မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေ ဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံနဲ့ ကံကော်ဆေးရုံတွေကို စစ်အုပ်စုက အာဏာပြပြီး လေးလကြာ ယာယီ ပိတ်သိမ်း ခိုင်းထားရာက လက်ရှိမှာ ဆေးရုံ လုပ်ငန်းလိုင်စင်ပါ ပယ်ဖျက်လိုက်ပါပြီ။စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ CDM ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ခန့်ထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း အများအပြားကို ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းက ပိုက်စိပ်တိုက် စီးနင်းဖမ်းဆီးကာ ငွေညှစ်ခဲ့ပြီးနောက် တောင်းသလောက်ငွေ မပေးနိုင်တဲ့ ဆေးရုံ၊ဆေးခန်းတွေကို ယာယီပိတ်သိမ်းခိုင်းခဲ့တယ်။
မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ ထက်နေလင်းဆေးရုံနှင့် စိန်ပန်းဆေးရုံတွေကို ၂၀၂၂ ဒီဇင်ဘာလကုန်က စတင်ပြီး လေးလကြာ ယာယီ ပိတ်သိမ်းထားဖို့ စစ်အုပ်စုက ခိုင်းစေခဲ့ပြီးနောက် ၂၀၂၃ ဇန်နဝါရီ(၁)ရက်က စတင်ပြီး ဆေးရုံလုပ်ငန်းလိုင်စင် ပယ်ဖျက်လိုက်တာဖြစ်တယ်။ဧပြီလတုန်းက ပြန်ဖွင့်တော့မလိုလို ကြားရပေမယ့်အဆင်မပြေခဲ့ဘူးထင်တယ်။ CDM နဲ့ ဆက်စပ်လို့ လိုင်စင်သိမ်းလိုက်တယ် ဆိုတာမျိုးလုပ်လိုက်တယ်။
စစ်အုပ်စုက အခုလို နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေကို လိုင်စင်သိမ်းတာဟာ CDM တွေကို အငြိုးထား ဖိနှိပ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်သလို မန္တလေးက စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ဆေးရုံသစ်တွေက သူတို့ဆေးရုံတွေ လူနာရအောင် စစ်အုပ်စုနဲ့ ပေါင်းပြီး လုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်။စစ်အုပ်စုက လက်ရှိ လိုင်စင်သိမ်းလိုက်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံနဲ့ ကံကော်ဆေးရုံတွေမှာ ဆေးရုံသုံးခု ပေါင်းပါက အနည်းဆုံး ဝန်ထမ်း (၁၀၀၀)အထိ ရှိနိုင်ပြီး ဆေးရုံတွေ ယာယီပိတ်ခံရစဉ်က ဝန်ထမ်းလစာ တချို့တဝက် ခံစားခွင့် ရနိုင်ပေမယ့် အခုလို လိုင်စင်သိမ်းလိုက်တဲ့အတွက် ဝန်ထမ်းတွေ အားလုံး အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းက မန္တလေးက CDM ကျန်းမာရေး ဝန်ထမ်းတွေကို အငြိုးထား ဖိနှိပ်ခဲ့ပြီး မန္တလေးက CDM ကျန်းမာရေး ဝန်ထမ်းတွေဟာ ကိုယ်တိုင် နေထိုင်မကောင်း ဖြစ်ရင်တောင် ဆေးရုံဆေးခန်းသွားပြီး ကုသခွင့် မရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတယ်။
စစ်အုပ်စုရဲ့ ဥပဒေမဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် CDM ကျန်းမာရေး ဝန်ထမ်းတွေ မြို့ပေါ်မှာ ဆက်လက်နေထိုင်ဖို့ အခက်အခဲဖြစ်လာပြီး ၂၀၂၂ နှစ်ကုန်ပိုင်းမှာ မန္တလေးက ရာချီတဲ့ CDM ကျန်းမာရေး ဝန်ထမ်းတွေ Non-CDM ပြောင်းကာ စစ်အုပ်စု လက်အောက် ပြန်လည် ဝင်ရောက်သွားပြီး CDM အထူးကုနဲ့ ပါမောက္ခအဆင့် ဆရာဝန်ကြီးတွေ အားလုံးနီးပါး Non-CDM ပြန်ပြောင်းသွားခဲ့ရတယ်။