ဇန်နဝါရီလ ၂၁ ရက်
အာဏာသိမ်းစစ်ကောင်စီကတော့ ရွေးကောက်ပွဲမဟုတ်တဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ခြေလှမ်းတွေစတင်နေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၉ ရက်ကစပြီး တိုင်းနဲ့ ပြည်နယ်အများစုမှာ လူဦးရေစာရင်း ကောက်ယူတာတွေလုပ်နေပြီ ဖြစ်ပါတယ်။ လက်ရှိကောက်ယူနေတဲ့ လူဦးရေစာရင်းဟာ ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ လူဝင်မှုကြီးကြပ်ရေးဌာနကိုပေးပို့ခဲ့တဲ့ အိမ်ထောင်စုစာရင်းကို ပြန်လည်တိုက်စစ်နေ တာလည်းဖြစ်ပါတယ်။ အဲဒီတုန်းက အချက်အလက်တွေကို လဝကဘက်က မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး အခုတော့ အဲဒီအိမ်ထောင်စုစာရင်းမှတ်တမ်းတွေကိုအခြေခံကာ မြေပြင်အချက်အလက်နဲ့ ပြန်လည်တိုက်ဆိုင်စစ်ဆေးနေ တာပါ။ ဒါဟာ တစ်နည်းအားဖြင့် အတုအယောင်ရွေးကောက်ပွဲအတွက် စစ်ကောင်စီရဲ့ မဲစာရင်း ကြိုတင် စီစဉ်မှု တစ်ရပ်လို့လည်းဆိုနိုင်ပါတယ်။ လူဦးရေစာရင်းကောက်ယူဖို့အတွက် ပရဟိတအဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်နဲ့ ဆရာ၊ ဆရာမတွေကို စေတနာ့ဝန်ထမ်းတွေအဖြစ် ပူးပေါင်းပါဝင်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပေမယ့် လာရောက်သူ နည်းပါးတာကြောင့် တချို့မြို့နယ်တွေမှာတော့ ထွေအုပ်၊ ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီး ဌာန၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေနဲ့သာ စာရင်းကောက်နေရတာတွေ့ရပါတယ်။ မြို့နယ်အများစုမှာ ဆိုရင် ပြည်သူတွေ ပူပေါင်းပါဝင်မှုမရှိတာကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ သူတို့အဆင်ပြေလောက် မယ့် အိမ်တွေကိုသာရွေးပြီး စာရင်းကောက်ယူနေရတာပါ။ ရန်ကုန်တိုင်းအတွင်းက တချို့မြို့နယ်တွေမှာဆိုရင် တစ်အိမ်တက်ဆင်း ကောက်ခံတာမျိုးတောင်မလုပ်နိုင်ဘဲ လမ်းထိပ်မှာစုရပ်လုပ်ပြီး စာရင်းလာပေးသူတွေရဲ့ စာရင်းကိုပဲ ယူသွားရတာတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ တစ်ဘက်မှာလည်း စစ်ကောင်စီ ပေးတာယူ၊ ကျွေးတာ စားပြီး လူပါးဝနေတဲ့ လူမိုက်တွေကြီးစိုးရာ ရပ်ကွက်တွေမှာတော့ ပြည်သူတွေကိုခြိမ်းခြောက်ပြီး လူဦးရေ စာရင်းကောက်ယူတာတွေရှိနေပါတယ်။ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအနှံ့ လူဦးရေစာရင်း ကောက်ယူတာကို ဇန်နဝါရီ ၃၁ ရက်အထိလုပ်သွားမှာဖြစ်ပြီး စာရင်းစကောက်တဲ့နေ့ကတော့ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က မြောကင်းရွာမှာ လုံခြုံရေးလိုက်ပေးတဲ့ ဒုရဲအုပ်တစ်ယောက် ပစ်သတ်ခံလိုက်ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီ တပ်တွေ နယ်မြေစိုးမိုးနိုင်မှုမရှိတဲ့ ကချင်၊ ကရင်၊ ချင်း၊ ကယား၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က ဒေသအများစုမှာ ဆိုရင်လည်း လူဦးရေစာရင်းကောက်ယူဖို့ ကြိုတင်အသိပေးတာတွေတောင် မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က အလွတ်သဘော ယာယီ အပစ်ရပ်ထားတဲ့ ရခိုင်ဒေသမှာတော့ စစ်ကောင်စီက လူဦးရေစာရင်းကောက်ယူမှုတွေ စတင်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေ ဘက်ကတော့ ရွေးကောက်ပွဲအတွက် လှုပ်ရှားမှုမရှိသေးသလို
ကြိုတင်ပြင်ဆင်တာတွေလည်း မတွေ့ရသေးပါဘူး။ ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေအနေနဲ့ လှုပ်ရှားမှုမရှိသေးတာဟာ ရွေးကောက်ပွဲထက် ရက္ခိုင့်တပ်တော် AA ရဲ့ သဘောထားကို ပိုပြီးစိတ်ဝင်စားနေတဲ့ အခြေအနေမျိုးဖြစ်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့ပါဘူး။ လတ်တလောမှာတော့ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီကြား အလွတ်သဘောယာယီအပစ်အခတ် ရပ်စဲထားပြီးနောက် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူတာကိုစတင် လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။ AA အပါအဝင် ညီနောင်သုံးဖွဲ့ရဲ့ နှစ်သစ်ကူးထုတ်ပြန်ချက်ထဲမှာတော့ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်သွားမယ်လို့ သန္နိဋ္ဌာန်ပြု ဖော်ပြထားတာတွေ့ရပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ ပြောဆိုထား တာမတွေ့ရပါဘူး။ တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ KIA အပါအဝင် အဓိက တိုင်းရင်းသား လက်နက်ကိုင်အများစုကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်မှု မရှိဘူးလို့ တုံ့ပြန်ထားကြပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ဆိုထားကြတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်နိုင်ဘူးလို့ဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ပိုရှည်ကြာစေပြီး တိုင်းပြည်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေး ကြန့်ကြာစေမယ့်လုပ်ရပ်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ လက်တစ်ဆုပ်စာ မဟာမိတ်တွေအကူအညီနဲ့ နိုင်ငံတကာမှာ နိုင်ငံရေးလုပ်ဇာတ်ခင်း ပြနိုင်ဖို့အတွက် အတုအယောင်ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင်ကျင်းပသွားဖို့ ရှိနေပါတယ်။ အာဏာသိမ်းစစ် ခေါင်းဆောင်ရဲ့ နှစ်သစ်ကူးစကားထဲမှာ ရွေးကောက်ပွဲဖြစ်မြောက်အောင်လုပ်မယ့်အကြောင်း ထည့်ပြောသွားခဲ့ သလို လွတ်လပ်ရေးနေ့မိန့်ခွန်းမှာလည်း ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုပြီး လက်အောက်ခံ နိုင်ငံရေးပါတီတွေကို မက်လုံးပေးသွားခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်။ ဒါ့အပြင်နေပြည်တော်မှာ စစ်ကောင်စီ ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို လက်အောက်ခံနိုင်ငံရေးပါတီ ၃၇ ပါတီတက်ရောက်ခဲ့ပြီး အဲဒီပါတီ တွေနဲ့ စစ်ကောင်စီကိုယ်စားပြု ကြံ့ဖွံ့ပါတီတို့ တွေ့ဆုံသွားခဲ့တာကလည်း ထူးခြားနေပါတယ်။ အဲဒီတွေ့ဆုံမှု အပြီးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ထောက်တိုင်တစ်ယောက်ဖြစ်သလို ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ဖြစ်လာသူ ဦးခင်ရီ ကတော့ “ပါတီတွေ စုပေါင်းအင်အားနဲ့ တိုင်းပြည်ကို ကူညီဖို့ သဘောတူခဲ့ကြောင်း” ဆိုထားတာတွေ့ရပါတယ်။ အခုလို စစ်တပ်လိုလားတဲ့ပါတီတွေ တွေ့ဆုံမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဩဂုတ်လအတွင်း ကြံ့ဖွံ့ပါတီ ဦးဆောင်မှုနဲ့ ပါတီ ၃၄ ပါတီနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုနောက်ပိုင်း ပထမဆုံး
အကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ အဲဒီနိုင်ငံရေးပါတီတွေဟာ စစ်ခေါင်းဆောင်အာဏာသိမ်းနိုင်ဖို့ လမ်းဖောက် ပေးခဲ့တဲ့ ပါတီတွေလည်းဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ရေး အိပ်မက်ကို ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြဦးမှာ သေချာပါတယ်။ ဒါကြောင့် ပြည်သူတွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံတကာက စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို ကန့်ကွက်နေကြတာပါ။ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့တော်လှန် ရေးအင်အား စုပေါင်းစုံပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ကတော့ စစ်ကောင်စီဟာ ရွေးကောက် ပွဲဆိုတဲ့ အသုံး အနှုန်းကိုသုံးစွဲပြီး အမှန်တရားကို ဖုံးကွယ် ပုံဖျက်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ဆိုထားပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီကလည်း အတုအယောင်ရွေးကောက်ပွဲအတွက် အစီအစဉ်မျိုးစုံချမှတ်နေပြီး သူတို့ အသာစီးရဖို့ ရွေးကောက်ပွဲစနစ်ကိုတောင် ပြောင်းလဲပြင်ဆင်ထားတာ တွေ့ရပါတယ်။ နိုင်သူအကုန်ယူ(FPTP) စနစ်ကနေ အချိုးကျကိုယ်စားပြု (PR) စနစ်နဲ့ ကျင်းပနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်ထားပြီးဖြစ်ပါတယ်။ အဲဒီ PR စနစ်ဟာ စစ်တပ်နဲ့ လက်အောက်ခံနိုင်ငံရေးပါတီတွေကို အသာစီးရစေမယ့် လုပ်ဆောင်မှုလို့ဆိုရင် ပိုပြီးမှန်မယ် ထင်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လအတွင်း ထုတ်ဝေခဲ့တဲ့ မြန်မာနိုင်ငံမှာပြောင်းလဲကျင့်သုံးမယ့် အချိုးကျကိုယ်စားပြုစနစ်(PR) စာအုပ်မှာတော့ “စာရင်းပိတ်စနစ်” (Closed List PR) ကျင့်သုံးမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ မဲဆန္ဒရှင်တစ်ယောက်ဟာ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် စနစ်သစ် PR ၊ အရင် မဲပေးနေကျပုံစံ နိုင်သူအကုန်ယူ(FPTP) စနစ် နှစ်ခုစလုံးရောပြီး မဲပေးရမယ့် ရွေးကောက်ပွဲ စနစ်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်လို PR စနစ်မျိုးနဲ့ ကျင်းပပြီး မဲအနိုင်ရပါတီက ဘယ်လို အစိုးရဖွဲ့မယ်ဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ရှင်းရှင်း လင်းလင်း အသေးစိတ် ထုတ်ပြန်တာ မတွေ့ရပါဘူး။ စစ်တပ်က ရေးဆွဲ ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာသိမ်းစစ်ခေါင်းဆောင်ကြေညာထားတဲ့ အရေးပေါ်ကာလ သက်တမ်းဟာ အခုလကုန်မှာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ ကာ/လုံ လို့ခေါ်တဲ့ “အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ”ကို အာဏာပြန်အပ်ရမှာဖြစ်ပြီး ၆ လအတွင်း ကာ/လုံ ကနေ ရွေးကောက်ပွဲကျင်းပပေးသွားရမှာပါ။ တကယ်တော့ ကာ/လုံဆိုတာကလည်း လက်ရှိမှာ အာဏာသိမ်း စစ်ခေါင်းဆောင်လက်အောက်ခံတွေနဲ့ နှစ်ပါးသွားနေတာကြောင့် ဘာမှတော့ အထွေအထူးမျှော်လင့်လို့မရပါဘူး။ အဲဒါကြောင့် အတုအယောင်ရွေးကောက်ပွဲကိုကျင်းပဖို့ပြင်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ဟန့်တားနိုင်ဖို့ အရေး ကြီးနေပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အထမမြောက်ဖို့ဆိုရင် နိုင်ငံတကာရဲ့ကန့်ကွက်မှုတွေလည်း အခုထက်ပိုပြီး လိုအပ်နေသေးတာဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဒေသတွင်းအဖွဲ့
အစည်းကြီး တစ်ခုဖြစ်တဲ့ အာဆီယံအနေနဲ့ လက်သင့်မခံဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
Source: Mizzima