မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး တစ်လခွဲကျော်ကြာချိန်အထိ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များ၏ထိရောက်သည့် ကူညီ၊ကယ်ဆယ်မှုများကိုမရရှိသည့်အပြင် အာဏာသိမ်းစစ်တပ်၏ ကန့်သတ်၊ပိတ်ဆို့မှုများကိုပါရင်ဆိုင်နေရသည့်မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေပြီး နောက်ဆက်တွဲ ရောဂါဘယနှင့် ရာဇဝတ်မှုအန္တရာယ်များကိုပါ စိုးရိမ်နေရသည်။
မုန်တိုင်းဒဏ်ကို အဓိက ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦးမြို့နယ်များမှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ပြည်နယ်၏ မြို့တော် စစ်တွေတွင်ပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မလုပ်ကိုင်နိုင်သေးပေ။
ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသော်လည်း အရေးပေါ် အကူအညီပေးရေးကာလမှာ ကြာရှည်နေကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ရန် ခက်ခဲနေကြောင်း ကွင်းဆင်းလုပ်ကိုင်နေသည့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် အဖွဲ့ဝင် ဦးသန်းလှက ပြောသည်။
“ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ ဝင်လာကြပြီဆိုရင် ကျွန်တော်တို့မှာ ပါတဲ့ ဆန်အိတ်တွေ ၁၀၀ ပါမယ်၊ ၅၀ ပါမယ် တစ်ပတ်စာပေါ့။တစ်ပတ်စာလောက်ပဲမျှဝေပေးနိုင်တယ်။ တစ်ပတ်မတိုင်ခင်မှာ ရောက်လာတဲ့ တခြားအဖွဲ့အစည်းတွေက သူတို့မှာပါတဲ့ တခြားပစ္စည်းတွေကို ဆက်လက် ဝေမျှပေးပြီး သွားနေကြရတယ်” ဟု ၎င်းက ရှင်းပြသည်။
ပြည်နယ်၏အဓိကဝင်ပေါက်များဖြစ်သည့်ရခိုင်ရိုးမ၊အမ်းမြို့၊ငပုတောဂိတ်စခန်းများကိုသာမက ရေကြောင်းလမ်းကိုပါ အာဏာသိမ်းစစ်တပ်က ဆက်လက် ကန့်သတ် ပိတ်ဆို့ထားသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ရဲ့ ရခိုင်ကို ဝင်တဲ့ လမ်းပေါက်တွေကို စကစရဲ့ ဂိတ်တွေက ပိတ်ဆို့ထားတာမျိုး ရှိတယ်။ နယ်ဘက်တွေမှာလည်း စားနပ်ရိက္ခာတွေကို တချို့သောပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ ဖြန့်ဖြူးဖို့ဆိုရင်လည်း တင်းကျပ်တဲ့ အခြေအနေမျိုးရှိတော့ လိုအပ်တဲ့ ပစ္စည်းတွေ မရောက်နိုင်ဘူး။ အချိန်ကြန့်ကြာမှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်” ဟု ဦးသန်းလှက ပြောသည်။
ပြန်မထူနိုင်သေးသည့် မြို့တော်စစ်တွေ
စစ်ကောင်စီက မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသကို အကူအညီပေးမည့် ပြည်တွင်းအလှူရှင်များကိုသာမက နိုင်ငံတကာအကူအညီများကိုပါ ပိတ်ဆို့ထားရာ စစ်တွေတွင်ပင် စားဝတ်နေရေးအခက်အခဲများ၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် နေအိမ်များကို မပြုပြင်နိုင်သည့် အခက်အခဲများ ရှိနေသည်။
ထို့ပြင် မုန်တိုင်းဒဏ်ကြောင့် အဆောက်အအုံ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားသည့် စစ်တွေမြို့တွင် အထွေထွေကုန်စျေးနှုန်းများ ၂ ဆကျော် မြင့်တက်သွားရာ မြို့ခံများမှာ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို မုန်တိုင်းဒဏ်သာမကအမြတ်ကြီးစားဝိသမလောဘသမားများ၏ဒဏ်ကိုပါရင်ဆိုင်နေရသည်။မုန်တိုင်း မတိုက်မီက ၂၄ ပြည် ပါဝင်သည့် ဆန်တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ နှင့် ၉၀,၀၀၀ ကြား ပေါက်စျေးရှိခဲ့ပြီး ယခု တစ်သိန်းမှ တစ်သိန်းခွဲသို့ ပြောင်းလဲသွားသည်။
ဓာတ်ဆီ တစ်လီတာ ကျပ် ၂၈၀၀ မှ ကျပ် ၄၅၀၀ ၊ ကြက်ဥတစ်လုံး ၃၅၀ မှ ၁၀၀၀ ၊ သွပ်ပြားတစ်ပေ ကျပ် ၁၈၀၀ မှ ကျပ် ၃၅၀၀ ၊ ဓနိ ၁၀၀ လျှင် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ စျေးနှုန်းများ ၂ ဆ ကျော် မြင့်တက်သွားသည်။ဤအခြေအနေကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ထိခိုက်စေသည်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ ပညာရေးကွန်ရက်အနေဖြင့် စစ်တွေမြို့ပေါ်တွင် ဆန်၊ ဆီ၊ ဆားနှင့် မိုးကာ တာလပတ်များ ဖြန့်ဝေနေသော်လည်း လောက်ငမှုမရှိကြောင်း၊ ငွေကြေးတတ်နိုင်သူများကသာ အိမ်ကို အကုန်အကျခံ ပြန်လည်ပြင်ဆင်နိုင်ကြောင်း စစ်တွေမြို့ခံ မြို့မိမြို့ဖတစ်ဦးဖြစ်ပြီး ထိုကွန်ရက်၏ အဖွဲ့ဝင်လည်းဖြစ်သော ဦးမြတ်ထွန်းက ပြောသည်။
“စစ်တွေမြို့ကတော့ တော်တော်လေးကို ပျက်စီးပါတယ်။ တိုက်တာအဆောက်အအုံအပြင်ကို ဆင်းရဲသားတွေနေတဲ့ ရပ်ကွက်မှာဆိုရင် မလုပ်နိုင်မကိုင်နိုင်နဲ့ ဒီတိုင်းပဲ ကိုယ့်ခြံမှာပဲ ဝါးလေးစိုက်ပြီး တာလပတ်လေး မိုးပြီး နေကြရတယ်။ တချို့လည်း အမိုးအကာမရှိဘဲနဲ့ နေထိုင်ကြတာမျိုးကိုလည်း တွေ့မြင်ရပါတယ်” ဟု ၎င်းက ဆိုသည်။အကူအညီများကို ထိန်းချုပ်ထားသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးလို့ ပြောရမယ်။ နိုင်ငံတကာက ပေးလိုက်တဲ့ ကယ်ဆယ်ရေးတွေ အလှူငွေတွေကို ဘယ်နှမျိုးပေးလဲ၊ ဘယ်နှမျိုးရလဲ၊ ဘယ်သူ့ဆီကို ဘယ်လောက်ထိ အကန့်အသတ်နဲ့ ဖြတ်လဲဆိုတာကို ဘယ်သူမှ မသိရဘူး။ သူများဆီက ပေးတဲ့ အလှူငွေကိုတောင်မှ သူတို့ ပွင့်လင်းမြင်သာမှု မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေကလည်း ပြည့်ပြည့်ဝဝ မရဘဲနဲ့ အကုန်လုံး အခက်အခဲကြုံနေရတယ်” ဟု သူက ဆိုသည်။
ကူရာကယ်ရာမဲ့ ရိုဟင်ဂျာဒုက္ခသည်များ
မုန်တိုင်းဒဏ်သင့်သူများတွင် စစ်တပ်၏ ခေတ်အဆက်ဆက် ဖိနှိပ်မှုဒဏ်ကို ရင်ဆိုင်နေရသည့် ရိုဟင်ဂျာဒုက္ခသည်များလည်း ပါဝင်သည်။
စစ်တွေမြို့ ပင်လယ်ကမ်းရိုးတန်းအနီးရှိ ဒုက္ခသည်စခန်းများတွင် မုန်တိုင်းကြောင့် ဒုက္ခသည် ၁၀၀ နီးပါး သေဆုံးခဲ့သည်။ ထို့ပြင် ဘာဆာလာ စံပြကျေးရွာ၊ ဘာဆာလာ ဒုက္ခသည်စခန်း၊ ဒါးပိုင်၊ အုန်း တောကြီး၊ ဘောဒူဗ၊ ဘော်ဒါဒိဝ် (ဗေဒ) စသည့် ကျေးရွာတို့မှ ၉၀ ရာခိုင်နှုန်းကျော် နေအိမ်များ ပျက်စီးသွားခဲ့သည်။
စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မိုခါမုန်တိုင်း တိုက်ခတ်ပြီး တစ်လခွဲကျော် ကြာသည်အထိ စစ်တပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ လုံလောက်သည့် ကူညီကယ်ဆယ်မှုများ မရရှိကြောင်း ၎င်းတို့ကို အကူအညီပေးနေသည့် သက္ကယ်ပြင်ဒုက္ခသည်စခန်း၌ နေထိုင်သူတစ်ဦးက ပြောသည်။
“စားဝတ်နေရေးမှာ တော်တော်လေး ဒုက္ခရောက်တာက ကယ်ဆယ်ရေးမှာ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) က ပေးတဲ့ ဆန်ပဲ ရတယ်။ ဆန်ရယ်၊ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတွေရတယ်။ လူတွေ စားနိုင်သောက်နိုင်တော့ ရှိတယ်။ အပိုအလျှံတော့ မရှိဘူး။ အခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒုက္ခသည်က ဆိုသည်။
“NGO ဘက်က ကူညီကယ်ဆယ်ရေးကလည်း အရမ်းအားနည်းတယ်။ UNHCR က အိုးခွက်၊ ပန်းကန်တွေ ပေးတယ်။ ယာယီတဲတွေ လုပ်ပေးတယ်။ အဲဒီတဲတွေကို ရဲတွေက ရဲကင်းအတွက် သုံးတာ တွေ့ရတယ်။ ဒုက္ခသည်စခန်းက ဒေသခံတွေဆီတော့ မရောက်သေးဘူး”
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့က အဓိကလုပ်ပေးနေသည်ဟု ၎င်းထံမှ သိရသည်။တစ်ရွာလုံး ပျက်စီးသွားသည့် ဘော်ဒါဒိဝ် (ဗေဒ) ကျေးရွာတွင်လည်း နေအိမ်များ ပြန်လည် မတည်ဆောက်နိုင်သေးဘဲ ယာယီတဲထိုးပြီး နေရသည်ဟု ၎င်းက ဆက်ပြောသည်။
“ဗေဒရွာမှာတော့ တဲလေးတွေလုပ်ပြီး နေနေကြတယ်။ တဲတွေကိုတော့ သူတို့ ယာယီ ခိုလှုံလို့ရမယ့် အနေအထားမျိုးပေါ့။ တာလပတ်ကို ဝါးလုံးနဲ့ ပတ်ပြီးတော့ နေကြတာ” ဟု ၎င်းက ပြောသည်။
ပြန်လည်ထူထောင်ရန် လိုအပ်ချက်များ
မိုခါ ဆိုင်ကလုန်းကြောင့် ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်ကို ပြည်လည်ထူထောင်နိုင်ရေးကို စီမံခန့်ခွဲနိုင်ခြင်း မရှိသည့် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအလှူရှင်များ ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်ထားဆဲဖြစ်သည်။
ရပ်ကွက်၄ရပ်ကွက်၊ကျေးရွာအုပ်စု၈၈အုပ်စုနှင့်ကျေးရွာပေါင်း၁၇၆ရွာရှိသည့် ရသေ့တောင်မြို့နယ်တွင် ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ ကနဦးစာရင်းများအရ သိရသည်။
အမိုးအကာအောက်သို့ ပြန်မရောက်နိုင်သေးသည့် ကျေးရွာများစွာ ရှိနေသည်။မြို့နယ်အတွင်း ကိုးတန်ကောက်၊ချိန်ကာလီ၊ဒုံးပိုက်၊အငူမော်၊အောင်ဗလစသည့်ပင်လယ်ကမ်းရိုးတန်းအနီးရှိ ကျေးရွာများမှာ အဓိကပျက်စီးခဲ့ကြောင်း၊ ထိုနေရာများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အိမ်အသုံးအဆောင်များ ထောက်ပံ့ခြင်းတို့ကို တပ်မတော်အရာရှိကြီးများက ဦးဆောင်ပြီး ဆောင်ရွက်နေသည်ဟု အမည်မဖော်လိုသည့် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“အမိုးအကာအောက် ပြန်မရောက်နိုင်တာကတော့ အမှန်ပဲဗျ။ အတိုင်းအတာတစ်ခုလောက်ထိတော့ မရောက်နိုင်ကြသေးဘူး။ ထောက်ပံ့ပစ္စည်းတွေ ထောက်ပံ့တယ်ဆိုပေမဲ့ ပြန်တွက်ကြည့်တဲ့အခါမှာတော့ တစ်မြို့နယ်လုံးစာ လူဦးရေအတွက် မဖူလုံဘူး။ အထူးသဖြင့်တော့ ဆောက်လုပ်ရေးပစ္စည်းတွေတော့ မဖူလုံသေးဘူး”ဟု၎င်းကပြောသည်။ရခိုင်ပြည်နယ်အတွင်းရှိကျေးရွာများတွင်အရေးပေါ်ကာလအနေဖြင့်ပင် ၇၀ ရာခိုင်နှုန်းခန့်သာ အကူအညီပေးနိုင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ခက်ခဲနေသေးသည်ဟု ကူညီနေသူများက သုံးသပ်သည်။
စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များရှိ တံငါလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာများတွင် လှေနှင့် ငါးဖမ်းပိုက်များ လိုအပ်နေသည်၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ရေငန်ဝင်သည့်အတွက် မြေဆီဩဇာ ပျက်စီးမှုများကို ပြင်ဆင်ရန် လိုအပ်နေသည်၊ သောက်သုံးရေကန်များထဲ ရေငန်ဝင်သွား၍ ရေချိုရရှိရန် အကူအညီပေးနေရသည်ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် အဖွဲ့ဝင် ဦးသန်းလှက ပြောသည်။
“ရွာတွေမှာ တူးထားတဲ့ ကန်တွေရှိတယ်။ အဲဒီကန်တွေက ရေဆိုးတွေကို စုပ်ထုတ်လိုက်ပြီးတော့ မိုးရွာတဲ့အခါမှာ မိုးရေခံထားလိုက်တယ်။ အဲဒီပုံစံမျိုးနဲ့ သောက်သုံးရေ ရဖို့ လုပ်နေကြရတယ်” ဟု ဦးသန်းလှက ပြောသည်။
အာဏာသိမ်းစစ်တပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီကို ဒေသခံတို့ ရရှိမှု နည်းပါးနေကြောင်း၊စစ်ဘေးတိမ်းရှောင်နေရသူတို့မုန်တိုင်းအပြီးတွင်အိမ်သာမရှိသေးကြောင်း၊ အိုးအိမ်မဲ့သွားသူတို့အတွက် နေထိုင်စရာ လိုအပ်နေသည့် ကျေးရွာများ ရှိနေပြီး အကူအညီများ ထပ်မံနှောင့်နှေးမည်ဆိုပါက ပိုမိုဆိုးရွားသည့်အခြေအနေများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူက မှတ်ချက်ပြုသည်။
“ခိုးမှု၊ လုယက်မှု၊ ဓားပြမှုတွေလို ရာဇဝတ်မှုတွေ အများကြီး ပေါ်ပေါက်လာလိမ့်မယ်။ နောက်တစ်ခုက ရောဂါတွေ တော်တော်ပေါလာလိမ့်မယ်။ ကျမ်းမာရေးစောင့်ရှောက်မှု မရှိဘူး။ သန့်ရှင်းတဲ့ ရေတွေ မရရှိဘူးဆိုရင် ကလေးသူငယ်တွေမှာ ဝမ်းရောဂါလိုမျိုး ရောဂါမျိုးတွေ ရလာလိမ့်မယ်။ တခြားသော ရောဂါတွေလည်း အများကြီး ဖြစ်လာလိမ့်မယ်” ဟု သူက သတိပေးသည်။
လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်
စစ်ကောင်စီနှင့်အပြိုင် ရက္ခိုင့်တပ်တော် (AA) ကလည်း မုန်တိုင်း မတိုက်မီကပင် ဒေသခံများ ရေဘေးလွတ်ရာသို့ရှောင်တိမ်းနိုင်ရေးကူညီပေးခဲ့သည်။မုန်တိုင်းအပြီး၎င်းတို့ထိန်းချုပ်ရာရခိုင်မြောက်ပိုင်းနယ်မြေများတွင် အာရက္ခအရေးပေါ်ကူညီထောက်ပံ့ရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီဖွဲ့ကာ ဆောင်ရွက်နေသည်။မေ ၉ ရက်မှစ၍ ငါးရက်တာအတွင်း ရခိုင်ပြည်နယ်ရှိ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း AA တာဝန်ရှိသူက မေ ၁၃ တွင် ပြောထားသည်။
လက်ရှိတွင် AA က နေအိမ်များ ဆောက်လုပ်ပေးခြင်း၊ ရေငန်ဝင်သော ရေကန်များကို တူးဖော်ခြင်း၊ စားနပ်ရိက္ခာ ဝေပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေသည်။ ထိုသို့ ဆောင်ရွက်နေကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
ဇွန် ၂၆ တွင် ရသေ့တောင်မြို့နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ငွေကြေးများကို AA က ဖွင့်လှစ်ထားသည့် အာရက္ခ အရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေးစင်တာ ၅ ခုက ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။မုန်တိုင်းကြောင့် နေအိမ်ဆောက်အအုံများ ထိခိုက်၊ ပျက်စီးခဲ့ရသော ရခိုင်ပြည်သူများကို ထောက်ပံ့၊ ကူညီပေးရန် AA က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို တောင်းဆိုထားသည်။
AA ထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အဖွဲ့အစည်းများက ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ ပေးအပ်ခဲ့ကြသည်။စစ်ကောင်စီနှင့် ရင်းနှီးသည့်၊ အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ၎င်းတို့သည်လည်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများကို ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသည်ဟု ပြောထားသည်။
Source – MYANMAR NOW