ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာအများစုနေထိုင်ရာ မြန်မာပြည်အလယ်ပိုင်း အညာဒေသသည် စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ခုခံတော်လှန်မှု အားအကောင်းဆုံးဒေသ ဖြစ်လာပြီးနောက်တွင် စစ်ကောင်စီက တော်လှန်သူများကိုသာမက ဒေသခံအရပ်သားများကိုပါ အရက်စက်ဆုံးနည်းလမ်းများသုံး၍ စစ်ဆင်လျက်ရှိသည်။
ဖေဖော်ဝါရီလဆန်းတွင် စစ်ကောင်စီက မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးကြေညာရာ ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ အရာတော်၊ ဝက်လက်၊ ရွှေဘို၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး စသည့် ၁၄ မြို့နယ် ပါဝင်သည်။
စစ်တိုင်းမှူးများကို လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်သည့် စစ်အုပ်ချုပ်ရေးအမိန့် ထွက်လာပြီးနောက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က စစ်ဆင်ရေးဗျူဟာအချို့ ပြောင်းလဲကာ တော်လှန်သူများကိုသာမက ဒေသခံများကိုပါ စစ်ကိုင်းတိုင်းအတွင်း ပြင်းပြင်းထန်ထန် ဖိနှိပ်နေသည်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကိုင်းတိုင်းအတွင်း သိသိသာသာဆိုးရွားလှသည့် ဖြစ်စဉ်မှာ မတ်လ ၁ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာ စီးနင်းခံရမှုဖြစ်စဉ် ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသမီးသုံးဦး အပါအဝင် တာတိုင်ရွာ ဒေသခံ ၁၇ ဦးကို သတ်ဖြတ်ခဲ့ရာ ထိုအထဲတွင် အမျိုးသားနှစ်ဦးမှာ ခေါင်း၊ ခြေ၊ လက် ဖြတ်တောက်ခံခဲ့ရသည်။
တာတိုင်ရွာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မိတ္ထီလာအခြေစိုက် တပ်မ (၉၉) က ကျူးလွန်ကြောင်း၊ ဦးခေါင်းနှင့် ခြေ၊ လက်များ ဖြတ်တောက်သတ်ဖြတ်ခံရသူ အသက် ၄၇ နှစ်အရွယ် ဦးကျော်ဇောတစ်ဦးသာ ကျေးရွာတော်လှန်ရေးခေါင်းဆောင်ဖြစ်ပြီး ကျန် ၁၆ ဦးမှာ အရပ်သားများသာဖြစ်ကြောင်း ဒေသခံများ၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် NUG အစိုးရတို့က ပြောသည်။
တာတိုင်ရွာကို ဝင်မွှေသည့် ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းရွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တစ်ဦး၊ ကန်တော်ရွာမှ ဒေသကာကွယ်ရေးအဖွဲ့ဝင် လေးဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ်ခဲ့သေးသည်။
ထို့ပြင် ယမန်နေ့ (မတ် ၁၃) နေ့လယ်၌ အင်အား ၁၂၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ရွှေဘိုမြို့အနီး အမှတ် (၈) စစ်လေ့ကျင့်ရေးကျောင်းသို့ ဦးတည်ကာ တောလမ်းအတိုင်း လာစဉ် ခင်ဦးမြို့ သံပိုကျေးရွာကာကွယ်ရေးအဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် ကိုသက်နိုင်ဖြိုး (ခ) ယက္ခနှင့် ဒေသခံအရပ်သား အသက် ၂၀ အရွယ် ကိုကျော်ရဲတို့က ဆိုင်ကယ်ဖြင့် နောက်ယောင်ခံလိုက်ကြည့်စဉ် ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့နှစ်ဦးမှာ ခင်ဦးမြို့အရှေ့ဘက် ၄ မိုင်ကျော်ခန့်အကွာ သံပိုရွာအပြင်ဘက်၌ ဖမ်းဆီး အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သတ်ဖြတ်မှုဖြစ်ပြီး မကြာမီ ၎င်းတို့ရုပ်အလောင်းများကို တွေ့ရှိခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။
စစ်ကောင်စီတပ်က ကိုသက်နိုင်ဖြိုး၏ ဦးခေါင်းကို ဖြတ်ပြီး ဝါးလုံးတန်းတွင် ချိတ်ဆွဲခဲ့သည်၊ ဦးခေါင်းပြတ်နေသော ၎င်း၏ ခန္ဓာကိုယ်မှာ အနီးအနားတွင် ရှိနေသည်။ ကိုကျော်ရဲမှာလည်း မျက်နှာနှင့် ခါးတွင် သွေးအများအပြားထွက်ထားပြီး သေဆုံးနေသည်ကို တွေ့ခဲ့ရသည်ဟု သံပိုကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဂျီဝမ်းဆိုသူက ပြောသည်။
၎င်းတို့စီးနင်းခဲ့သော ဆိုင်ကယ်မှာမူ မီးလောင်ကျွမ်းထားသည်ကို တွေ့ရှိခဲ့ရသည်။
အဓိကလက်သည်
ထိုသတ်ဖြတ်မှုများကို စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် နမခ တိုင်းမှူးဖြစ်သူ စစ်တက္ကသိုလ်အပတ်စဉ် (၃၈) မှ ဗိုလ်ချုပ်သန်းထိုက်က အဓိက ကွပ်ကဲနေသည်။ အသက် ၅၀ နီးပါးအရွယ်ရှိသူ ၎င်းသည် ကလေးမြို့ရှိ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀) တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ထို့နောက် နေပြည်တော်စစ်ရုံးချုပ်တွင် စစ်ဦးစီးပထမတန်း G1 အဖြစ် ရာထူးတိုးပြီးနောက် ၂၀၂၂ နှစ်ဆန်းပိုင်းတွင် နမခ တိုင်းမှူးအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်သည်ဟု အာဏာဖီဆန်ကာ စစ်တပ်ကို စွန့်ခွာလာသူ CDM တပ်အရာရှိများထံမှ သိရသည်။
တိုင်းမှူးဖြစ်ပြီး သုံးလခန့်အကြာ မတ်လအတွင်းက နမခတွင် ပြုလုပ်သည့် လေးလပတ်အစည်းအဝေးတစ်ခုတွင် “လုပ်စရာရှိတာ ရဲရဲဝံ့ဝံ့လုပ်၊ ကိုယ်ညံ့ရင် ကိုယ်ခံ” ဟု ဗိုလ်ချုပ်သန်းထိုက်က စစ်အရာရှိများကို ပြောဆိုခဲ့သည်ဟု ထိုအစည်းအဝေးကို တက်ရောက်ခဲ့သူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CDM ဗိုလ်ကြီးကောင်းသူဝင်းက ပြန်ပြောပြသည်။
“ဒီတိုင်းမှူးဟာ စစ်နည်းဗျူဟာမှာ ပိုပြီးတော့ အားထည့်တယ်၊ ရက်ရက်စက်စက် လုပ်ခိုင်းတယ်၊ ပြတ်ပြတ်သားသား လုပ်ခိုင်းတယ်။ အဲ့လိုမျိုး အနေအထားတွေရှိတာကြောင့် စစ်ကိုင်းတိုင်းထဲမှာ အောက်ကလုပ်တဲ့လူ (စစ်သား) တွေကလည်း ရက်ရက်စက်စက်လုပ်တဲ့ အနေအထားတွေကို ပိုတွေ့လာရတယ်” ဟု မုံရွာမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ နှစ်ကုန်ပိုင်းက ဘက်ပြောင်းလာသူ စစ်တက္ကသိုလ်အပတ်စဉ် (၅၂) မှ ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း ရောက်လာသည့် တပ်များမှာ စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) ၊ ရှမ်းပြည်နယ် ကလောမြို့အခြေစိုက် တပ်မ (၅၅) ၊ မန္တလေးတိုင်း မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ကဲ့သို့ ခြေမြန်တပ်မဌာနချုပ်များအပြင် ကလေးအခြေစိုက် စကခ ၁၀ တို့ ဖြစ်ကြသည်။
ထို့ပြင် ဗိုလ်ချုပ်သန်းထိုက်ကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲသည့် ပျဉ်းမနားအခြေစိုက် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့များလည်း ပါဝင်သည်ဟု စစ်ကောင်စီတပ်လှုပ်ရှားမှုများကို တော်လှန်ရေးအဖွဲ့များထံ သတင်းပေးနေသည့် တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး CDM တပ်အရာရှိများက ပြောကြားသည်။
သို့သော် အာဏာသိမ်းပြီးနောက် ကစဉ့်ကလျားဖြစ်နေသည့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို ပုံသေမှန်းဆ၍မရကြောင်း၊ အထိုင်တပ်၊ ဝန်ထမ်းတပ် ဟုခေါ်သည့် လက်ရုံးတပ်ဖွဲ့ဝင်များကိုပါ စစ်ဆင်ရေးနယ်မြေများသို့ စေလွှတ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။
မုံရွာမြို့အခြေစိုက် နမခ စစ်တိုင်းနယ်မြေတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့မှ မြို့နယ်များ ပါဝင်သည်။
စစ်ကောင်စီ ဗျူဟာပြောင်းလာ
လွန်ခဲ့သည့်နှစ်တွင် စစ်ကောင်စီက စစ်ကိုင်းတိုင်းကို စစ်ဆင်ရာ၌ တော်လှန်ရေးကို ထောက်ခံသည်ဟု ယူဆသော ရွာများကို မီးတင်ရှို့ခြင်း၊ မြေပြင်စစ်ကြောင်းများဖြင့် ရွာများကို ဝင်စီး၍ ဖမ်းဆီးပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များသုံး၍ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ပျူစောထီးဟု ခေါ်သော စစ်တပ်ထောက်ခံသည့် ဒေသခံများကို လက်နက်တပ်ဆင်၍ တော်လှန်ရေးအဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်စေခြင်း စသည်တို့ကို ကျင့်သုံးခဲ့သည်။
သို့ရာတွင် တော်လှန်ရေးတပ်ဖွဲ့များမှာ ပြည်သူ့ထောက်ခံမှု၊ နယ်မြေကျွမ်းကျင်မှု၊ စိတ်ဓာတ်ထက်သန်မှုတို့မှာ အားကောင်းသဖြင့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက မထိန်းချုပ်နိုင်ခဲ့ပေ။ တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီကို ထိပ်တိုက်ရင်မဆိုင်ဘဲ စစ်ယာဉ်တန်းများကို အခွင့်အရေးရသည်နှင့် မိုင်းဆွဲ၊ ချုံခိုတိုက်ခိုက်လေ့ရှိသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးသက်တမ်းကို တိုးမြှင့်သည့် အချိန်မှစ၍ နည်းဗျူဟာအသစ်များလည်း ထပ်မံထည့်သွင်းလာသည်တွင် မလိုအပ်ပါက ကားနှင့် ရဟတ်ယာဉ်များကို အသုံးမပြုဘဲ ခြေလျင်တပ်များကို ပုန်းလျှိုးကာ တိတ်တဆိတ်လှုပ်ရှားစေခြင်း၊ ဖမ်းဆီးခံရသူတို့ကို ခေါင်းဖြတ်သတ်ပြခြင်း၊ ရွာများကို မီးတင်ရှို့သည်သာမက ရွာသားများစိုက်ပျိုးထားသည့် လယ်ယာခင်းများကို ဖျက်ဆီးခြင်း၊ အသက်မွေးဝမ်းကျောင်းပြုသည့် ရက်ကန်းစင်ကဲ့သို့သော ကျေးလက်စီးပွားရေးလုပ်ငန်းများကို မီးတင်ရှို့သည့် လုပ်ရပ်များကိုပါ ပြုလုပ်လာသည်ကို တွေ့ရသည်။
“အခုကျတော့ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ အဲဒီလေးမြို့နယ်မှာ လုံးဝ ကားအသုံးပြုတာ မရှိတော့ဘူး။ ခြေလျင်စစ်ကြောင်းနဲ့ပဲ ဖြန့်ကြက်နေတယ်။ ဖြန့်ကြက်ပြီးတော့ ခြေလျင်စစ်ကြောင်းမှာဆိုရင်လည်း သူတို့က တစ်ရွာနဲ့ တစ်ရွာ အချိတ်အဆက် အကူးအပြောင်းမှာ ပုန်းလျှိုးပြီးတော့ သွားတဲ့ခရီးစဉ်တွေမှာ တော်တော်လေး ကျွမ်းကျင်နေတယ်” ဟု ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အခုနောက်ပိုင်းကျ စစ်ကြောင်းနဲ့ တိုးတာနဲ့ အသတ်ခံရတဲ့ သဘောတွေ ရှိတယ်။ သူတို့ဘက်ကတော့ တွေ့ရင် ပြည်သူပဲဖြစ်ဖြစ်၊ ကာကွယ်ရေးအဖွဲ့ပဲဖြစ်ဖြစ် သတ်မယ်ဆိုတဲ့ ပုံစံမျိုးပဲ။ လူထုကို အကြောက်တရားဖြစ်အောင် တွန်းနေတဲ့သဘော၊ ရက်ရက်စက်စက် လုပ်ပြနေတဲ့ သဘောတွေတော့ ရှိတယ်ဗျာ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။
လက်ရှိတွင် စစ်ကိုင်းနှင့် မကွေးကဲ့သို့ စစ်တပ်အတွက် လူသားအရင်းအမြစ် ဖြည့်တင်းရာ ဗမာအများစု နေထိုင်သည့် ဒေသများအတွင်း၌ပါ တိုက်ပွဲများဖြစ်နေရာ ထုတ်လုပ်ရေး၊ ဆက်သွယ်ရေးကဲ့သို့သော အရန်တပ်များကိုသာမက စစ်သားဟောင်းများ၊ စစ်သား သားသမီးများကိုပါ စုဆောင်း၍ စစ်ကောင်စီက တိုက်ပွဲဝင်နေရသည်။ နိုင်ငံရှိ မြို့နယ်ထက်ဝက်နီးပါးကို အပြည့်အဝ မအုပ်ချုပ်နိုင်ဟု ဇန်နဝါရီလကုန်ပိုင်းတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားသည်။
ထိုအခြေအနေတွင် စစ်ကောင်စီက ဖျက်ဆီး၊ သတ်ဖြတ်မှုများ တိုး၍ လုပ်နေရာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်း စစ်တပ်လက်ချက်ဖြင့် နေအိမ် ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စာရင်းက ဆိုသည်။
စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၇ သန်းအထိ ရှိလာကြောင်း၊ စစ်ကိုင်းတိုင်းတစ်ခုတည်းတွင် စစ်ရှောင် ၇ သိန်းကျော် ရှိသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ယခင်က ၎င်းတို့ကိုသာ ပစ်မှတ်ထားလေ့ရှိရာမှ မကြာသေးမီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်တွင် မသင်္ကာသူ အကုန်ဖမ်း၊ မိသားစုဝင်များပါမကျန် သတ်ဖြတ်ခံနေရပြီဟု စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်သည့် တော်လှန်ရေးသမားများက ပြောကြသည်။
စစ်အုပ်ချုပ်ရေးကြေညာပြီး တစ်လခန့်အကြာ မတ်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာတွင် စစ်သားများနှင့် ထိပ်တိုက်တိုးသည့် ဒေသခံအမျိုးသားတစ်ဦး၊ မြောက်နုံးရွာတွင် အမျိုးသမီးတစ်ဦးနှင့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးတို့ အသတ်ခံခဲ့ရသည်။ အသတ်ခံရသည့် အမျိုးသမီးနှင့် မလှမ်းမကမ်းတွင် အသုံးပြုပြီးသား ကွန်ဒုံးအချို့ တွေ့ရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့က ဆိုထားသည်။
မတ်လ ၄ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းအလယ်ပိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ဖလံဂုဏ်ကျေးရွာကို အင်အား ၁၃၀ ရှိ စစ်ကောင်စီတပ်က ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့သည်။ စစ်သားများ ပြန်ထွက်သွားပြီးနောက် မီးရှို့သတ်ဖြတ်ခံထားရသူ ၅ ဦး၏ အရိုးများကိုသာ တွေ့ရကြောင်း၊ ၎င်းတို့မှာ ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ကြကြောင်း ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့က အတည်ပြုထားသည်။
ခုခံတော်လှန်မှုအားကောင်းရာ ဝက်လက်မြို့နယ်တွင်လည်း စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းဖြင့် တစ်ပြိုင်နက် ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ပတ်အတွင်း သတ်ဖြတ်ခံရသူ အနည်းဆုံး ဆယ်ဦးအထိ ရှိပြီး မီးရှို့ခံရသည့် အိမ်ခြေစုစုပေါင်း ၈၀၀ နီးပါး ရှိသည်။
ယခုအခါ စစ်ကောင်စီတပ်တွင် လက်နက်ကိုင်အရေအတွက် များလာသည်ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း (၁) မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
“စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး တပ်စွဲတော့တာ။ စစ်ကြောင်းနှစ်ကြောင်းဆိုတော့ ဟိုဘက်လည်း သွားကာ (ကွယ်) ရ၊ ဒီဘက်လည်း သွားကာရနဲ့ အင်အားက မမျှဘူးလေ။ ထောက်ပို့ကျည် အားနည်းတာပေါ့၊ ဘယ်လွယ်မလဲ” ဟု သူက ပြောသည်။
“(စစ်ကြောင်း) တစ်ကြောင်းတည်း လာလို့ တစ်ပွဲတည်း ဖိချပြီး နိုင်တယ်ဆိုလည်း ထားပါတော့။ ခုက နောက်တစ်ကြောင်းလာလို့ ကျည်မရှိရင် ပြေးရမှာပဲ”
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ခဲယမ်း အားနည်းနေသေးချိန် ရင်ဆိုင်တိုက်ပွဲများတွင် အရဲမစွန့်သင့်ဘဲ အလစ်အငိုက်တိုက်ခိုက်သည့် ပြောက်ကျားစစ်ကိုသာ ပိုမိုအားပြုသင့်သည်ဟု CDM ဗိုလ်ကြီးကောင်းသူဝင်းက အကြံပြုသည်။
‘ကျည်လွတ်မြေ’ ဟု တစ်ချိန်က တင်စားခဲ့သော အညာဒေသရှိ ဗမာလူမျိုးများ၏ မကြုံစဖူးပုန်ကန်မှုကို စစ်ဗိုလ်ချုပ်များ အထူးစိုးရိမ်နေသည်၊ ပြည်သူထောက်ခံမှုမပါလျှင် မနိုင်သည့် စစ်၏သဘောတရားကိုလည်း ကောင်းစွာ နားလည်ထားသည်၊ ထို့ကြောင့် ပြည်သူလူထု အကြောက်တရားကြီးထွားလာအောင် ရက်ရက်စက်စက် သတ်ဖြတ်ပြသည့် နောက်ဆုံးဗျူဟာကို စစ်ကောင်စီ ထုတ်သုံးလာပြီဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ဝါရင့်တော်လှန်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများပြင်းထန်နေချိန် ၂၀၁၇ ခုနှစ်အတွင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးအဖြစ် တာဝန်ယူသူ ဗိုလ်ချုပ်ညီညီဆွေက ‘လူများများသတ်ခဲ့ရန်’ နှင့် ‘တွေ့တဲ့သူမှန်သမျှ သတ်ပစ်ရန်’ အောက်ခြေစစ်သားများကို စစ်ဆင်ရေးအမိန့် ပေးခဲ့ဖူးသည်ဟု ထိုစဉ်က မပခတွင် တပ်ရေးဗိုလ်ကြီးအဖြစ် ရှိနေသူ CDM တပ်အရာရှိ ဗိုလ်ကြီးဇင်ယော်က ပြောပြသည်။
“အခုလည်း လက်ရှိတိုင်းမှူး (ဗိုလ်ချုပ်သန်းထိုက်) က ဒီလိုအမိန့်မျိုး ပေးလိုက်ပြီဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောပြသည်။
နိုင်ငံအနှံ့ ခုခံတော်လှန်မှုများကို အပြင်းအထန် ကာကွယ်နေရသည့် စစ်ကောင်စီက စစ်ကိုင်းတိုင်းအခြေစိုက် နမခ အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ စစ်တိုင်း ၁၄ ခုတွင်လည်း တိုင်းမှူးများကို နေရာအပြောင်းအလဲလုပ်လေ့ရှိသည်။
CDM တပ်အရာရှိများ၏ ပြောကြားချက်အရ တိုင်းမှူးများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ တိုက်ရိုက်ပေးသည့် အမိန့်များကို သက်ဆိုင်ရာနယ်မြေအတွင်း အကောင်အထည်ဖော်ရသူများဖြစ်ကြသည်ဟု သိရသည်။
ဗိုလ်ချုပ်သန်းထိုက်သည် စစ်အာဏာသိမ်းပြီးနောက် နမခတွင် ဒုတိယမြောက်တိုင်းမှူးအဖြစ် တာဝန်ပေးခံရသူ ဖြစ်သည်။ သူ့မတိုင်မီက ထိုနေရာတွင် ဗိုလ်ချုပ်ဖြိုးသန့် တာဝန်ယူခဲ့သည်။
စစ်တိုင်းမှူးများသည် စစ်ခေါင်းဆောင်တို့အလိုကျ လုပ်ကိုင်သူများဖြစ်သည်ဟု CDM ဗိုလ်ကြီးထက်မြက်က ပြောသည်။
“သူ့အတွက် အမိန့်နဲ့ ညွှန်ကြားချက်တွေကို တကယ်လုပ်ပေးနိုင်မယ့်သူမှသာ တိုင်းမှူးလို နေရာကို ပေးတာ။ အဲဒီတော့ အခု တိုင်းမှူး ၁၄ ယောက်စလုံးဟာ မင်းအောင်လှိုင်လိုကောင်တွေချည်းပဲ။ ဆိုလိုတာက သူခိုင်းရင် လုပ်ပေးမယ့်ကောင်တွေ” ဟု ကချင်ပြည်နယ် ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၁ စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် CDM ဝင်ခဲ့သူ ဗိုလ်ကြီးထက်မြက်က ပြောသည်။
လက်ရှိအခြေအနေများအရ မည်သည့်စစ်ဗိုလ်ချုပ်ကို မည်သည့်နေရာတွင် သုံးမည်ဆိုသည့် ကိစ္စမှာ အာဏာသိမ်းစစ်ခေါင်းဆောင်အတွက် အရေးအကြီးဆုံးကိစ္စဖြစ်နေပြီဟု CDM တပ်အရာရှိများက ပြောကြသည်။
ဗိုလ်ချုပ်သန်းထိုက်သည် သူတာဝန်ယူရသည့် စစ်ကိုင်းတိုင်းကို သူ့ရှေ့ရေးအတွက် ကြမ်းကြမ်းတမ်းတမ်း ဆက်လက်ကိုင်တွယ်ဖွယ်ရှိသည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“စစ်ကိုင်းတိုင်းကိုသာ သူက အောင်အောင်မြင်မြင်နဲ့ စစ်ဦးချိုးပြနိုင်ပြီဆိုရင် သူ့အတွက် အလားအလာတွေ အများကြီးရှိလာမှာပေါ့။ အဲဒါကြောင့်မလို့ သူကလည်း မင်းအောင်လှိုင်ရဲ့ အိပ်မက်တွေကို မရရအောင် ဇွတ်ပုံဖော်နေတဲ့ လူမိုက်တစ်ယောက်ပဲ” ဟု စစ်သက် ၁၇ နှစ်ရှိသည့် ဗိုလ်ကြီးဇင်ယော်က ပြောလိုက်သည်။
Source – Myanmar Now