ်၊ နယ်မြေရှင်းလင်းတယ်။ ပြည်သူတွေရဲ့ ဆီ၊ ဆန်ယူတယ်။ နွားတွေကိုသတ်ပြီး ချက်စားတယ်။ ပိုတာကို တနေကုန်နေ လှန်းတယ်။ ပြီးရင် ရိက္ခာ အဖြစ်ယူသွားတယ်။ တရှဉ်းရှိတာကို သတ်သွားပြီးယူသွားတော့ ထွန်ယက်စရာမရှိတော့ဘူး ပေါ့ဗျာ” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းသည့်နေ့မှစပြီး ၂၀၂၃ ဇူလိုင် ၇ ရက်ထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက် ကြောင့် သေဆုံးသူ ၃,၇၅၇ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ် ပြန်ချက်အရ သိရသည်။

ထို့ပြင် ၂၀၂၁ ဖေဖော်ဝါရီမှစပြီး ၂၀၂၃ မေ ၃၁ ရက်ထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှု ကြောင့် နေအိမ်ပေါင်း ၇၀,၃၂၄ လုံး ပျက်စီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းသည် ၅၃,၈၁၆ ဖြင့် အများဆုံးဖြစ်ပြီး မကွေး တိုင်းသည် ၁၀,၄၅၁ လုံးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း လွတ်လပ်သောသုတေသန အဖွဲ့အစည်း တခုဖြစ်သည့် Data For Myanmar က ထုတ်ပြန်ထားသည်။

SOURCE – IRRAWADDY

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English