ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊ တပင်ရွှေထီးလမ်းမပေါ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က စွန့်ပစ်ခံထားရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ရုပ်အလောင်းများကို စစ်အုပ်စုက မီးရှို့အလောင်းဖျောက်သည်ဟုရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊ တပင်ရွှေထီးလမ်းမပေါ်တွင် စွန့်ပစ်ခံထားရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ရုပ်အလောင်းများကို ဒေသခံများက တွေ့ရှိခဲ့သည်ဟုသိရသည်။
ထိုသို့တွေရှိပြီးနောက် စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် အလုံပိတ်ကားဖြင့် ရန်ကုန်သို့ လိုက်ပါသည့် ရိုဟင်ဂျာများ အသက်ရှူကာကျပ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
“ကျွန်တော်တို့ကတော့ အသက်ရှုပ်ကျပ်ပြီးသေတယ်ဆိုတာကို လက်မခံပါဘူး။ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ပြီး လာပုံထားလိုက်တာပါ။ ပြီးတော့ ကားထဲမှာ အသက်ရှုပ်ကျပ်ပြီးသေတယ်ဆိုရင် အဝတ်အစားတွေကျန်ရမှာ၊ ဓာတ်ပုံမှာကြည့်ရင် တချို့ဆိုဘောင်းဘီတိုတွေနဲ့ တစ်ယောက်ဆိုရင်အဝတ်အစားတောင် မပါပါဘူး။ တစ်နေရာမှာ အစုလိုက်အပြုံလိုက်သတ်ပြီး လမ်းဘေးမှာ လာပုံသွားတာပါ”ဟု ရိုဟင်ဂျာ လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်များနှင့် ရဲများက ရိုဟင်ဂျာလူ ငယ် ၁၃ ဦး၏ ရုပ်အလောင်းများကို ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရုပ်အလောင်းများကို မီးရှို့ကာ အလောင်းဖျောက်ဖျက်လိုက်ကြသည်ဟု ဆိုသည်။
ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူများက အစ္စလာမ်ဘာသာရေး ထုံးထမ်းစဥ်လာများနှင့်အညီ သင်္ဂြိုဟ်ခွင့်တောင်းခဲ့သော်လည်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရုပ်အလောင်းများအား မီးရှို့ရန် ညွှန်ကြားထားသည်ဟုဆိုကာ မီးရှို့အလောင်းဖျောက်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။
“ရိုဟင်ဂျာလူငယ် ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ထုံးထမ်းစဥ်လာနဲ့အညီ သဂြိုဟ်ခွင့်ပေးမယ်လို့ ရန်ကုန်ဆေးရုံကြီးက တာဝန်ရှိသူတွေက ၅ ရက်နေ့မှာ ပြောခဲ့တယ်။၆ ရက်နေ့ အလောင်းထုတ်ဖို့သွားတော့ တိုင်းမှူး ကိုယ်တိုင် ရုပ်အလောင်းတွေကို မီးရှို့ပစ်ဖို့ ညွန်ကြားထားလို့ အစ္စလာမ်ဘာသာရေး ထုံးထမ်းစဥ်လာနဲ့အညီသင်္ဂြိုဟ်ခွင့်မပေးနိုင်ဘူးလို့ ပြန်ပြောတယ်။ အလောင်းတွေကလည်း ဆေးရုံမှာရှိမနေတော့ဘူး”ဟု ရိုနေဆန်းလွင်က ပြောသည်။
အစ္စလာမ်ဘာသာဝင်များ၏ ရုပ်အလောင်းများအား ဘာသာရေးနှင့်ဆန့်ကျင်ပြီး မီးရှို့ အလောင်းဖျောက်လိုက်သည်မှာ အာဏာသိမ်းစစ်ကောင်စီက ဘာသာရေးထုံးထမ်းစဥ်လာများကို တိုက်ရိုက်စော်ကားခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းများပေါ်တွင် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ရှိနေခြင်းကြောင့် သက်သေအထောက်အထားများ အားလုံးကိုဖျောက်သည့်အနေဖြင့် မီးရှို့ပစ်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။
စစ်အာဏာ မသိမ်းမီ ယခင် အရပ်သားအစိုးရလက်ထက်က ရိုဟင်ဂျာများ ဖမ်းဆီးခံရပါက ၎င်းတို့၏ နေရပ်သို့ပြန်လည်ပို့ဆောင်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့် ရိုဟင်ဂျာလူမျိုးများကိုမူ စစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်မှ ၊ ငါးနှစ်အထိ ချမှတ်ခြင်းများအပြင် လက်ရှိတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကိုပါ ပြုလုပ်နေသည်ဟု အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။