မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့လက်နက်ပွဲစား ဦးထွန်းမင်းလတ်ဆီက သိမ်းဆည်းရမိတဲ့ပိုင်ဆိုင်မှုထဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ နဲ့ သမီး ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါဝင်ကြောင်းသိရတယ်။ မြန်မာစစ်တပ်ရဲ့အဲဒီပိုင်ဆိုင်မှုတွေထဲမှာ ဘန်ကောက်မြို့လယ်က Belle Grand Rama 9 က ဦးအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အိပ်ခန်း လေးခန်းပါ ဇိမ်ခံ ကွန်ဒိုတိုက်ခန်း တစ်ခန်း နဲ့ ဒေါ်ခင်သီရိသက်မွန် နာမည်နဲ့ဖွင့်ထားတဲ့ Siam Commercial Bank (SCB) ဘဏ်စာအုပ် နှစ်အုပ် ပါဝင်တယ်။ဒီဖြစ်စဉ်ကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကနေရတဲ့ တရားမဝင်ငွေတွေကို သိုဝှက်ဖို့ ထိုင်းဘဏ်တွေကို အသုံးပြုခွင့်ရနေတာ တွေ့ရတယ်။
စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေဟာ မူးယစ်ဆေးရောင်းဝယ်မှုတွေ၊ ငွေကြေးခဝါချပေးတာတွေ လုပ်ပေးတဲ့ ခရိုနီတွေနဲ့ ပတ်သက်မှုရှိနေတာ အံ့သြစရာမရှိပါဘူး။ မြန်မာစစ်တပ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေဟာ မူးယစ်ရာဇာတွေနဲ့ ဆက်ဆံရေးကနေ အကျိုးအမြတ်တွေရနေပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ ခရိုနီ လုပ်ငန်းရှင်တွေဟာ ဒေသတွင်းက မူးယစ်ဆေး ရောင်းဝယ်သူတွေ၊ ငွေကြေး ခဝါချပေးတဲ့သူတွေ၊ လက်နက်ကုန်သည်တွေနဲ့ ကွန်ယက်တစ်ခုလိုဆက်စပ်ပက်သက်နေကြတယ်။သူတို့အားလုံးဟာရာဇဝတ်ဂိုဏ်းအကြီးကြီးတစ်ခုလိုပဲ အပြန်အလှန် အကျိုးပြုနေကြတာပဲ။ အခု မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ ခရိုနီဆီမှာ စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ရှာတွေ့ခဲ့တာကအကောင်းဆုံးအထောက်အထားပဲ ဖြစ်တယ်။
မင်းအောင်လှိုင်ရဲ့သားသမီးပိုင်ဆိုင်မှုတွေဟာဦးထွန်းမင်းလတ်နဲ့ဆက်စပ်နေတဲ့အထောက်အထားတွေရှိနေပေမယ့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထိုင်းအာဏာပိုင်တွေက သိမ်းယူထားတာမရှိသေးဘူး။ ထိုင်းအစိုးရက သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို လက်ခံထားပြီး အကာအကွယ်ပေးနေတာကတော့ စိတ်ပျက်စရာကောင်းပါတယ်။ အခုအမှုမှာ စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ဘယ်လို ပါဝင် ပတ်သက်နေသလဲ ဆိုတာကို ထိုင်းအစိုးရအနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးပြီး၊ သင့်တော်သလို စွဲချက်တင် အရေးယူသင့်တယ်။