ယခုလ မတ်လ ၁ ရက် အရုဏ်မတက်မီ နံနက် ၁ နာရီကျော်ဖြစ်သည်။
ဧရာဝတီမြစ်နှင့် မူးမြစ်ပေါင်းစုံရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့နယ် အနောက်ဖျား တာတိုင်ရွာနှင့် မလှမ်းမကမ်း လယ်တောတစ်ခုထဲတွင် အသက် ၂၀ အရွယ် ကိုကံကောင်း*နှင့် သူငယ်ချင်းနှစ်ဦး အိပ်စက်အနားယူနေသည်။
အားကစားဘောင်းဘီ အတို၊ အရှည်၊ အရပ်ဝတ်အရပ်စားများ ဆင်မြန်းကာ အင်္ကျီပေါ်မှ ကျည်ကာ ထပ်ဝတ်ထားသည့် လူတစ်စု ရုတ်တရက်ရောက်လာကာ လှုပ်နှိုးသဖြင့် ကိုကံကောင်းနှင့် အပေါင်းအပါများ လန့်နိုးသွားရသည်။
မဖိတ်ခေါ်ဘဲ ရောက်လာသည့် ထိုအဖွဲ့မှာ အထုပ်အပိုးများ၊ လက်နက်များ ကိုင်ဆောင်ထားပြီး အင်အား ၇၀ လောက်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်။ ကိုကံကောင်းတို့ ခေါင်းနားပန်းကြီးသွားသည်။ တုံ့ပြန်ရန် မပြောနှင့်၊ တွေဝေချိန်ပင် မရလိုက်။
ထိုအဖွဲ့ထဲမှ အချို့က ကိုကံကောင်းနှင့် အပေါင်းအသင်းများကို သေနတ်ဖြင့် ထောက်ထားပြီးဖြစ်သည်။ ၎င်းတို့နှင့် လိုက်ခဲ့ရန် ခေါ်သည်။ မူးမြစ်အနောက်ဘက်ကမ်း၊ ဧရာဝတီမြစ်နှင့် ဆုံသည့် နေရာတွင် ပေါ်ထွန်းနေသော သဲသောင်ပေါ်၌ အမှောင်ထုကို အကာအကွယ်ယူ၊ လက်ကိုင်ဖုန်း၏ အလင်းကိုသာ အားပြုလျက် တိတ်တစ်ဆိတ်ခရီးနှင်နေသည့် စစ်ကောင်စီအဖွဲ့နှင့်အတူ ကိုကံကောင်းတို့ သုံးဦး ပါသွားသည်။
“ကျော်ဇောဆိုတာ ဘယ်သူလဲ” ဟု စစ်သားအချင်းချင်း တီးတိုးပြောဆိုနေသည်ကို ကြားရသော်လည်း စစ်ကောင်စီတပ်ဖွဲ့၏ ရည်မှန်းချက်ကို ကိုကံကောင်းနှင့် သူငယ်ချင်းတစ်သိုက် မရိပ်စားနိုင်ခဲ့။ မည်သည့်အရပ်သို့ ဦးတည်နေသည်ကိုပင် မခန့်မှန်းနိုင်။ မေးလည်း မမေးရဲ။
ထိုအခြေအနေမှာ ရေလုပ်ငန်း၊ စိုက်ပျိုးရေးကိုသာ အားကိုးအားထားပြုကြပြီး အိမ်ခြေ ၈၀ ခန့်သာ ရှိသည့် တာတိုင်ရွာတွင် ကြုံရတော့မည့် ကြမ္မာဆိုး၏ အစဖြစ်သည်ဟု သိခွင့်ရလိုက်ချိန်တွင် ကိုကံကောင်းနှင့် အဖွဲ့ ဘာမှမတတ်နိုင်တော့။
ကိုကံကောင်းနှင့် သူငယ်ချင်းများကို စစ်ကောင်စီတပ်ဖွဲ့က အနီးရှိ တာတိုင်ရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ထိုရွာအရောက်တွင် စစ်ကောင်စီအဖွဲ့ဝင်များက အသက်အရွယ်နှင့် ကျားမဆိုသည်များကိုပင် ခွဲခြားခြင်းမရှိတော့ဘဲ ဒေသခံ ၁၇ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။
ဓားစာခံဖမ်းခံခဲ့ရပြီး စစ်ကောင်စီ၏ လှုပ်ရှားမှုကို အနီးကပ်မျက်မြင်တွေ့ရှိခဲ့သူ ကိုကံကောင်းနှင့် သူငယ်ချင်းနှစ်ဦးမှာမူ ထိုသတ်ဖြတ်မှုများအပြီး နောက်တစ်ရက်အကြာ မတ်လ ၂ ရက်နေ့တွင် လွတ်မြောက်ခဲ့သည်။
တာတိုင်ရွာတွင် စစ်ကောင်စီ၏ ရက်ရက်စက်စက်သတ်ဖြတ်မှုများနှင့် စပ်လျဉ်း၍ ဓားစာခံဖြစ်ခဲ့သူ ကိုကံကောင်းနှင့်လည်းကောင်း၊ တာတိုင်ရွာသားအချို့နှင့်လည်းကောင်း Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခဲ့သည်။
တာတိုင်ရွာတွင် သတ်ဖြတ်ခံရသူ ၁၇ ဦးအနက် ၃ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ကျန်လူများမှာ အမျိုးသားများဖြစ်သည်။ ၎င်းတို့အနက် အသက်အငယ်ဆုံးမှာ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ အသက်ကြီးဆုံးအမျိုးသားမှာ ၆၇ နှစ်အရွယ်ရှိပြီဖြစ်သည်။
စစ်ကောင်စီက ၎င်းတို့အားလုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲသော်လည်း Myanmar Now ၏ စုံစမ်းမေးမြန်းမှုအရ ခေါင်းနှင့် ခြေလက် အပိုင်ပိုင်းဖြတ်ခံရသူ အသက် ၄၇ နှစ်အရွယ် ဦးကျော်ဇောသာ ကျေးရွာတော်လှန်ရေးခေါင်းဆောင်ဖြစ်ကြောင်း သိရှိရသည်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၎င်း၏ အာဏာစက်ကို မထူထောင်နိုင်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးလှုပ်ရှားမှုအားကောင်းသည့် နယ်မြေများကို ယခုနှစ် ဖေဖော်ဝါရီမှစ၍ ပိုမိုရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများ သုံးစွဲလာနေပြီဖြစ်သည်။
တာတိုင်ရွာ လူသတ်ပွဲ ဇာတ်လမ်းအစ
ကိုကံကောင်းတို့ကို ခေါ်လာသော စစ်ကြောင်းမှာ ဖေဖော်ဝါရီ ၂၈ ညဦးပိုင်းတွင် တာတိုင်ရွာ အရှေ့ဘက်ရှိ မြင်းမူမြို့နယ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်လာသည်၊ မူးမြစ်နှင့် ဆုံသည့်နေရာ ကမ်းနဖူးပေါ်ရှိ တာတိုင်ရွာသို့ နောက်တစ်ရက် နံနက်မိုးမလင်းမီ ၃ နာရီဝန်းကျင်တွင် ရုတ်တရက် ဝင်ရောက် စီးနင်းခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီအဖွဲ့က ရွာကို ဝင်မစီးမီ လမ်းတွင် တွေ့သည့် ကိုကံကောင်းတို့ သုံးဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ခြင်းပင်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြရုံဖြင့် သေနတ်ဖြင့် ပစ်သတ်ခံရချိန်တွင် နိုင်ငံအနှံ့ အုံကြွလာသည့် ရရာလက်နက်ဖြင့် ပုန်ကန်မှုများထဲတွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းမှ ဒေသများလည်း ထိပ်တန်းမှ ပါသည်။
ကိုကံကောင်းတို့၏ ဇာတိချက်ကြွေ တာတိုင်ရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီကို တော်လှန်နေသည့် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ မရှိဟု ယတိပြတ် ငြင်းနိုင်သည့် အခြေအနေမရှိ။
မြစ်နှစ်စင်းဆုံရာ ကုန်းမြေပေါ်တွင် ရှိပြီး ကုန်းလမ်းဆက်သွယ်ရေးအားပြု၍ မရသည့် တာတိုင်ရွာတစ်ဝိုက်တွင် နိုင်ငံတစ်ဝန်း နိစ္စဓူဝဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲ၊ ချုံခိုတိုက်ခိုက်သည့် ဖြစ်စဉ်မျိုးတော့ ရှားသည်။
စစ်ကောင်စီကမူ သတင်းများ မည်သို့ရထားသည် မသိ၊ နှစ်ဆန်းပိုင်းက တစ်ကြိမ် တာတိုင်ရွာကို မီးဝင်ရှို့ဖူးရာ အိမ်ခြေ ၃၀ နီးပါး ဆုံးရှုံးရဖူးသည်။ ဒါက နိုင်ငံအနှံ့ ကြုံနေရသည့် အခြေအနေမျိုးသာ ဖြစ်သည်။
သို့သော် ယခုကြုံတွေ့ရသည့် စစ်ကောင်စီ၏ မီးကုန်၊ ယမ်းကုန် ရက်စက်၊ ရိုင်းစိုင်းခြင်းမျိုးနှင့် တိုးရလိမ့်မည်ဟု ကိုကံကောင်းရော ရွာသားများပါ တွေးပင် မတွေးမိခဲ့ကြ။
တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်ကို ဖေဖော်ဝါရီလဆန်းမှစ၍ ညမထွက်ရ၊ လူငါးဦးထက် ပိုမစုရ၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီးနောက်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးများ ပို၍ ရက်စက်ကြမ်းကြုတ်လာသည်ကို တာတိုင်ဖြစ်စဉ်က အထောက်အထားတစ်ခုအဖြစ် သက်သေပြနေသည်။
စစ်ကောင်စီတပ်သည် ယခင်က တစ်နေရာနှင့် တစ်နေရာ ကူးသန်းသွားလာမည်ဆိုလျှင် ကားများကိုသာ အသုံးပြုကြသော်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ ခြေလျင်စစ်ကြောင်းများဖြင့်သာ ပုန်းလျှိုးသွားလာနေကြပြီး ခြေလျင်စစ်ကြောင်း ဖြန့်ကြက်ချိန်တွင်လည်း ဖမ်းဆီးခံရသူများကို ရက်ရက်စက်စက်သတ်ဖြတ်မှုများ ပေါ်ပေါ်ထင်ထင်လုပ်လာသည်ဟု စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုနှစ် ဇန်နဝါရီအထိ စစ်ကြောင်းတွင် ဖမ်းဆီးခံရသူများမှာ ပြန်လွတ်လာသည့် ဖြစ်စဉ်များရှိသော်လည်း စစ်အုပ်ချုပ်ရေးကြေညာပြီးချိန်တွင်မူ တွေ့သည်နှင့် သတ်ဖြတ်ခံနေရသည်ဟု ၎င်းက ပြောပြသည်။
“အရင်တုန်းက တွေ့တယ်ဆိုရင် လူသားတံတိုင်းအနေနဲ့ ဖမ်းခေါ်သွားတယ်။ ပြီးမှ ပြန်လွှတ်ပေးတာမျိုးတွေလည်း ရှိတယ်။ အခုက သူတို့ဘက်ကတော့ ပြည်သူပဲဖြစ်ဖြစ်၊ ကာကွယ်ရေးအဖွဲ့ပဲဖြစ်ဖြစ် တွေ့ရင် သတ်မယ်ဆိုတဲ့ ပုံစံမျိုးပဲ။ လူထုကို အကြောက်တရားဖြစ်အောင် ရက်ရက်စက်စက်လုပ်ပြနေတဲ့ သဘောတော့ရှိတယ်ဗျာ။ အကြောက်တရားကို တော်တော်သွင်းနေတဲ့ သဘောပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
အရာတော်၊ မြင်းမူ၊ စစ်ကိုင်းမြို့များကဲ့သို့ပင် ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်နှင့် ပုလဲမြို့တို့ကိုလည်း စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းများဖြင့် လှည့်လည်စီးနင်းလျက်ရှိသည်ဟု ၎င်းက ပြောသည်။
တာတိုင်ရွာတွင် မကြာသေးမီက ကြုံခဲ့ရသည့် အဆိုပါ ဖြစ်ရပ်ဆိုးကို ကိုကံကောင်း လတ်လတ်ဆတ်ဆတ်ကြီး မှတ်မိနေသေးသည်။ သို့သော် သူက တာတိုင်ရွာသား မဟုတ်၍ မျက်မှောက်တွေ့မြင်ခဲ့ရသည်များကို အမည်နှင့်တကွ တိတိပပ ခွဲခြားပြောဆိုနိုင်ခြင်းမရှိပါ။ သူ့နေရပ်ကိုမူ လုံခြုံရေးအရ ကိုကံကောင်းက ထုတ်မပြောလိုပေ။
သူနှင့် အပေါင်းအသင်းများ အဖမ်းခံရသည့် နေရာမှ သောင်ထွန်းနေသည့် မြစ်ကမ်းနဖူးကို ကျော်၍ လယ်ကွင်း၊ လယ်တောအချို့ကို နှစ်နာရီခန့် ခြေလျင် ဖြတ်သန်းရစဉ်၊ ကျေးရွာကို ဝင်စီးစဉ် ကိုယ်တွေ့ကြုံရသည်များကိုတော့ ကိုကံကောင်းက တိတိပပ ပြောနိုင်သည်။
ဘီလူးဆိုင်းတီးပြီ
သောင်များ၊ လယ်ကွင်းများကို နှစ်နာရီဝန်းကျင် ဖြတ်သန်းပြီးနောက်တွင် စစ်ကောင်စီအဖွဲ့ တာတိုင်ရွာသို့ ရောက်သည်။ ချက်ချင်း ဝင်မစီးဘဲ ရွာနားတွင် တစ်နာရီနီးပါး ပုန်းခို၍ အခြေအနေများကို အကဲခတ်ခဲ့သည်ကိုလည်း သူမှတ်မိသည်။ ထိုအချိန်မှာ မတ် ၁ ရက် မိုးမလင်းမီ ၅ နာရီဝန်းကျင်သာ ရှိသေးသည်။
“ဟေ့ကောင်တွေ၊ ဒီရွာပဲ” ဟု စစ်ကောင်စီတပ်ဖွဲ့ထဲမှ တစ်ဦးက ပြောလိုက်သည်ကိုလည်း ကိုကံကောင်း နားထဲ ယနေ့တိုင် ကြားယောင်နေဆဲ။
ထိုအမိန့်သံ ထွက်လာအပြီးတွင် ၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်သားများက ငါးယောက်၊ ဆယ်ယောက်စီ အုပ်စုခွဲလိုက်သည်။ ထိုအင်အားဖြင့် တာတိုင်ဟု အမည်ရသော ရွာငယ်လေးကို အနောက်ဘက်မှ ဝင်သည်။ အချိန်ကား နံနက် နေမထွက်မီ ဝေလီဝေလင်း ၅ နာရီဝန်းကျင်။
အဖွဲ့ငယ်တစ်ဖွဲ့က ရွာအနောက်ဖျားတွင်ရှိသည့် အိမ်တစ်လုံးတွင် တပ်စွဲသည်။ ထိုနေရာတွင်ပင် ကိုကံကောင်းနှင့် အပေါင်းအပါတို့ကို ထားသည်။
‘သေနတ်သံ လုံးဝမပေးနဲ့။ အကုန်ဖမ်း’ ဟု စစ်ကြောင်းကို ဦးဆောင်လာသူက အမိန့်ပေးသည်ကို ကြားရသည်။ ရွာကို ဝိုင်းပတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ အသံတိတ်လှုပ်ရှားကြပြီ။ အဖွဲ့ငယ်များက ရွာအတွင်းသို့ တိတ်တဆိတ်၊ ရုတ်တရက်ဝင်၍ တစ်အိမ်ဝင် တစ်အိမ်ထွက် လူဖမ်းပွဲကြီး စပြီ။
“စိတ်လည်း မကောင်းဘူး။ ကိုယ်လည်း ဘာမှ မလုပ်နိုင်ဘူး” ဟု ကိုကံကောင်းက ပြောသည်။ ကိုကံကောင်း ကံကောင်းသည်က အသာတကြည်သာ ငြိမ်နေလိုက်သဖြင့် သူနှင့် သူငယ်ချင်းများကို စစ်ကောင်စီတပ်က နှိပ်စက်ခြင်းမရှိ။
တာတိုင်ရွာအတွင်း တွေ့သည့်သူကို စစ်ကောင်စီတပ်သားတို့က ရွာအရှေ့ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းသို့ ခေါ်သွားသည်ဟု နောင်တွင် ကိုကံကောင်း ပြန်သိရသည်။ ရိုက်နှက်သံများ၊ နာကျင်၍ အော်ဟစ်သံများကို သူရှိနေသည့် ရွာအနောက်ဖျားရှိနေအိမ်မှနေ၍ ကိုကံကောင်း အတိုင်းသား ကြားခဲ့ရသည်။
သူရှိရာနေရာသို့ စစ်ကောင်စီက ဗွေဆော်ဦး ဖမ်းခေါ်လာသူမှာ အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ သေနတ်တွေ့သည်ဟု စွပ်စွဲနေသံ ကြားရသည်။ ထိုအမျိုးသမီးကို စစ်ကောင်စီက လက်ပြန်ကြိုးတုပ်ထားသည်။ အဝေးမှ တွေ့ရသည်ဖြစ်၍ ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်သည်၊ စစ်ကောင်စီက အစုလိုက် ရက်စက်စွာသတ်ပစ်လိုက်သည့်ထဲတွင် ပါမပါ ကိုကံကောင်း ဝေခွဲမရ။
ထွက်ပြေးလျှင် မည်သူ့ကိုမဆို ပစ်သတ်မည်၊၊ အမျိုးသားဆိုလျှင် မိလျှင် ဝှေးစေ့ဖြတ်မည် စသည်ဖြင့် စစ်ကောင်စီတပ်ဖွဲ့၏ ခြိမ်းခြောက် အော်ဟစ်သံများ တာတိုင်ရွာထဲ ညံနေသည်။ သို့သော် ထိုအချိန်အထိ သေနတ်သံ မကြားရသေးသော်လည်း တာတိုင်ရွာအတွင်း ကမ္ဘာပျက်နေပြီ။
စစ်တပ်၏ ရက်စက်မှုမှာ ရွာကို စီးနင်းပြီး သုံးနာရီဝန်းကျင်အကြာတွင် သေနတ်သံများ တရစပ်ထွက်လာရာမှ စသည်။ အရပ်ဝတ်ဖြင့် ရွာသို့ ရုတ်တရက် ရောက်လာသည့် စစ်ကောင်စီကို ဒေသခံတော်လှန်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ ပစ်ခတ်မှုဖြစ်လျှင် နေရာ၌ပင် ထိုင်နေရန်၊ တစ်ခုခု ပြုမူလျှင်၊ ပြေးလျှင် သတ်ပစ်မည်ဟု စစ်သားတို့က ကိုကံကောင်းတို့ကို ခြိမ်းခြောက်ထားသည်။ ထို့ကြောင့် တုတ်တုတ်မျှမလှုပ်ရဲ။
တစ်ရွာသား ကိုကံကောင်းနှင့် သူငယ်ချင်းနှစ်ဦးရှိရာနေရာတွင် တာတိုင်ရွာခံ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး၊ သက်ကြီးပိုင်း အမျိုးသားတစ်ဦးကိုပါ စစ်တပ်က ဖမ်းထားသည်။ ထိုနေရာတွင် စစ်သား ၈ ဦး ရှိသည်။ ပစ်ခတ်သံများ ကြားချိန်တွင် ကိုကံကောင်းတို့နေရာရှိ စစ်သားများကလည်း တရစပ်ပြန်ပစ်သည်။ အပြန်အလှန်ပစ်ခတ်သံများ နာရီဝက်ခန့် ကြာမည်။
ပစ်ခတ်သံများ ငြိမ်သက်သွားပြီးနောက် ရွာအနောက်တောင်ဘက်မှ စစ်သားတစ်ဦး ကိုကံကောင်းတို့ရှိရာသို့ ရောက်လာသည်။ ထိုအချိန်မှ ရွာကို ဝင်မစီးမီ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား တီးတိုးပြောနေကြသည့် ကျော်ဇောဟူသော လူတစ်ယောက်အကြောင်း ကိုကံကောင်း ရိပ်မိရပြီ။
စစ်သားက တစ်ပါတည်းပါလာသည့် လက်ကိုင်ဖုန်းအတွင်းမှ သေနတ်ဒဏ်ရာများ ရထားသည့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံကို ရွာသူ၊ ရွာသားနှစ်ဦးကို ပြသည်။ ကျော်ဇောလားဟု ရွာခံနှစ်ဦးကို မေးလိုက်သည်ကို ကိုကံကောင်း အတိုင်းသားကြားလိုက်ရသည်။ ရွာခံတို့က ဟုတ်မှန်ကြောင်း အတည်ပြုလိုက်ပြီးနောက်တွင် စစ်သားက အိမ်တွင် အသင့်ရှိသည့် ဓားမတစ်ချောင်းကို ကိုင်ကာ ပြန်ထွက်သွားသည်။
နာရီဝက်ခန့်အကြာတွင် ပြန်ရောက်လာသည်။ ဓားမတော့ ပြန်ပါမလာ။ ပထမအကြိမ်ကကဲ့သို့ပင် လက်ကိုင်ဖုန်းကို ထုတ်၍ ရိုက်ကူးလာသည့် ဓာတ်ပုံတစ်ပုံကို ရွာသားများထံ ပြပြန်သည်။ ခေါင်း၊ လက်နှင့် ခြေနှစ်ဖက် ပြတ်တောက်၊ ဗိုက်ထဲမှ အူများပွင့်ထွက်နေသည့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံ။ သူ့ကို စစ်သားက လာပြသေးသော်လည်း မကြည့်ရဲ၍ ကိုကံကောင်း မကြည့်ဖြစ်လိုက်။ သို့သော် စစ်သားထံမှ ခြိမ်းခြောက်ကြုံးဝါးသံကိုမူ သူရှောင်လွှဲ၍ မရခဲ့။
“သူတို့ (စစ်သားတွေ) က ရွာသားတွေကို မြင်လား။ မင်းတို့ ကျော်ဇော ဒီလိုဖြစ်သွားပြီ။ မင်းတို့လည်း ကြည့်ထားလို့ ပြောတယ်” ဟု ကိုကံကောင်းက ဆိုသည်။ ကိုကျော်ဇောသည် အသက် ၄၇ နှစ်အရွယ်၊ တာတိုင်ရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။
ကိုကျော်ဇောမှာ စစ်တပ်က သေနတ်ဖြင့် ပစ်၊ ဓားဖြင့် ခုတ်ဖြတ်၊ ရိုက်နှက်၊ နှိပ်စက်သတ်ဖြတ်ခဲ့သည့် တာတိုင်ရွာသား ၁၇ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ အသက် ၂၅ အရွယ် ကိုရာဟုမှာလည်း ကိုကျော်ဇောနည်းတူ ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရသည်။
“ကိုရာဟုကိုတော့ စဉ်းတီတုံးပေါ်မှာ လည်ပင်းတင်ပြီး ခုတ်ဖြတ်ထားခဲ့တာ” ဟု အလောင်းကောက်ရာတွင် ပါဝင်ခဲ့သည့် ကိုမျိုး* က ပြောသည်။
ဘုန်းကြီးကျောင်းအတွင်း ငရဲပွက်ခြင်း
တာတိုင်ရွာအတွင်း ထိုသို့ ဖြစ်ပျက်နေသည်မှာ ကိုကံကောင်းတို့ ရှိနေသည့် ရွာ့အနောက်ဖျားတွင်သာမကပါ။ ရွာအရှေ့ပိုင်းတွင် ရှိသည့် ဘုန်းကြီးကျောင်းအတွင်းတွင်လည်း စစ်ကောင်စီတပ်က အလားတူပြုမူသည်ကို အခြားရွာသား ၁၀၀ နီးပါးနှင့်အတူ ၂၄ နာရီနီးပါး ချုပ်နှောင်ခံခဲ့ရသည့် အသက် ၆၀ အရွယ် ဦးမိုး*ထံမှ သိရသည်။ ဦးမိုးမှာ ရွာလယ်ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ရုတ်ရုတ်သဲသဲသံများ ကြားရ၍ နေအိမ်မှ အပြင်သို့ ထွက်ကြည့်ရာတွင် စစ်သားများက ဖမ်းခေါ်သွားခြင်းဖြစ်သည်။
ဘုန်းကြီးကျောင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လက်ကိုင်ဖုန်းအတွင်း အသင့်ပါလာသည့် လူစာရင်းကို ကြည့်၍ လူများကို နေရာခွဲ၍ထားသည်။
“သူတို့စစ်ကြောင်းက ဘီလူးစစ်ကြောင်းလို့ ပြောတယ်။ ရွာမီးမတင် (မီးမရှို့) ဘူး။ PDF (တော်လှန်ရေးသမား) တွေပဲ လိုက်ရှာတာလို့ ပြောတာ။ ဖမ်းထားတဲ့သူတွေအကြောင်းကိုတော့ ဘာမှ မပြောဘူး” ဟု ဦးမိုးက ပြောသည်။
ဦးမိုးနှင့် သက်ကြီးပိုင်းရွာသား ဆယ်ဂဏန်းခန့်ကို ဘုရားခန်းရှိရာ ပင်မကျောင်းဆောင်ထဲသို့ ပို့သည်။ အမည်စာရင်းပါသူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးကို လက်ပြန်ကြိုးတုပ်လျက် ကျောင်းဝင်းအတွင်း ဝမ်းလျားမှောက်ခိုင်းထားသည်။
များမကြာမီတွင် ထွက်ပြေးရန် ကြိုးပမ်းသူတစ်ဦး၊ မချေမငံပြန်ပြောသည်ဟု စွပ်စွဲခံရသူ ၃ ဦးကိုလည်း အလားတူချုပ်နှောင်လိုက်ပြန်သည်။ ထို့နောက် စာရင်းထဲမပါသူ ၈၀ ကျော်ကို ဦးမိုးတို့ရှိရာ ခန်းဆောင်အတွင်းသို့ စစ်ကောင်စီတပ်က ထည့်သွင်းလိုက်သည်။
ရွာခံများကို ခွဲခြားပြီးနောက်တွင် စစ်ကောင်စီတပ်က ဦးမိုးတို့ရှိရာ ကျောင်းခန်းဆောင်တံခါးမကြီးကို ပိတ်ပစ်လိုက်သည်။ အမျိုးသမီးများကို အောက်ထပ်၊ အမျိုးသားများကို အပေါ်ထပ်တွင် ခွဲ၍ စစ်ကောင်စီက ထားခဲ့သည်။ တံခါးများ ပိတ်ထားသော်လည်း သေနတ်သံများ၊ ရိုက်နှက် နှိပ်စက်နေသံများ ကြားနေရသည်။ ပြင်ပတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်တို့ကိုမူ မျက်မြင်ကိုယ်တွေ့ မတွေ့ရတော့။
“အကုန်ပစ်နေတာဆိုတော့ ကျောင်းထဲမှာ ကုပ်နေရတာ” ဟု ဦးမိုးက ပြောသည်။
အသံဗလံများ ငြိမ်သက်သွားပြီးနောက် ညနေ ၅ နာရီခန့်တွင် ခန်းမဆောင်အတွင်း ချုပ်နှောင်ခံထားရသူများအနက် အမျိုးသမီး လေးဦးထက်မနည်းကို စစ်ကောင်စီက ခေါ်ထုတ်သွားသည်။ ထမင်းချက်ခိုင်းသည်။ ထိုအမျိုးသမီးတို့၏ ကျေးဇူးဖြင့် ဦးမိုးတို့ တစ်နေကုန်စာ ထမင်းတစ်နပ် စားခဲ့ရသည်။
ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီ ကြိုးတုပ်ဖမ်းဆီးခဲ့သည့် အမျိုးသမီးသုံးဦးမှာ ညီအမနှစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဒေါ်ပန်းသွယ်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်ပန်းနွယ်၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ဆွေဆွေဦးတို့ဖြစ်သည်။
ပြန်လည်လွတ်မြောက်လာသူတို့၏ ပြောဆိုချက်အရ အထက်ပါ အမျိုးသမီးသုံးဦးမှာ ထမင်းသွားကျွေးချိန်ကတည်းက နှိပ်စက်ထားသည့် ဒဏ်ရာဒဏ်ချက်များကြောင့် စကားပင် မပြောနိုင်တော့ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကတစ်ဦးက ဆိုသည်။
ထိုအမျိုးသမီးသုံးဦးမှာ ရွာထဲမှ စစ်ကြောင်းပြန်ထွက်သွားချိန်တွင် ဖမ်းခေါ်ခံရပြီးနောက် လမ်းတွင် သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့သူ ၁၄ ဦးထဲတွင် ပါဝင်သည်။
“သေတဲ့သူတွေအလောင်းက သေနတ်နဲ့ ပစ်မသတ်ခင် ရိုက်နှက်ထားတာ။ ခေါင်းကြီးတွေ ရှုံ့ပိန်နေတာပါ။ မမြင်ရက်စရာ အနိဋ္ဌာရုံပါပဲ။ အဲဒီနေ့က (အလောင်းကောက်စဉ်) အမျိုးသမီးတွေကအစ မတော်တရော်လုပ်ထားတယ်။ အဲဒီလိုလုပ်ပြီး သတ်ထားတဲ့ဟာတွေလည်း တွေ့ရတယ်” ဟု အလောင်းကောက်ရာတွင် ပါဝင်သည့် ဒေသခံ ကိုမြင့် * က ပြောသည်။
တာတိုင်ရွာ အမျိုးသမီးသုံးဦး၏ အလောင်းများတွင်မူ အတွင်းခံများ စုတ်ပြဲနေသည်ကို တွေ့ရသလို အမျိုးသမီးအင်္ဂါထဲသို့ စစ်သားများက ကြက်သွန်ဥတစ်လုံး ထည့်ထားခဲ့ကြသည်ဟု အလောင်းကောက်ရာတွင် ပါဝင်သူနောက်တစ်ဦးဖြစ်သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ကိုကျော်*က ပြောသည်။
ထိုစစ်ကြောင်းလက်ချက်ဖြင့် သေဆုံးသူအားလုံးမှာ တာတိုင်ရွာအတွင်း သတ်ဖြတ်ခံရသည် မဟုတ်ပါ။ ရုပ်အလောင်းရှာတွေ့သည့် အခြေအနေများအရ ရွာအနီးအနားတွင် ကိုကျော်ဇော၊ ကိုရာဟုနှင့် အသက် ၃၅ နှစ်အရွယ် ဦးချစ်ကောင်းတို့ သုံးဦးသာ စစ်တပ်ဝင်စီးသည့် မတ် ၁ ရက်တွင် သတ်ခံရသည်။
ကိုကျော်ဇော၏ အလောင်းကို တာတိုင်ရွာ အနောက်တောင်ဘက် သင်္ချိုင်းနားတွင် စစ်တပ်ပြန်ထွက်သွားသည့် မတ် ၂ ရက်၊ နောက်နှစ်ဦး၏ အလောင်းကို တာတိုင်ရွာ မြောက်ဘက်နှင့် တောင်ဘက် မြစ်ကမ်းစပ်များတွင် နောက်တစ်ရက်တွင် ဒေသခံတို့က ရှာတွေ့သည်။
တာတိုင်ရွာ အနောက်ဘက် နှစ်မိုင်ဝန်းကျင်အကွာ ညောင်ရင်းရွာသို့ သွားရာလမ်းတွင် အသတ်ခံရသည့် ကျန် ၁၄ ဦး၏ အလောင်းကို မတ် ၂ ရက် စစ်ကြောင်း ပြန်ထွက်သွားပြီးနောက်တွင် ရှာတွေ့သည်။ ရုပ်အလောင်းအားလုံးကို ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ်ပြီးဖြစ်သည်။
လမ်းတစ်လျှောက်တွင် သတ်ဖြတ်ခြင်း
တာတိုင်ရွာမှ ညောင်းရင်းရွာသို့ ပြန်အထွက်လမ်းတွင် စစ်ကောင်စီ၏ လူသတ်ပွဲအကြောင်း ကိုကံကောင်းက ပြန်ပြောပြသည်။ မတ် ၂ ရက် နံနက် ၇ နာရီခန့်မှ ပြန်အထွက်တွင် စစ်ကောင်စီက အဖွဲ့လေးဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် မီတာ ၁၀၀ ခန့်စီ ခြား၍ လျှောက်စေသည်။
တာတိုင်ရွာမှ ဖမ်းခေါ်လာသူ ၁၄ ဦးနှင့် ကိုကံကောင်းတို့ သုံးဦးကို အုပ်စုခွဲ၍ လိုက်ပါစေသည်။ တာတိုင်ရွာမှ ဖမ်းခေါ်လာသူတို့မှာ ကြိုးတုပ်ထားသည်ကို တွေ့ရသည်။ ကိုကံကောင်းက တတိယမြောက် တာတိုင်ရွာမှ ထွက်သည့် စစ်သား ရှစ်ဦးပါသည့် စစ်ကောင်စီအဖွဲ့တွင် ပါသည်။ ၎င်းနှင့်အတူ အသက် ၂၀ မှ ၅၀ ကြား အမျိုးသား ငါးဦးလည်း ပါလာသည်။
ညောင်ရင်းရွာနှင့် မီတာ ၈၀၀ ဝန်းကျင်သာ လိုတော့ချိန်တွင် ကိုကံကောင်းနှင့် သူငယ်ချင်းနှစ်ဦးကို စစ်သားသုံးဦးက ခွဲ၍ ခေါ်သွားသည်။ ကြိုးတုပ်ခေါ်ဆောင်လာသည့် တာတိုင်ရွာသား ငါးဦးနှင့် စစ်သား ငါးဦးက နောက်တွင် ချန်နေရစ်ခဲ့သည်။
လူစုခွဲပြီးသည့် နေရာမှ မီတာ ၅၀ခန့် ရှေ့သို့ လွန်ချိန်တွင် သေနတ်သံ ၈ ချက်ထက်မနည်း ကျယ်လောင်စွာကြားရသည်။ ဝေခွဲမရဖြစ်နေချိန်တွင် ဖမ်းခေါ်လာသူများကို သတ်ပစ်လိုက်ပြီဟု စစ်သားတစ်ဦးက ခပ်ပြုံးပြုံးဖြင့် အသိပေးကြောင်း ကိုကံကောင်းက ပြန်ပြောပြသည်။
“ကျွန်တော်တို့ကတော့ ကြောက်တာပေါ့ဗျာ။ မင်းတို့ ဘာမှမလုပ်နဲ့။ မင်းတို့ကို ဘာမှမလုပ်ဘူး။ မင်းတို့ကို ကြိုးလည်း မတုပ်ထားဘူးဆိုပြီးတော့ စစ်သားက ပြောတာ။ ကျွန်တော်တို့ ဘာမှ မဖြစ်ပါဘူးနော်လို့ မေးတော့ ဘာမှမဖြစ်ဘူး။ ကြိုးလည်း မတုပ်ဘူး။ ကြိုးတုပ်ထားတဲ့ကောင်တွေက အသတ်ခံရမှာလို့ (စစ်သားက) ပြောတာ။ မင်းတို့က ဘာမှ မဖြစ်ဘူးတဲ့”
ညောင်ရမ်းရွာသို့ သွားရာလမ်းတွင် စစ်ကောင်စီက သတ်ဖြတ်ပစ်လိုက်သူများမှာ နောက်တွင် ကျန်ခဲ့သည့် တာတိုင်ရွာခံ ငါးဦးသာမကဘဲ အခြားသူများ ရှိသေးသည်ကိုလည်း ကိုကံကောင်းတို့ မကြာမီတွင် ထပ်သိလိုက်ရသည်။ ၎င်းတို့အဖွဲ့ရှေ့မှသွားသည့် ပထမအသုတ်နှင့် ဒုတိယအသုတ်ထဲမှ ဓားစာခံများ၏ အလောင်းများကို လမ်းတွင် ထပ်တွေ့ရသည်။
“ရှေ့နားရောက်တော့ အရင်သွားတဲ့အသုတ်က အလောင်းတွေ စတွေ့တာပဲ။.. ငါးယောက်တစ်စု၊ သုံးယောက်တစ်စု တွေ့တာပေါ့ဗျာ။ ပုံစံတွေကတော့ မှောက်လျက်တွေရော၊ ပက်လက်တွေရော၊ ဘေးတစောင်းတွေရော။ ဒူးထောက်ခိုင်းထားပြီး ခေါင်းတွေ၊ နောက်ကျောတွေကို ပစ်ထားတာ တွေ့ရတယ်” ဟု ကိုကံကောင်းက ဆိုသည်။
လမ်းတွင် ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည့် အသက် ၁၇ နှင့် ၆၇ ကြား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို စစ်ကောင်စီက မတ် ၂ နံနက် ၈ နာရီနှင့် ၉ နာရီကြားတွင် အသုတ်လိုက်ခွဲ၍ သတ်ဖြတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု စစ်ကြောင်းနှင့်အတူ လိုက်ပါခဲ့ရသည့် ကိုကံကောင်းက ယူဆသည်။
စစ်ကောင်စီက မည်သို့သတ်ဖြတ်ခဲ့သည်ကို မျက်မြင်တွေ့သူတော့ မရှိ။ သို့သော် သေနတ်ဒဏ်ရာ၊ ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာ၊ ဓားဖြင့် ထိုးခုတ်၊ သတ်ဖြတ်ခဲ့သည်ဟု ရုပ်အလောင်းများကို ကြည့်၍ ကောက်ချက်ချနိုင်သည်။
ထိုသူတို့၏ ရုပ်အလောင်းကို မတ် ၂ နှင့် ၃ ရက်တို့တွင် ဗုဒ္ဓဘာသာဓလေ့ထုံးစံအတိုင်း သင်္ဂြိုဟ်ပြီးဖြစ်သည်။ သေဆုံးသူများထဲတွင် အများစုမှာ တော်လှန်ရေးသမားများ မဟုတ်ဘဲ တောင်သူ၊ တံငါ အလုပ်ဖြင့် အသက်မွေးသူများ၊ တစ်နယ်တစ်ကျေးမှ လာရောက်လည်ပတ်သူများပင် ပါသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။
သေဆုံးသူများအနက် အသက် ၅၀ အရွယ် ဦးထီလာဆိုသူမှာ တာတိုင်ရွာအရှေ့ဘက် မူးမြစ်တစ်ဖက်ကမ်းရှိ ငါန်းဇွန်မြို့မှ ရောက်နေသူ၊ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးသည့် အသက် ၃၅ နှစ်အရွယ် ကိုချစ်ကောင်းမှာ တာတိုင်မြောက်ဘက် တစ်မိုင်ကျော်အကွာ ရွှေလှေရွာခံဖြစ်ပြီး နွားပျောက်ရှာနေစဉ် အဖမ်းခံရသူဟု ဆိုသည်။
အသက် ၅၀ အရွယ် ဦးသိန်းထိုက်မှာ တာတိုင်ရွာအတွင်း စစ်ကြောင်းဝင်စီးစဉ် ထွက်ပြေး၍ ဖမ်းခံရသူဖြစ်ပြီး ထို့နောက်တွင်မှ ဖမ်းခေါ်ကာ သတ်ဖြတ်ခံလိုက်ရသည်ဟု ဆိုကြသည်။
စစ်ကောင်စီလက်ချက်ဖြင့် မိခင်၊ ညီ၊ ယောက်ဖနှင့် အဒေါ်တို့ကို ဆုံးရှုံးခဲ့ရသည့် အသက် ၂၅ နှစ်အရွယ် ကိုသိန်း*က ရွာကို စစ်ကောင်စီ ဝင်စီးနေပြီဟု ကြားသိရချိန်တွင် ဓားစာခံများ၊ အထူးသဖြင့် မိန်းမသားများကို သတ်လိမ့်မည်မဟုတ်ဟု အကောင်းမြင်ခဲ့သေးသည်ဟု ပြောသည်။ သေဆုံးသူတို့အနက် ၎င်း၏ မိသားစုဝင်များမှာ မည်သူတို့ဖြစ်သည်ကိုမူ လုံခြုံရေးအရ သူက ထုတ်မပြောလိုပေ။ တာတိုင်ရွာကို ဝင်ရောက်စီးနင်းချိန်တွင် ကိုသိန်းက ရွာ၌မရှိ၍ လွတ်သွားသည်။
“သူတို့ထွက်သွားပြီးတော့ အလောင်းတွေ တွေ့တဲ့အချိန်မှာ ကျွန်တော့်မိသားစုဝင်တွေဗျာ။ မြင်မကောင်းအောင် ပိုးစိုးပက်စက်ကို လုပ်သွားတာဗျာ” ဟု ကိုသိန်းက ပြောသည်။
ထိုစစ်ကြောင်းက ဖမ်းဆီးခဲ့သူ တာတိုင်ရွာခံ ၁၀၀ ကျော်ထံမှ လက်ကိုင်ဖုန်းများပါ သိမ်းယူသွားသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ပြောကြသည်။ အသေးစိတ်တို့ကိုမူ သီးခြား အတည်မပြုနိုင်သေးပါ။
ဘီလူးစစ်ကြောင်း
တာတိုင်ရွာကို ဝင်မွှေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဘီလူးစစ်ကြောင်းဟု မိတ်ဆက်ခဲ့သည့် ထိုစစ်ကောင်စီတပ်ဖွဲ့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က တာတိုင်ရွာ မြောက်ဘက် မိုင် ၃၀ အကွာ အရာတော်မြို့နယ် မလဲသာရွာသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်သွားသည့် အင်အား ၇၀ နီးပါးပါ အဖွဲ့ဖြစ်သည်။
ထိုစစ်ကြောင်းက အရာတော်မြို့နယ်နှင့် နယ်နိမိတ်ဆက်နေသည့် စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်တို့မှ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကိုလည်း လှည့်လည် စီးနင်းခဲ့သည်။
မြင်းမူမြို့နယ် ပဒတ္ထိုင်း၊ ညောင်ပင်ရွာ၊ ကန်တော်၊ ကန်ပြားရွာ၊ ညောင်းရင်းရွာတို့တွင် လူမဆန်စွာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ တစ်ပတ်အတွင်း ဒေသခံ ၂၃ ဦး သတ်ဖြတ်ခံရကာ ထိုအထဲမှ ၇ ဦးမှာ ဦးခေါင်း၊ ခြေ၊ လက်များ အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရသည်။
ထိုစစ်ကြောင်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပဒတ္ထိုင်းရွာ၌ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး၊ နောက်တစ်ရက်တွင် ကန်တော်ရွာမှ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးတို့လည်း ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်သည်။
ထို့နောက် ဖေဖော်ဝါရီ ၂၈ နံနက်ပိုင်းတွင် တာတိုင်ရွာကို ဆက်လက်စီးနင်းကာ ရွာသား ၁၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် မတ် ၃ ရက်က ညောင်းရင်းရွာ အနောက်ဘက် မြင်းမူမြို့နယ် အာလကပ္ပရွာသို့ ရောက်နေသည်ဟု ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။
ညောင်းရင်း၊ မြင်းမူ၊ အာလကပ္ပရွာဘက်သို့ ထိုစစ်ကြောင်းသွားရာလမ်းတွင် ဆိုင်ကယ်ဖြင့် သွားလာနေသူ ဒေသခံတစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်ဟု ဒေသတွင်းသတင်းများက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခုကို စစ်ကောင်စီက ညနေ ၆ နာရီမှ နံနက် ၆ နာရီ အပြင်မထွက်ရ၊ လူငါးဦးထက် ပိုမစုရဟု သတ်မှတ်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းတွင် ကြေညာထားသည်။ ထို့နောက်တွင် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ထားပြီး တာတိုင်ရွာကို ဝင်ရောက်သတ်ဖြတ်သည့် ဖြစ်စဉ်မှာ ယင်းတို့အနက် တစ်ခုဖြစ်သည်။
စစ်ကောင်စီက ထောက်ခံသည့် ဒေသခံများကို လက်နက်တပ်ဆင်ပေး၍ စစ်ရေးလှုပ်ရှားမှုများကို တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေသည်။ စစ်ကောင်စီက ပြည့်သူ့စစ်ဟု ခေါ်၍ ပျူစောထီးဟု လူသိများသည့် ထိုအဖွဲ့၏ လှုပ်ရှားမှုများကို စစ်ကိုင်းတိုင်းအတွင်း အထင်အရှားတွေ့ရသည်။
စစ်ကိုင်း တာတိုင်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်ရက်အနီးပါး အတူလိုက်ပါခဲ့ရသည့် ကိုကံကောင်း၏ အဆိုအရ ၎င်းတွေ့ကြုံခဲ့ရသည့် စစ်သားများမှာ အမြဲတစေ အရက်သေစာ သောက်စား မူးရူးနေသည်ဟု သိရသည်။
စစ်သားတို့က တာတိုင်ရွာ ရောက်ချိန်တွင် ၎င်းတို့နှင့် ပါလာသည်များအပြင် ရွာအတွင်း ဈေးဆိုင်များတွင်ရှိသည့် အရက်များကိုပါ ယူငင်သောက်သုံးသည်ကို ကိုကံကောင်း မျက်မြင်တွေ့ခဲ့ရသည်။
“အရက်ကတော့ အိပ်ထဲကနေ ထုတ်ထုတ်ပြီး သောက်တာ။ သူတို့အချင်းချင်း ယူသောက်မိလို့ စကားတွေ များသေးတယ်။ (မင်းအရက်) ငါမသောက်ဘူးနဲ့ ငြင်းကြတာပေါ့ဗျာ။ အိပ်ထဲ ထည့်လာတာဆိုတော့ သောက်ချင်တဲ့အချိန် ထုတ်သောက်တာ”။
စစ်ကောင်စီက စစ်ကိုင်းတိုင်းတွင် ရွာစဉ်လှည့်မီးရှို့မှု၊ သတ်ဖြတ်မှုများ ပြုလုပ်နေကြသလို တော်လှန်ရေးအဖွဲ့ဘက်ကလည်း စစ်ကောင်စီသတင်းပေးနှင့် ဘက်တော်သားများကို လုပ်ကြံသတ်ဖြတ် လက်တုံ့ပြန်နေသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီတပ်က နိုင်ငံအနှံ့တွင် တာတိုင်ရွာတွင် ကျူးလွန်သကဲ့သို့ တစ်ရက်တည်း လူ ၁၄ ဦးမှ ၃၀ အထိ အစုအပြုံလိုက်သတ်ဖြတ်မှု ၃၂ မှုအထိ ရှိလာပြီဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက မတ် ၆ ရက် အွန်လိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားပြည်သူတို့၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးမှုများ၊ ရက်စက်စွာသတ်ဖြတ်မှုများမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် မည်သို့မျှ လျော်ညီခြင်းမရှိ၍ အပူတပြင်း ပြင်းပြင်းထန်ထန်အရေးယူပေးရန် နိုင်ငံတကာသို့ ၎င်းက ထပ်မံတိုက်တွန်းသည်။
“(စစ်ကောင်စီရဲ့) ရက်စက်ယုတ်မာမှုကတော့ တကယ်ကို ကမ်းကုန်တဲ့အခြေနေမျိုး ရောက်နေပါပြီ။ မြန်မာတစ်ပြည်လုံးမှာ မီးလောင်တိုက်သွင်း၊ လူသားမှန်သမျှကို ရန်သူလို သတ်မှတ်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမြန်ဆုံးတားဆီဖို့ အကြိမ်ကြိမ် ပြောထားပြီးပါပြီ။ အကြိမ်ကြိမ်လည်း တိုက်တွန်းနေပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ကုလလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မတ် ၅ ရက် စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ လူပေါင်း တစ်သန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံတစ်ဝန်း အိမ်ခြေ ၆၀,၀၀၀ ကျော် စစ်ကောင်စီလက်ချက်ဖြင့် မီးလောင်ဆုံးရှုံးခဲ့ရကာ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးက ဆိုသည်။
ထိုသို့ စစ်ကောင်စီက အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို မျိုးစုံရန်ရှာမှုများ ကြုံနေရသော်လည်း စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးခရီးကို မဖြစ်မနေရှေ့ဆက်ရန် သန္နိဋ္ဌာန်ချထားသည်ဟု တာတိုင်ရွာကို ဝင်စီးသည့် ဘီလူးစစ်ကြောင်းနှင့် ကြုံခဲ့ရသူ စစ်ကိုင်းမြို့နယ် ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ မြင်းမူမြို့နယ် ကန်တော်ရွာသို့ ထိုစစ်ကြောင်းဝင်ချိန်တွင် ၎င်း၏ တပ်ဖွဲ့မှ အသက် ၁၉ နှစ်အရွယ် အဖွဲ့ဝင်နှစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရပြီးဖြစ်သည်။
“ဒီကောင်တွေ (စစ်ကောင်စီ) သည် ကျွန်တော်တို့ (တော်လှန်ရေး) အဖွဲ့တွေကို စိန်ခေါ်တဲ့အပိုင်းပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြောက်လှန့်တဲ့အပိုင်းလည်း ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုလုပ်သွားတာ။ လူမဆန်စွာ သတ်သွားတဲ့အပေါ်မှာ ဘယ်လိုမှ ခွင့်မလွှတ်ဘူး”။
(*လုံခြုံရေးအရ နာမည်လွှဲထားသည်)
Source-Myanmar Now