အာဏာရှင်စနစ်တိုင်းသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် လျှို့ဝှက် စစ်ထောက်လှမ်းရေး ပုလိပ်တပ်ဖွဲ့တခု လိုအပ်သည်ဟု ယုံကြည်ကြပြီး ပိုမို ရက်စက်ကြမ်းကြုတ်လေလေ ပိုမို ထိရောက်လေလေဟု ယူဆကြသည်။ နာဇီ ဂျာမနီတွင် ၎င်းတို့၏ ဂက်စ်တာပို သို့မဟုတ် Geheime Staatzpolizei ဟု “လျှို့ဝှက်နိုင်ငံတော်ရဲတပ်ဖွဲ့” ရှိသည်။ အီရန်မှ ရှားဘုရင်တွင် ပြည်တွင်းလုံခြုံရေးနှင့် ထောက်လှမ်းရေးဌာနဖြစ်သော Savak ရှိသလို ရိုမေးနီးယား အာဏာရှင် နီကိုလေ ချောင်ဆက်စကူးတွင် ကြောက်စရာကောင်းသည့် Securitate ဟုခေါ်သော “နိုင်ငံတော်လုံခြုံရေးဌာန” ရှိသည်။ မြန်မာဗိုလ်ချုပ်များတွင်လည်း ၎င်းတို့၏ စစ်ထောက်လှမ်းရေးဌာနရှိပြီး ထိုဌာနသည် ခေတ်အလိုက် အခေါ်အဝေါ် ပြောင်းလာသော်လည်း နိုင်ငံတော်အာဏာ၏ ပင်မထောက်တိုင် အမြဲတမ်း ဖြစ်နေခဲ့သည်။
သို့သော် ၎င်း၏ လျှို့ဝှက်သော သဘောသဘာဝအရ မြန်မာစစ်ထောက်လှမ်းရေးသည် အနည်းဆုံး နှစ်ကြိမ်တိုင်တိုင် လှေကြီးပေါ် လှေငယ်ဆင့်ကာ အသွင်ကူးပြောင်းသွားခဲ့ပြီး တည်ဆဲစနစ်ကို ခြိမ်းခြောက်လာခဲ့သည်။ ထို့ကြောင့်ပင် သုတ်သင်ဖယ်ရှားခံရပြီး ထိုဌာနခေါင်းဆောင်များသည် ထောင်နှစ်ပေါင်းများစွာ ကျခံရသည်။
ထိုသို့သော မျက်ကန်းသစ္စာခံမှုကို ထိန်းသိမ်းထားရန် လက်ရှိမြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ ထိပ်တန်းထောက်လှမ်းရေးများကို သူ့ဆရာသမား အာဏာရှင်များထက် ပိုမိုနီးကပ်စွာ ထားရခြင်းဖြစ်သည်။ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ – OCMSA) အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကောင်စီခန့် အစိုးရအဖွဲ့အစည်းအဝေးတိုင်း၊ နိုင်ငံခြားသံတမန်များနှင့် အစည်းအဝေးတိုင်းနှင့် ပြည်ပခရီးစဉ်များတွင် မင်းအောင်လှိုင်နှင့် အမြဲလိုက်ပါရသည်။
ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ၉ ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးကွန်ဖရင့် တက်ရန်နှင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်နှင့် လက်နက်ကုမ္ပဏီများနှင့် တွေ့ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ရုရှားသို့ လိုက်ပါသွားရသည်။ ဒုတိယ ခရီးစဉ်အတွင်းတွင် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ဇနီး ဒေါ်နီလာနှင့် ဗိုလ်ချုပ်များ၏ ဇနီးများပါ လိုက်ပါသွားရသော်လည်း မော်စကိုတွင် ဈေးဝယ်ထွက်ခြင်းသာဖြစ်ပြီး အရေးပါသည့် မည်သည့်အစည်းအဝေးကိုမှ တက်ရောက်ရန် မဟုတ်ပေ။
ထောက်လှမ်းရေးဌာနသည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီး အရှေ့တောင်အာရှတွင် အရက်စက်ဆုံးနှင့် အထိရောက်ဆုံး လျှို့ဝှက်စစ်ထောက်လှမ်းရေး ပုလိပ်အဖွဲ့ကို ထူထောင်ခဲ့သည့် ဗိုလ်ချုပ်နေဝင်းခေတ်တွင် စတင်ပေါ်ပေါက်လာသည်။ မူလက စစ်ထောက်လှမ်းရေးဌာနဟု သိကြသည့် ထိုထောက်လှမ်းရေးဌာန (MIS) ကို အင်္ဂလိပ်စာ မတတ်သည့် လယ်သမားများကပင် အမ်အိုင် ဟုခေါ်ကြပြီး လူတိုင်းက ထိုအဖွဲ့ကို ကြောက်လန့်ခဲ့ရသည်။ သတင်းပေးများသည် နေရာတိုင်းတွင် ရှိနေနိုင်ပြီး တခါတရံ အတိုက်အခံသမား မိသားစုများအကြားတွင်ပင် ရှိနေသည်။ ကနဦးတွင် နေဝင်းကို ဂျပန်တို့က ၁၉၄၀-၄၁ ခုနှစ်အတွင်းနှင့် ၁၉၄၂-၄၅ ခုနှစ်အတွင်း မြန်မာကို ဂျပန်တို့သိမ်းပိုက်ထားစဉ်က လေ့ကျင့်ပေးခဲ့သည်။
မြန်မာစစ်ထောက်လှမ်းရေး ယန္တရားနှင့်ပတ်သက်ပြီး ၂၀၀၇ ခုနှစ်က လေ့လာချက်တွင် အမေရိကန် ဒုဗိုလ်မှူးကြီး ဂျိမ်းစ် မက် အင်ဒရူးက “အနာဂတ် စစ်အာဏာရှင်နှင့် သက်ဆိုးရှည်သော နေဝင်းကို ‘ပြောက်ကျားနှင့် လျှို့ဝှက်လှုပ်ရှားမှုများ’ နှင့် ခေါင်းဆောင်မှုများအတွက် လေ့ကျင့်ပေးထားသည်။ ထူးခြားချက်မှာ ထိုသင်ရိုးညွန်းတမ်းတွင် ရက်စက်ကြမ်းကြုတ်သော ဂျပန်စစ်ပုလိပ်နှင့် တန်ပြန် ထောက်လှမ်းရေး ကင်ပေတိုင်က ပို့ချသည့် ထောက်လှမ်းရေး လေ့ကျင့်မှု ပါဝင်နေခြင်းဖြစ်သည်။ ကင်ပေတိုင်အတွက် ရွေးချယ်ခံရခြင်းသည် မှတ်သားစရာကောင်းသော နောက်ခံသမိုင်းဖြစ်ပြီး အတင်းအကျပ် ထောက်လှမ်းခြင်းနှင့် တန်ပြန်ထောက်လှမ်းရေး အဖွဲ့အစည်းများကို ထိန်းသိမ်းထားခြင်းသည် အာဏာရှင်စနစ်ကို ထိန်းသိမ်းထားရာတွင် အရေးပါကြောင်း နေဝင်းက ရှင်းလင်း သရုပ်ပြမှု ဖြစ်သည်ဟု မြင်နိုင်သည်” ဟု ရေးသားခဲ့သည်။
ဗိုလ်ချုပ်ကြီး နေဝင်း၏ နှစ်ပေါင်းများစွာ ယုံကြည်အားထားရသော ထောက်လှမ်းရေး အကြီးအကဲမှာ ဗိုလ်မှူးချုပ် တင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်ဦး မဟုတ်) ဖြစ်သည်။ အမ်အိုင်တင်ဦးဟု သိကြသည့် ထောက်လှမ်းရေးတင်ဦးကို အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) က အမေရိကန် ထိန်းချုပ်ထားသည့် ဆိုင်ပန် ပစိဖိတ်ကျွန်းတွင် ၁၉၅၇ ခုနှစ်က လေ့ကျင့်ပေးခဲ့သည်။ အလားတူစွာပင် ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် ၁၉၈၀-၈၁ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သူ ဦးလေးမောင်ကိုလည်း လေ့ကျင့်ပေးခဲ့သည်။
ထိုစဉ်က မြန်မာစစ်တပ်ကို အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ခြင်းမှာ ၎င်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။ သို့သော် မြန်မာစစ်တပ်က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နှင့် ပူးပေါင်းပြီး အမေရိကန်ထောက်ခံသည့် အမျိုးသားရေးဝါဒီ တရုတ်ကူမင်တန်တပ် အကြွင်းအကျန်များကို တိုက်ခိုက်သောအခါ ၁၉၆၁ ခုနှစ်တွင် ထိုထောက်ပံ့မှုများ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။ ကူမင်တန်များသည် တရုတ်ပြည်တွင်းစစ်တွင် ရှုံးပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ခိုလှုံနေခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးအတိုက်အခံများကို တရားစီရင် သတ်ဖြတ်ခြင်းသည် အမြဲတမ်း လုပ်လေ့လုပ်ထရှိသည့် စည်းမျဉ်းမဟုတ်၊ ခြွင်းချက်သာဖြစ်သည်ဟု ဆိုစေကာမူ နေဝင်းကို ဆန့်ကျင်သည့် နိုင်ငံရေး သို့မဟုတ် တိုင်းရင်းသား အတိုက်အခံများသည် ထောင်အတွင်း ဖမ်းဆီးနှိပ်စက်ခံကြရသည်။ MIS သည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရေကြည်အိုင်ဟုခေါ်သည့် ကိုယ်ပိုင်ထောင်တခုကိုလည်း တည်ထောင်ထားသည်။ မြန်မာနိုင်ငံရေး အကျဉ်းသားများကို ထိုထောက်လှမ်းရေးထောင်နှင့် တနိုင်ငံလုံးမှ အခြားထောက်လှမ်းရေးထောင်များတွင် သေသည်အထိ ညှဉ်းပန်းနှိပ်စက်သည်။
MIS သည် သာမန် နိုင်ငံသားများကို စောင့်ကြည့်နေရုံသာမက လစ်ဘရယ်အတွေးအခေါ် ရှိသည်ဟု ယူဆသည့် စစ်အရာရှိများကိုလည်း အထူးသဖြင့် စောင့်ကြည့်သည်။ ထိုစစ်အရာရှိများကို အလှည့်ကျ တာဝန်ချထားခြင်းအပြင် အကျင့်ပျက်ခြစားမှုနှင့် အဖွဲ့အစည်းလိုက် ရက်စက်ကြမ်းကြုတ်မှုကြောင့် လည်း မြန်မာစစ်တပ်သည် သိသိသာသာ ညီညွတ်စေသည်။
MIS ထောက်လှမ်းရေးများသည် ဗြိတိန်၊ အနောက်ဂျာမနီ၊ ထိုင်း၊ သြစတြေးလျနှင့် အမေရိကန် ပြည်ထောင်စုမှ နိုင်ငံရေး အဝေးရောက် အတိုက်အခံများကိုလည်း စောင့်ကြည့်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ ကြာလာသောအခါ မည်သူက သတင်းပေး ဟုတ်၊ မဟုတ်ကို မည်သူမှ မသိနိုင်တော့ဘဲ အပြန်အလှန် သံသယများဖြင့် ၎င်းတို့သည် နိုင်ငံရေးအင်အားစုတခုပင် ဖွဲ့လာကြသည်။
၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်နှစ်များတွင် MIS သည် လွန်စွာ သြဇာကြီးထွားလာပြီး ထိုစဉ်က အမ်အိုင် တင်ဦးကို ဂျာနယ်လစ် ရော့ဒနီ တက်စ်ကာက အရှေ့ဖျားဒေသစီးပွားရေးစာစောင်တွင် “အမြင်တိုပြီး တရားသေဆန်သည့် မြန်မာခေါင်းဆောင်များနှင့် ယှဉ်လျှင် သူနှင့် MIS မှ သူ့လူများသည် ကမ္ဘာက အာရုံစိုက်မိသူများ ဖြစ်လာသည်။ ၎င်းတို့သည် ပြည်ပသို့ ခရီးသွားနိုင်ခဲ့ကြသည်။ နိုင်ငံခြားသားများနှင့် လွတ်လွတ်လပ်လပ် စကားပြောသည်။ အကျင့်ပျက်ခြစားသည့် စစ်အုပ်စု၏ တင်းကျပ်သော အကန့်အသတ်များကို ကျော်လွန်ရှုမြင်သည်။ ရက်စက်ကြမ်းကြုတ်သော်လည်း သူသည် ဖော်ရွေသည်၊ ပွင့်လင်းသည်၊ ဆွဲဆောင်မှုရှိသော ခေါင်းဆောင်ဖြစ်သည် ဆိုသည့် ဂုဏ်သတင်းကို တည်ဆောက်နိုင်သောကြောင့် ခေါင်းဆောင်မှုပိုင်းမှ တွင်းအောင်းသတ္တဝါနှင့်တူသည့် ခေါင်းဆောင်များနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်လာသည်” ဟု ရေးခဲ့သည်။
သို့သော် ၁၉၈၃ ခုနှစ်၊ မေလသို့ ရောက်သောအခါ နေဝင်းစစ်အုပ်စုက တင်ဦးကို သူ၏တပည့် ဗိုလ်မှူးကြီး ဘိုနီနှင့်အတူ “အနားယူခွင့် ပြုလိုက်သည်” ဟု ရုတ်တရက် မမျှော်လင့်ဘဲ ကြေညာသည်။ ၎င်းတို့၏ ဇနီးများသည် အကျင့်ပျက်ခြစားသောကြောင့် ၎င်းတို့ကို ကန်ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုအမှုသည် တနိုင်ငံလုံးမှ မည်သည့် စစ်အရာရှိကိုမဆို ကန်ထုတ်နိုင်သောအမှု ဖြစ်သည်။ ထို့ကြောင့် တင်ဦးနှင့် ဘိုနီကို ထောင်ချလိုက်သလို ထောက်လှမ်းရေး ယန္တရားတခုလုံးကိုလည်း ကန်ထုတ်လိုက်သည်။
သို့သော် ထိုလုပ်ရပ်၏နောက်ကွယ်မှ အကြောင်းရင်းမှာ ခန့်မှန်း ပြောဆိုချက်အဖြစ်သာ ကျန်ရစ်သည်။ ထိုစဉ်က ခန့်မှန်းချက်မှာ ပိုမိုယဉ်ကျေးသိမြင်သော MIS အရာရှိများသည် စည်းစိမ်သြဇာ လွန်စွာကြီးမားပြီး နိုင်ငံကြီးအတွင်း နိုင်ငံငယ်တခု တည်ထောင်ကာ နေဝင်း ခေါင်းခေါက်ရွေးထားသည့် အသိဉာဏ်နည်းသော ပုတ်သင်ညိုများ၏ အတွင်းစည်းကို ခြိမ်းခြောက်လာသည်ဟု ဆိုသည်။
ထိုသို့ ကန်ထုတ်ခံရသည့် အကြောင်းရင်းသည် မည်သို့ဖြစ်သည်ဆိုစေ ထိုကိစ္စသည် နိုင်ငံ၏ လုံခြုံရေးအခြေအနေကို ချက်ချင်းသက်ရောက်ခဲ့သည်။ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်၌ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာသို့ လာရောက် လည်ပတ်နေသည့် တောင်ကိုရီးယားဝန်ကြီး လေးဦးအပါအဝင် လူ ၂၁ ဦး သေဆုံးသည်။ ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် မြောက်ကိုရီးယား စစ်အရာရှိ သုံးဦးရှိနေသည်။ ၎င်းတို့အနက် တဦးသည် မြန်မာစစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးပြီး အခြား နှစ်ဦးကို အရှင်ဖမ်းမိသည်။ ကျန်ဗုံးခွဲသမားတဦးကို ၁၉၈၅ ခုနှစ်တွင် ကွပ်မျက်ခဲ့ပြီး အခြားတဦးမှာ ၂၀၀၈ ခုနှစ်တွင် အင်းစိန်ထောင်အတွင်း သေဆုံးသည်အထိ နေခဲ့သည်။
ထိုစဉ်က လေ့လာသူများက အမ်အိုင်တင်ဦးသာ ထောက်လှမ်းရေးအကြီးအကဲ အဖြစ်ဆက်လက်ရှိနေလျှင် ထိုဖြစ်ရပ်ဖြစ်ခဲ့မည်မဟုတ်ဟု ယူဆကြသည်။ စစ်ထောက်လှမ်းရေး ယန္တရားသည် ယခင်ကဲ့သို့ မဟုတ်တော့ကြောင်း ထိုဖြစ်ရပ်က အထင်အရှားပြသနေသည်။
ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီး ခင်ညွန့်ကို ၁၉၈၄ ခုနှစ်တွင် ခန့်အပ်သည်။ သူ၏ ကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (DDSI) သည် ယခင် ထောက်လှမ်းရေးဌာန ကဲ့သို့ပင် စွမ်းရည်ရှိလာပြီး ခင်ညွန့်သည် တင်ဦးနှင့် အချက်အလက် အတော်များများတွင် တူညီလာသည်။ သူသည် နှိုင်းယှဉ်ချက်အားဖြင့် ပိုမိုငယ်ရွယ်ပြီး အတန်အသင့် ဉာဏ်ကောင်းသည်။ သို့သော် စစ်အာဏာရှင်ဟောင်း နေဝင်းက လိုအပ်သည်ဟု ထင်လျှင် များစွာ ပိုမို ရက်စက်နိုင်သည်။
တစစီပြိုကွဲသွားသော စစ်ထောက်လှမ်းရေး ယန္တရားကို ခင်ညွန့်က ပြန်လည်တည်ဆောက်ပြီး လေးနှစ်ပင်မပြည့်မီ နိုင်ငံသမိုင်းတွင် အကြီးမားဆုံး လူထုအုံကြွမှုနှင့် ရင်ဆိုင်ရသည်။ နိုင်ငံတဝန်းမှ သန်းပေါင်းများစွာသော ပြည်သူများသည် နေဝင်းစစ်အုပ်စုကို ဆန့်ကျင်ချီတက်ကြပြီး ၁၉၆၂ ခုနှစ် မတိုင်မီက နိုင်ငံတွင် ခံစားခဲ့ရသည့် ဒီမိုကရေစီကို ပြန်လည်တောင်းဆိုကြသည်။ မည်သည့်နေရာမှ မည်သည့် အာဏာရှင်အုပ်စုမဆိုသည် ပြည်သူတရပ်လုံးက ဆန့်ကျင်သောအခါ အာဏာရှင်စနစ် ပြိုလဲရသည်။ သို့သော် မြန်မာစစ်အုပ်စုလွှမ်းမိုးသည့် အာဏာရှင်စနစ်အောက်တွင် ထိုသို့မဖြစ်ခဲ့ပေ။
ရန်ကုန်မြို့နှင့် အခြားမြို့များမှ လမ်းမများပေါ်တွင် လူထောင်ပေါင်းများစွာ ပစ်သတ်ခံရပြီး စစ်တပ်သည် အစိုးရကို ဖြုတ်ချရန် မဟုတ်ဘဲ လူထုဆန့်ကျင်မှု အကြီးအကျယ်ခံနေရသည့် စစ်အုပ်စုကို ကျားကန်ရန် အာဏာသိမ်းသည်။ ထိုအရေးတော်ပုံကို စစ်တပ်က ချေမှုန်းပြီးနောက် DDSI ကို တိုးချဲ့သည်။ ၁၉၉၁ ခုနှစ်သို့ ရောက်သောအခါ ထောက်လှမ်းရေးတပ်ဖွဲ့သစ် ကိုးဖွဲ့ထူထောင်ပြီး နိုင်ငံတဝန်းတွင် ဖမ်းဆီးစစ်ကြောရေး စခန်းပေါင်း ၁၉ ခုရှိလာသည်။ ထိုစခန်းများအနက် ၇ ခုသည် ရန်ကုန်တွင်ရှိပြီး ရေကြည်အိုင်သည် အမည်ဆိုး အကျော်ကြားဆုံးအဖြစ် ဆက်လက်ရှိသည်။ အရပ်ဝတ် DDSI ထောက်လှမ်းရေးများသည် NLD ခေါင်းဆောင်များနှင့် စစ်အုပ်စုကို ဆန့်ကျင်သည့် အတိုက်အခံများ၏ လှုပ်ရှားမှုတိုင်းကို ထောက်လှမ်းကြသည်။
သို့သော် ၂၀၀၄ ခုနှစ်သို့ ရောက်လာသောအခါ ဝန်ကြီးချုပ်ဖြစ်နေသော ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကန်ထုတ်လိုက်ပြီး အဆင့်မြင့်အရာရှိ ၃၀၀ အပါအဝင် တနိုင်ငံလုံးမှ ထောက်လှမ်းရေး ၃၅၀၀ နှင့်အတူ ဖမ်းဆီးလိုက်သည်။ သူ၏ ဆရာသမား ဦးနေဝင်း ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် သေဆုံးပြီးနောက် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးမှ ဖြုတ်ချခြင်းဖြစ်သည်။
ဦးနေဝင်းကို ထိုနှစ်အစောပိုင်းက နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်ထားပြီး သူ့သမီး ဒေါ်စန္ဒာဝင်းနှင့် ခင်ပွန်း ဦးအေးဇော်ဝင်း၊ ၎င်းတို့ နှစ်ဦးမှမွေးဖွားသည့် ထိန်းကွပ်မရသော မြေးများ၏ အကျင့်ပျက်ခြစားမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဦးနေဝင်း၏ မြေးများသည် ရန်ကုန်မှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အကြမ်းဖက်ကာ လာဘ်ငွေနှင့် ခြိမ်းခြောက်ငွေ တောင်းခံသည်ဟုဆိုသည်။
သို့သော် ဦးနေဝင်းနှင့် မိသားစုအပေါ် ထိုလုပ်ရပ်သည် နေဝင်းအလွန်ခေတ်အတွက် ပြင်ဆင်သည်ဆိုသည်ကို သံသယ မရှိသူ မရှိသလောက်ပင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်သြဇာကို ကန့်သတ်ရန် လုပ်ဆောင်မှု ဖြစ်သည်။ နိုင်ငံကို သံလက်သီးဖြင့် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်နေဝင်းကို ရန်ကုန်ရှိ သူ၏ အိမ်အနီးတွင် မီးသဂြိုဟ်လိုက်သည်။ သူ၏ အသုဘတွင် တက်ရောက်သူ မိသားစုဝင်များနှင့် အရပ်ဝတ် စစ်ထောက်လှမ်းရေး ၂၀ ခန့်သာရှိပြီး မည်သည့်အဆင့်မြင့်အရာရှိမှ မပါဝင်ပေ။
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကန်ထုတ်ခြင်းသည် ပြည်ပမီဒီယာများ ထိုစဉ်က ဖော်ပြသကဲ့သို့ “လက်တွေ့ကျသော” စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် စစ်အုပ်စုအတွင်း “သဘောထားတင်းမာသူများ” အကြား အာဏာအားပြိုင်ပွဲ မဟုတ်ပေ။ ထိုသို့ကန်ထုတ်ရခြင်း၏ ပိုမိုဖြစ်နိုင်ခြေရှိသော အကြောင်းရင်းမှာ ခင်ညွန့်နှင့် သူ၏ DDSI များသည် စီးပွားရေးလုပ်ငန်းပေါင်းစုံတွင် ပါဝင်ပတ်သက်ပြီး လွန်စွာ ချမ်းသာလာသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ၁၉၇၀ ပြည့်နှစ်များက အမ်အိုင်တင်ဦး ကဲ့သို့ပင် နိုင်ငံတော်အတွင်းတွင် နိုင်ငံတော်ငယ်တခုကို တည်ဆောက်နေကြပြီး ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုများကို အခြားစစ်တပ်ထိပ်တန်း ခေါင်းဆောင်များကို မျှဝေမပေးသောကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး နေဝင်းကဲ့သို့ပင် အာဏာရှင်သစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့ပတ်ဝန်းကျင်တွင် သူ့ကို ဘက်ပြိုင်မည့်သူကို မလိုလားပေ။ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည်လည်း နိုင်ငံရေးရည်မှန်းချက် ရှိနေကြောင်း ထင်ရှားသည်။ သူသည် ယုံကြည်ရသည့် လူတဦးမဟုတ်ပေ။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကောင်စီ ဆန့်ကျင်သူများကို ခြေရာခံလိုက်ရန် တာဝန်ယူရပြီး စစ်ကြောရေးစခန်းများကိုလည်း စီမံကာ ဖမ်းဆီးထားသူများသည် လျှပ်စစ်လျှော့တိုက်ခြင်း၊ လိင်အင်္ဂါကို မီးရှို့ခြင်း၊ နှိပ်စက်ခံရသူများ၏ ပါးစပ်အတွင်း အရည်ပူများနှင့် ဓာတုဆေးရည်များဖြင့် လောင်းထည့်ခြင်း၊ အမျိုးသမီးဖြစ်လျှင် အဓမ္မပြုကျင့်ခြင်း အပါအဝင် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံကြရသည်။ အင်တာနက်နှင့် လူမှုကွန်ရက်ကြောင့် ထိုသို့သော သတင်းများကို ပြင်ပကမ္ဘာသို့ ဖြန့်ချိနိုင်ခဲ့ကြသော်လည်း ထိုနည်းလမ်းများသည် မြန်မာထောက်လှမ်းရေး စတင်ထူထောင်ချိန် ကတည်းက သုံးသည့် နည်းလမ်းဟောင်းများ ဖြစ်ကြသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကန်ထုတ်ပြီး မကြာမီ နောက်ဆုံး ထောက်လှမ်းရေးဌာနအဖြစ် တိုးချဲ့ထားသော DDSI ကို ဖျက်သိမ်းပြီး လုံးဝသစ်လွင်သည့် အဖွဲ့အစည်းသစ်ကို ထူထောင်လိုက်သည်။ ထိုအဖွဲ့မှာ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) ခေါ် OCMSA ဖြစ်ပြီး ပိုမို တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ထားသည်။ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အမ်အိုင်တင်ဦးနှင့် ခင်ညွန့်တို့ မှားခဲ့သည့် အမှားမျိုးကို ထပ်မံကျူးလွန်ရန် လွန်စွာ မဖြစ်နိုင်ဘဲ အနိမ့်ဆုံးဆိုရပါက မင်းအောင်လှိုင်သည် ကြိုမြင်နိုင်သော အနာဂတ်တွင် လုံခြုံနေမည် ဖြစ်သည်။
စရခသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နှိုင်းယှဉ်ချက်အားဖြင့် ပွင့်လင်းသော ကာလတလျှောက်လုံး ဆက်လက်လှုပ်ရှားနေပြီး နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများကို ဂရုတစိုက် စောင့်ကြည့်နေသည်။ သို့သော် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။
လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက်တွင် လူပေါင်း ၃၁၉၄ ဦး သတ်ဖြတ်ခံရပြီး ၁၇၀၇၅ ဦး ဖမ်းဆီးခံရကာ ၅၂၇၄ ဦး ထောင်ချခံရသည်။
အကျဉ်းသား စုစုပေါင်း ၁၀၉ ဦးကို သေဒဏ်ပေးထားပြီး အခြားသူ ၁၂၁ ဦးကို မျက်ကွယ်တွင် အပြစ်ဒဏ်ချထားသည်။ ထိုသူများအနက် ၄၂ ဦးသည် သေဒဏ်ချခံရသောကြောင့် လက်ရှိအချိန်အထိ လူ ၁၅၁ ဦးသည် ကွပ်မျက်ခံရမည်ကို စောင့်နေရသည်။ လက်ရှိအချိန်အထိ ၃၈၇၄ ဦးကို ထောင်မှ ပြန်လွှတ်ပြီးဖြစ်သည်ဟု ဆိုသည်။
၁၉၈၈ ခုနှစ် အရေးတော်ပုံမတိုင်မီ အချိန်အထိ မြန်မာစစ်ထောက်လှမ်းရေးသည် ပြည်ပလှုပ်ရှားမှု အနည်းငယ်သာ လုပ်နိုင်ပြီး သတင်းအချက်အလက် စုဆောင်းခြင်းနှင့် အဝေးရောက် လူမှုအသိုက်အဝန်းများကို ခြောက်လှန့်ခြင်းမျှသာ လုပ်နိုင်သည်။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းနှင့် နောက်ဆက်တွဲ ဒီမိုကရေစီလိုလားသူ လူထောင်ပေါင်းများစွာ ထွက်ပြေးလာပြီးနောက်၊ အထူးသဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာပြီးနောက် စစ်ထောက်လှမ်းရေးများသည် နိုင်ငံပြင်ပတွင် ပိုမိုလှုပ်ရှားလာကြသည်။
တက်ကြွလှုပ်ရှားသူများအား ရိုက်နှက်ရန် လူရမ်းကားများကို စေလွတ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများကို အမိန့်ပေးရန် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ညာလက်ရုံး ဗိုလ်မှူးကြီး သိန်းဆွေကို ဘန်ကောက်သို့ စစ်သံမှူးအဖြစ် စေလွှတ်လိုက်သည်။ ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် ဗိုလ်မှူးကြီး သိန်းဆွေသည် ထိုင်းမှ သံတမန်များ၊ သူလျှိုများ၊ သတင်းပေးများ၊ မီဒီယာများနှင့် ကျယ်ပြန့်သော ကွန်ရက် တည်ဆောက်ခဲ့သည်။ မြန်မာသို့ ပြန်လာသောအခါ ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့ကို ထိပ်တန်းထောက်လှမ်းရေး အရာရှိအဖြစ် ခန့်အပ်ဂုဏ်ပြုသည်။
ယခုအခါ စရခသည် နိုင်ငံခြားတိုင်းပြည်များတွင် ပိုမိုကျယ်ပြန့်စွာ လှုပ်ရှားလာသည့် လက္ခဏာရှိသည်။ အများ အံ့သြစရာဖြစ်ရသည့်ကိစ္စမှာ အမြဲတမ်းခန့် ထောက်လှမ်းရေးများကသာ ချင်းမိုင်နှင့် မဲဆောက်ကဲ့သို့သော ထိုင်းမြို့ကြီးများတွင် ခိုလှုံနေသော တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် အခြားသူများကို စောင့်ကြည့်နေသည် မဟုတ်ဘဲ ၂၀၁၁-၂၀၁၆ ဦးသိန်းစိန် သမ္မတဖြစ်စဉ် “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်” နှင့် ဒီမိုကရေစီလှုပ်ရှားမှု အမည်ခံကိစ္စတွင် ပါဝင်သူများကလည်း စောင့်ကြည့် သတင်းပေးများ ဖြစ်နေကြသည်။
ဧရာဝတီ သတင်းဌာန၏ ဖော်ပြချက်အရ မြန်မာပြည်တွင်းတွင်လည်း စစ်တပ်သစ္စာခံဟောင်းများ ဆက်လက်ရှိနေသည်။ ၂၀၀၄ ခုနှစ်က ကန်ထုတ်ခံရသည့် ထောက်လှမ်းရေးများကိုပင် အကြံပေးများအဖြစ် အသုံးပြုနေသည်။
ထိုသို့ ကန်ထုတ်ခံရသူများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တချိန်တည်း ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ခဲ့သူ ဗိုလ်မှူးကြီး ငွေထွန်း၊ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီလိုလားသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သည့် စာရွက်စာတမ်းများ ဝေမျှသည့် တာဝန်ခံ ဒုဗိုလ်မှူးကြီး ဉာဏ်လင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံတွင် တာဝန်ထမ်းဆောင်ဖူးသူ စိုင်းအောင်သိန်း၊ ထောက်လှမ်းရေး မြင့်ဌေးနှင့် ဘန်ကောက်မှ သားသတ်သမား ဗိုလ်မှူးချုပ် ဖြစ်ခဲ့သည့် သိန်းဆွေတို့ ပါဝင်သည်။ ထောက်လှမ်းရေး မြင့်ဌေးသည် ပအိုဝ်း ခါးပိုက်ဆောင်တပ် ခေါင်းဆောင် ဦးအောင်ခမ်းထီ၊ တရုတ်-မြန်မာနယ်စပ် မိုင်းလားမှ အခြား ခါးပိုက်ဆောင်တပ်ခေါင်းဆောင် လင်မင်ရှန်းတို့နှင့် ဆက်သွယ်ရေး တာဝန်ယူခဲ့ဖူးသည်။
နေဝင်း တခါကပြောခဲ့သည်အတိုင်း ဆိုရပါက စစ်အာဏာရှင်များသည် အရည်အချင်းရှိသူများထက် “လူကောင်းလူတော်”ဟု သမုတ်သော ၎င်းတို့ကို သစ္စာခံသူများကို ချီးမြှောက်သည်ဟု ဆိုရမည်ဖြစ်သည်။ ထူးခြားသောအချက်မှာ ခင်ညွန့်သြဇာကို ချိန်ခွင်လျှာညှိရန် ၁၉၉၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခန့်ခဲ့သည့် ထောက်လှမ်းရေး ဒုတိယ အကြီးအကဲ ဗိုလ်ချုပ် ကျော်ဝင်းကို အာဏာသိမ်းပြီးနောက် မတွေ့ရတော့ခြင်းပင် ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအနေဖြင့် စရခ လှုပ်ရှားမှုများကို ပုံဖော်ရန်နှင့် လမ်းမများတွင် သာမက ဆိုက်ဘာနယ်ပယ်တွင်ပါ နိုးကြားမှုဖြင့် ရင်ဆိုင်ရန် မြန်မာစစ်ထောက်လှမ်းရေး၏ အတိတ်နှင့် အနာဂတ် အတွင်းပိုင်းလုပ်ငန်း လည်ပတ်ပုံများကို နားလည်မှုအပေါ် မူတည်သည်။ ထိုလုပ်ငန်းသည် ရည်ရွယ်ချက်နှင့် ဦးတည်ချက်အရ လျှို့ဝှက်ထောက်လှမ်းရေး ပုလိပ်လုပ်ငန်းများသာ ဖြစ်သည်။
ယခုအခါ ယခင်က မရှိသည့် အဆင့်မြင့် အီလက်ထရွန်းနစ် ထောက်လှမ်းရေး ကိရိယာများကို စင်ကာပူနှင့် အစ္စရေးလုပ်ငန်းများထံမှ ရရှိနေသည်။ ထို့အပြင် စစ်အုပ်စုနှင့် ၎င်း၏ အဖိနှိပ်ဆုံး အာဏာယန္တရားသည် အတိတ်ကထက် ပိုမိုနီးကပ်စွာ လုပ်ဆောင်နေသောကြောင့် အန္တရာယ်သည် ပြည်တွင်းတွင်သာမက ပြည်ပတွင်လည်း အစစ်အမှန် ပကတိအခြေအနေ ဖြစ်သည်။
Source – Irrawaddy