တည်ဆဲပါတီတွေကို ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ခိုင်းထားတာ အချိန်ပြည့်ခဲ့ပြီဖြစ်လို့ ပါတီနိုင်ငံရေး အခင်းအကျင်းသစ်တစ်ခု ပေါ်ပေါက်လာပါတယ်။
ပါတီ ၄၀ ကျော်ဖျက်သိမ်းခံခဲ့ရတဲ့ ဒီအခင်းအကျင်းသစ်မှာ ဝင်ပြိုင်တဲ့ အထွေထွေ ရွေးကောက်ပွဲတိုင်းမှာ အများစုအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်းခံခဲ့ရတာက အထင်ရှားဆုံး ဖြစ်ခဲ့ပါတယ်။
တိုင်းရင်းသားပါတီတွေ ကိုယ်စားပြုခွင့် ပိုရအောင်လုပ်ပေးမယ်လို့ စစ်ကောင်စီက ကြွေးကြော်ခဲ့ပေမဲ့ ဖျက်သိမ်းခံရတဲ့ နိုင်ငံရေးပါတီ ၄၀ ထဲမှာ တိုင်းရင်းသားပါတီက တစ်ဝက်ကျော်အထိ ပါနေတာ တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေ အပေါ် ပြည်တွင်းပြည်ပမှာ ဝေဖန်မှုတွေ အမြောက်အမြား ရှိခဲ့ပြီး ပါတီ ဆယ်ဂဏန်း ဖျက်သိမ်းခံရတဲ့အပေါ် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့ကလည်း ရှုတ်ချခဲ့ပါတယ်။
NLD မြေပေါ်လား မြေအောက်လား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသိအမှတ်မပြုလို့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်မှာမဟုတ်ဘူးလို့ ထုတ်ပြောခဲ့ပြီး မှတ်ပုံလည်း ပြန်မတင်ခဲ့ပါဘူး။
NLD ပါတီ ကို ဖျက်သိမ်းတာကို တရုတ်နိုင်ငံက မဖြစ်စေလိုတဲ့အတွက် အလိုအလျောက် ပျက်ပြယ်သွားအောင် စစ်ကောင်စီက ထောင်ချောက်ဆင်ခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ခဲ့ကြပြီး စစ်ကောင်စီ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဒီလိုရည်ရွယ်ချက် ရှိတယ်ဆိုတာမျိုး တရားဝင်ပြောတာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ စစ်ကောင်စီထဲက အရပ်သားအဖွဲ့ဝင်တချို့ကတော့ NLD ပါတီကို ဖျက်သိမ်းဖို့ စစ်ကောင်စီအစည်းအဝေးတွေမှာ တင်ပြခဲ့သလို နိုင်ငံရေးပါတီတချို့ကလည်း ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့တဲ့ အထောက်အထားတွေ ၂၀၂၂ ခုနှစ်ကတည်းက ရှိနေခဲ့တာပါ။
NLD ကိုဖျက်သိမ်းကြောင်း ကြေညာလိုက်လို့ မြေပေါ် ပါတီမဟုတ်တော့ဘူးလို့ ပြောနိုင်ပေမဲ့ စစ်တပ်ကအာဏာသိမ်းလိုက်ကတည်းက NLD ဟာ မြေအောက်ပါတီ အဖြစ် ရောက်ခဲ့ပြီး ဖြစ်တယ်လို့ဆိုနိုင်ပါတယ်လို့ နိုင်ငံတကာ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာတဲ့ ICG အဖွဲ့က အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက ပြောပါတယ်။
‘’ဒီကြေညာချက်ကြောင့် NLD ပါတီဟာ သေဆုံး ကွယ်ပျောက်သွားတဲ့အဖြစ်မျိုး ဆိုက်ရောက်လာတာမဟုတ်ပါဘူး။ ပိုအရေးကြီးတာက ဒီကြေညာချက်ကြောင့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုလိုလားတဲ့စိတ်ဆန္ဒတွေသေဆုံးသွားတာမျိုးလည်းဖြစ်လာမှာမဟုတ်ပါဘူး’’ လို့ သူကပြောပါတယ်။
စစ်ကောင်စီက ပါတီကို မဖျက်သိမ်းခင် နေပြည်တော်အချုပ်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းက NLD ပါတီဗဟိုကော်မတီဝင်တချို့နဲ့ တွေ့ဆုံခွင့်ပြုခဲ့ပါတယ်။
သွားတွေ့တဲ့ပါတီဝင်တွေကတော့ ပါတီမှတ်ပုံတင်ဥပဒေအရ သတ်မှတ်ရက်မတိုင်မီ ပါတီဥက္ကဋ္ဌရဲ့လမ်းညွှန်ချက်ကို သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာနထံ စာတင်ပြီးတွေ့ခွင့်တောင်းခဲ့တာလို့ ပြောပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က လာရောက်တွေ့ဆုံသူတွေကို ထွက်မတွေ့ခဲ့တာကြောင့် ပါတီမှတ်ပုံပြန်တင်မတင် ပြတ်သားတဲ့အဖြေမထွက်ခဲ့ဘဲ နောက်ဆုံးမှာ ပါတီဖျက်သိမ်းခံရတဲ့အခြေဆိုက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ‘ပြည်သူရှိသရွေ့ ပါတီရှိနေမယ်’လို့ လူထုကို သတင်းစကား ပါးထားပါတယ်။
ရွေးကောက်ပွဲနိုင်ပြီး ပါတီဖျက်ခံရတာ တစ်ကြိမ်မက
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်တပ်က အာဏာလွှဲမပေးဘဲ အမတ်တွေဖမ်းဆီးခံခဲ့ရတဲ့ အတိတ်ဟာ NLD ပါတီမှာ ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၉၁ ခုနှစ်မှာ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကမထုတ်ရင် ပါတီဆက်ရပ်တည်လို့မရအောင် စစ်အစိုးရက ဖိအားပေးခဲ့ပါတယ်။
အဲဒီတုန်းက ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးအောင်ရွှေဟာ ပါတီဆက်လက်ရပ်တည်နိုင်ဖို့အတွက် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ပစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အခါမှာ ပါတီကို ပြန်အပ်ခဲ့ပါတယ်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာလည်း ပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့လို့ NLD ပါတီက မှတ်ပုံပြန်မတင်ခဲ့လို့ NLD မပါတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်လို့ ကတိပြုထားပြီး ကတိအတိုင်းကျင်းပဖြစ်ခဲ့ရင် NLD မပါတဲ့ နောက်ထပ်ရွေးကောက်ပွဲတစ်ခုကို မြင်ကြရနိုင်ခြေ ရှိပါတယ်။
NLD ဟာ သူဝင်ပြိုင်တဲ့ ၁၉၉၀၊၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ထောက်ခံမဲအများဆုံးရခဲ့တဲ့ အနိုင်ရပါတီ ဖြစ်ခဲ့တာပါ။
‘’ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်’’ လို့ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်နေစဉ် ၂၀၂၁ ခုနှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။
‘’NLD ကိုဖျက်သိမ်းတာက အံ့သြစရာမဟုတ်ပေမယ့် တရားဝင်မှု ရှိမရှိဆိုတဲ့ အခြေခံအကျဆုံးပြဿနာနဲ့ ရင်ဆိုင်နေရတာက စစ်ကောင်စီကိုယ်တိုင်ဖြစ်ပါတယ်’’ လို့ ရစ်ချက်ဟော်ဆီက ပြောပါတယ်။
ဘယ်ပါတီတွေ ဘယ်လိုရပ်တည်သလဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံပြန်မတင်တာဟာ ခေါင်းကြီးသတင်းဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ဥပဒေသစ် ပေါ်မလာခင်ကတည်းက ထူးခြားမှုတွေက ရှိနေခဲ့တာပါ။
အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ ပါတီမှတ်ပုံတင်ဥပဒေသစ်ပေါ်မလာခင်ကတည်းက ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဥပဒေသစ်ထွက်လာချိန် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ရှောင်လွှဲသွားနိုင်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်မှာမဟုတ်ဘူးလို့ အစောဆုံးကြေညာခဲ့တဲ့ပါတီ ဖြစ်ပါတယ်။
မှတ်ပုံတင်ပြန်မတင်တဲ့ ပါတီတွေထဲမှာ စစ်ကောင်စီကို အသိအမှတ်မပြုတဲ့ ပါတီတွေပါသလို ပါတီမှတ်ပုံတင်ဥပဒေသစ်ကြောင့် မှတ်ပုံပြန်မတင်တဲ့ ပါတီတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ပါတီသစ်တည်ထောင်ဖို့ နဲ့ တခြားပါတီတွေနဲ့ ပူးပေါင်းဖို့ ဖျက်သိမ်းလိုက်တဲ့ပါတီတွေလည်း ပါဝင်ပါတယ်။
ပါတီသစ်တည်ထောင်ဖို့ ဖျက်လိုက်တဲ့ပါတီတွေထဲမှာ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ သမီးဒေါ်သန်းသန်းနုရဲ့ ဒီမိုကရက်တီပါတီ(မြန်မာ)လည်းပါဝင်ပြီး တိုင်းနဲ့ပြည်နယ်အဆင့်မှာ စည်းရုံးမယ့်ပါတီတွေ ခွဲထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ဆက်ဆံရေးလမ်းကြောင်းရှိတဲ့ ဦးစိုင်းအိုက်ပေါင်းရဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)လည်း ပါဝင်ပါတယ်။
NLD အမတ်ဟောင်း ဦးစိန်ဝင်းကတော့ သူ့ရဲ့ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီကို ဖျက်ပြီး ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ သွားပူးပေါင်းပါတယ်။
မှတ်ပုံတင်ပြန်လျှောက်တဲ့ ပါတီ ၅၀ ထဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာ ဝေဖန်အခံရဆုံး ဖြစ်ခဲ့ပါတယ်။
ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီတွေကို တင်းကြပ်ထားတဲ့အတွက် နိုင်ငံရေးပါတီ ၆၃ ခု မှာ ၁၂ ပါတီ ပဲ ပြည်ထောင်စုတစ်ဝန်းလုံးအတွက် မှတ်ပုံလာတင်ခဲ့ကြပြီး တိုင်းရင်းသားပါတီတွေအပါအဝင် ပါတီအများစုကတော့ တိုင်းနဲ့ပြည်နယ်အခြေစိုက်ပါတီတွေအဖြစ် ပြောင်းလဲခဲ့ရပါတယ်။
ပါတီ ၁၂ ခုထဲမှာ လူသိများပြီးအင်အားကောင်းတဲ့ပါတီတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ပဲ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနီးမှ ဖျက်သိမ်းခံခဲ့ရတဲ့ နှင်းဆီပါတီက လူဟောင်းတွေပြန်ထောင်တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီကတော့ မှတ်ပုံတင်ပြန်ကျမကျ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်တဲ့ ပါတီ ၃ ခုရှိတဲ့အနက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ တစ်ခုပဲ မှတ်ပုံပြန်တင်ပါတယ်။
‘’လက်ရှိနိုင်ငံရေးအခြေအနေကိုနားလည်ပေမဲ့ ရိုဟင်ဂျာတွေအရေးဆောင်ရွက်ပေးမယ့်ပါတီတစ်ခု ရှိသင့်တယ်ထင်လို့ ပြန်လည်မှတ်ပုံတင်ရတာပါ’’ လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။
ရှမ်းပြည်နယ်မှာနေရာအများစုအနိုင်ရတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လည်း မှတ်ပုံပြန်မတင်ခဲ့ပါဘူး။
နိုင်ငံရေးပါတီတစ်ခုအတွက် မှတ်ပုံတင်ရှိနေတာက အရေးကြီးတဲ့အရာမဟုတ်ဘူးလို့ SNLD ခေါင်းဆောင်တွေက ခံယူထားပါတယ်။
SNLD ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မဟာမိတ်ဖြစ်တဲ့ NLD နည်းတူ မှတ်ပုံပြန်မတင်သလို ရွေးကောက်ပွဲလည်းမဝင်ခဲ့ပါဘူး။
SNLD နည်းတူ မှတ်ပုံပြန်မတင်တဲ့ တိုင်းရင်းသားပါတီတွေ ဆယ်ချီရှိခဲ့ပါတယ်။
တိုင်းရင်းသားပါတီ ၂၀ ကျော် မှတ်ပုံပြန်မတင်
စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်မှာတော့ ပြည်နယ်အခြေစိုက်ပါတီ နှစ်ခုပဲရှိပြီး နှစ်ပါတီလုံး မှတ်ပုံပြန်မတင်ပါဘူး။
ကယားပါတီတွေပေါင်းထားတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ရော ကယန်းအမျိုးသားပါတီပါ မှတ်ပုံမတင်တော့လို့ ကယားပါတီဟာ ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီမရှိတဲ့ ပြည်နယ်တစ်ခုဖြစ်လာပါတယ်။
ချင်းပြည်နယ်ဘက်ကိုကြည့်ရင်လည်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ကျန်တဲ့ ချင်းပါတီ ၆ ခု မှတ်ပုံပြန်မတင်ပါဘူး။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ ချင်းတိုင်းရင်းသားများပါတီ နဲ့ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ တို့ မှတ်ပုံပြန်မတင်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ချင်းပြည်သူ့ပါတီ နဲ့ ခူမီးအမျိုးသားပါတီ ဆိုတဲ့ ပါတီသစ် ၂ ခု ပါတီသစ် အဖြစ် တည်ထောင်လာတာတွေ့ရပါတယ်။
လူမျိုးစုတွေများတဲ့ ရှမ်းပြည်နယ်မှာ လူမျိုးစုပါတီ ၁၄ ပါတီရှိတဲ့အနက် ၅ ပါတီ မှတ်ပုံပြန်မတင်ပါဘူး။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ တို့မှတ်ပုံပြန်မတင်တာ ဖြစ်ပါတယ်။
အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ နောက်ဆုံးမှတ်ပုံတင်ရမယ့် ရက် မတိုင်ခင်မှာပဲ ပါတီဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အခြေစိုက် ပါတီ ၇ ခုမှာ ၂ ပါတီ မှတ်ပုံပြန်မတင်ဘဲ ၅ ပါတီ မှတ်ပုံပြန်တင်ပါတယ်။
ကချင်အမျိုးသားပါတီ နဲ့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တို့ မှတ်ပုံပြန်မတင်ကြတာ ဖြစ်ပါတယ်။
လူမျိုးစုပါတီ ၁၀ ခု ရှိတဲ့ ရခိုင်ပြည်နယ်မှာတော့ ရခိုင်ပြည်နယ်ရဲ့ အနိုင်ရပါတီ ရခိုင်အမျိုးသားပါတီ အပါအဝင် ပါတီ ၆ ခု မှတ်ပုံပြန်တင်ပါတယ်။
ဒါပေမဲ့ ဦးအေးသာအောင်ရဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ မှတ်ပုံပြန်မတင်ခဲ့ပါဘူး။
တိုက်ပွဲတွေရှိနေတဲ့ ကရင်ပြည်နယ်မှာ ပြည်နယ်အခြေစိုက်ပါတီ ၄ ခု အနက် ကရင်အမျိုးသားပါတီ ကလွဲလို့ ကျန်သုံးပါတီက မှတ်ပုံပြန်တင်ပါတယ်။
မွန်ပြည်နယ်မှာတော့ မွန်ပါတီတွေပူးပေါင်းထားတဲ့ မွန်ညီညွတ်ရေးပါတီ နဲ့ အမျိုးသမီးပါတီ(မွန်) တို့မှတ်ပုံပြန်တင်လို့ ပြည်နယ်အခြေစိုက်ပါတီတွေအားလုံး မှတ်ပုံပြန်တင်တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။
မှတ်ပုံပြန်မတင်လို့ အဖျက်ခံရတဲ့ တိုင်းရင်သားပါတီတွေထဲမှာ ရွေးကောက်ပွဲ အနိုင်ရပါတီအများစု ပါနေတာကလည်း ပါတီတွေရဲ့ရပ်တည်မှုကို မြင်သာစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES
ပါတီတွေ ဘာဆက်ဖြစ်မလဲ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးဟာ စစ်ဥပဒေချုပ်လုပ်ခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်တစ်ယောက်ဖြစ်လို့ စာအုပ်ကြီးအတိုင်းတိတိကျကျ လုပ်နေတယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ဝေဖန်ကြပါတယ်။
ပါတီတွေကို စစ်ဆေးရေးဝင်တဲ့ ကိစ္စကတည်းက ဦးသိန်းစိုးအပေါ် ပါတီခေါင်းဆောင်တချို့က ဝေဖန်ခဲ့ကြတာဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်မှာ တင်းကြပ်လွန်းတဲ့ ပြဋ္ဌာန်းချက်တွေပါလာတဲ့အခါမှာတော့ စစ်ကောင်စီထဲက ပါတီခေါင်းဆောင်တွေနဲ့ပါ သဘောထားကွဲလွဲခဲ့ပါတယ်။
ပြည်ထောင်စုတဝန်းစည်းရုံးမယ့်ပါတီတွေကို ပါတီဝင်တစ်သိန်းစုဖို့ ၊ရန်ပုံငွေ သိန်းတစ်ထောင်၊ ပါတီရုံးခန်းရာဂဏန်းကျော်ဖွင့်ဖို့ ကိစ္စတွေကို လက်ရှိနိုင်ငံရေးအခြေအနေအရ ခက်ခဲလွန်းနေတယ်လို့ ပါတီခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြတာပါ။
ပါတီ ၆၃ ခု မှတ်ပုံတင်ထားပေမဲ့ ကော်မရှင်က စိစစ်ဆဲဖြစ်လို့ ဥပဒေနဲ့ငြိစွန်းချက်တွေ့ရင် မှတ်ပုံတင်ခွင့်မပြုမယ့် ပါတီတွေလည်း ရှိလာနိုင်ပါတယ်။
ပါတီမှတ်ပုံတင်ကျပြီးရင်တောင်မှ ပြည်ထောင်စုတဝန်းစည်းရုံးမယ့်ပါတီတွေအနေနဲ့ ပါတီဝင်တစ်သိန်းမစုနိုင်ရင်ပဲဖြစ်ဖြစ် ၊ ပါတီရုံးခန်းရာဂဏန်းကျော်မဖွင့်နိုင်ရင်ပဲဖြစ်ဖြစ် ပါတီဖျက်သိမ်းခံရဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပမယ့်အချိန်အတိအကျကိုလည်း စစ်ကောင်စီက မကြေညာနိုင်သေးပါဘူး။
မရေရာမှုတွေရှိနေပေမဲ့ ပါတီတွေအနေနဲ့ နိုင်ငံရေးအရ ဆက်လက်ရပ်တည်သင့်တယ်လို့ ဆုံးဖြတ်ပြီးပါတီမှတ်ပုံတင်ပြန်လျှောက်ထားတာဖြစ်ပြီး ရွေးကောက်ပွဲအတွက် စဥ်းစားချက်မရှိသေးဘူးလို့ ထုတ်ပြောတဲ့ပါတီတချို့လည်း ရှိခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီပြောဆိုချက်ကို သဘောတွေ့ပုံမရဘဲ လက်ရှိမှတ်ပုံတင် တဲ့ပါတီတွေဟာ ရွေးကောက်ပွဲဝင်ဖို့မှတ်ပုံလာတင်တာလို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီကကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲထက်တောင် လူစိတ်ဝင်စားမှု ကျဆင်းနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
‘’မှတ်ပုံပြန်တင်တဲ့ပါတီတွေ ဒီလောက်ဝေဖန်ခံနေရတာကြည့်ရင် သိသာပါတယ်’’ လို့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရအမတ်တစ်ဦးဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဗီဒန့်ပတ်တဲလ်က ပါတီတွေဖျက်သိမ်းတဲ့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချခဲ့ပြီး ‘’ဗမာမှာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်ခြင်းမရှိတဲ့ ဘယ်ရွေးကောက်ပွဲကမှ တရားမျှတပြီး လွတ်လပ်မှုရှိနိုင်မှာမဟုတ်ပါဘူး’’ လို့ ပြောသွားခဲ့ပါတယ်။
NLD ပါတီကို နိုင်ငံရေးလုပ်ငန်းစဥ်ကနေ ဖယ်ထုတ်လိုက်တာဟာ အခြေအနေတွေ တိုးတက်ဖို့ အရေးမှာ ပိုမိုခက်ခဲလာမှာကို စိုးရိမ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
သြစတြေးလျအစိုးရကလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ကနေ ထွက်ပေါ်လာတဲ့ ရလဒ်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုအခင်းအကျင်းနေရာ ပိုမိုကျဥ်းမြောင်းသွားတဲ့အပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Credit to BBC
Link – https://www.bbc.com/burmese/articles/c25x2n0g5peo