စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ် ရဲစခန်းထဲက စစ်အုပ်စု တိုက်ခိုက်ခံရကာ အထိနာ အသေများ ပြီးနောက် စစ်အုပ်စုက ပဒူရွာကို မီးတင်ရှို့ဖျက်ဆီးရာ အိမ်ခြေ (၅၀၀)ကျော် မီးလောင် ဆုံးရှုံးသွားတယ်။
မေ(၁၉)ရက်ကစတင်ပြီးစစ်ကိုင်းမြို့ရဲ့မြောက်ဘက်ပဒူတိုက်နယ်ထဲရွာစဉ်ပတ်မွှေလုယက်အကြမ်းဖက်နေပြီး ပဒူရဲစခန်းထဲ အထိုင်ချနေတဲ့ စစ်အုပ်စုကို မနေ့က မေ(၂၂)ရက်မှာ ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာစစ်အုပ်စု အသေအပျောက်များပြီး စခန်းထဲက အချုပ်ဆောင်တစ်ဆောင် မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကာ စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက် တိုက်ခိုက်နေချိန် စစ်အုပ်စုက လေကြောင်း ပစ်ကူပေးပြီး စစ်ကူတွေ ပို့လွတ်ခဲ့လို့ စခန်းမသိမ်းနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။
ပဒူကျေးရွာဟာ အိမ်ခြေ(၁၅၀၀)ကျော်၊ လူဦးရေ (၆၀၀၀)ကျော် ရှိပြီး စီးပွားရေး ဖွံ့ဖြိုးကာ တိုက်တာ အဆောက်အဦးတွေနဲ့ သူဌေးသူကြွယ်တွေ ပေါများတဲ့ ကျေးရွာကြီးတစ်ရွာပါ။စစ်အုပ်စုနဲ့ ပျူတွေရဲ့ မိန်းမတွေပါ ပဒူရွာထဲ ဝင်ရောက်လာပြီး ရွာထဲက မီးမလောင်တဲ့ အိမ်တွေကို ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်နေသလို ရွာထိပ် စက်သုံးဆီဆိုင်က စက်သုံးဆီတွေပါ ခိုးယူနေတယ်။
လက်ရှိမှာ ပဒူရွာထဲ အထိုင်ချထားတဲ့ စစ်အုပ်စုက အနီးနားဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်နေတယ်။စစ်အုပ်စု သောင်းကျန်းနေလို့ ပဒူရွာ အပါအဝင် အခြားကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေဟာစစ်ပြေးနေရပါတယ်။