စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက ဧရာဝတီမြစ်ဘေးကျေးရွာများအား ဒီဇင်ဘာ ၇ ရက်မှ စတင်၍ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်များမှာ ဧရာဝတီမြစ်အတွင်းမှတဆင့် စက်လှေ၊ မော်တော်များဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့် မြစ်ဘေးရှိကျေးရွာ ၂၀ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကာ မတ္တရာ မြို့နယ်အတွင်းက ဒေသခံ ၁၉ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းထိုးလာသည့် တပ်များမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မန္တလေးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၉၅ နှင့် နန်းတွင်းအခြေစိုက်တပ်များ ဖြစ်ပြီး ဒေသခံပျူစောထီး အဖွဲ့များဖြင့် ပေါင်းကာ အင်အား ၁၆၀ ကျော်ဖြင့် တရွာဝင်တရွာထွက် စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ် (PDF) အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “မနေ့က နေ့လယ်ပိုင်းကစပြီး ဧရာဝတီမြစ်ထဲကနေ စက်လှေတွေ၊ မော်တော်တွေနဲ့ မြစ်ရိုးကျေးရွာတွေကို ဝင်စီးပြီး လုယက်တာတွေ လုပ်ခဲ့ကြတာ။ ဒီနေ့ မနက်ပိုင်းမှာလည်း ရွာစဉ်ဆက်ပြီး လက်နက်ကြီးတွေနဲ့ထုပြီး ဝင်စီးတာတွေ လုပ်တယ်။ နောက်ပြီး အဖမ်းခံရတဲ့သူတွေကလည်း ဘာမှ အပြစ်ရှိတဲ့သူတွေ မဟုတ်ဘူး။ အချို့ဆိုရင် နွားကျောင်းနေရင်းနဲ့ကို အဖမ်းခံလိုက်ရတာ။ လူသားဒိုင်းအဖြစ် အသုံးချဖို့ ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားတာမျိုးပေါ့။ သူတို့ သွားတဲ့လမ်းကြောင်း အတိုင်း လမ်းပြခိုင်းတယ်လို့ သိရတယ်” ဟု ရှင်းပြသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသမီးများလည်း ပါဝင်နေပြီး အများစုမှာ အမျိုးသား လူငယ်၊ လူလတ်ပိုင်း အရွယ်များ ဖြစ်ကာ ဖမ်းဆီးခံရသူများ၏ အသေးစိတ် အချက်အလက်များအား စုံစမ်းအတည်ပြုနေဆဲ ဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ စစ်ကိုင်းမြို့နယ်အတွင်းမှ အုန်းသဇင်၊ မြေတိုင်း၊ ကသဲတာ၊ ချောင်းမကြီး၊ မဲဇလီကျောင်း၊ ထုံးဘို၊ ထိပ်ဆူကုန်းကျေးရွာများနှင့် မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်အတွင်းမှ ဒင်္ဂါးကျွန်း၊ ဒေါင်းကျွန်း၊ အိုင့်ဒိုင်း၊ သုံးဆယ်ပေး၊ ရောက်မဆုပ်၊ ရွှေခဲပြန်၊ ဆုပေါင်းကျွန်း၊ ရွှေဘိုးကြီး၊ ရွာ သာအေး၊ ရေလည်ကျွန်း၊ ချောင်းဦး၊ သဖန့်ဒေါင့်၊ အေးကျွန်းကျေးရွာများ ဖြစ်ပြီး မတ္တရာမြို့နယ် ဒင်္ဂါးကျွန်း၊ ဒေါင်းကျွန်း၊ ဆုပေါင်းကျွန်းကျေးရွာများမှ ဒေသခံ ၁၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါင်းကျွန်းဒေသခံတဦးက “ရွာတွေ တော်တော်များများက ရွာလုံးကျွတ်နီးပါး ပြေးကြရတာဆိုတော့ အနည်းဆုံး သောင်း ဂဏန်းလောက် ရှိမယ်။ စစ်ကြောင်းက ရွာစဉ်ဆက်တိုက် ဝင်ပြီးတော့ ရွာသားတွေကို ဖမ်းနေတာကြောင့် ကြောက်ပြီး ပြေး ကြရတာ။ ရေကြောင်းကနေ မော်တော်တွေ၊ စက်လှေတွေနဲ့ ဝင်တာဆိုတော့ အချို့ ရေလယ်က ကျွန်းရွာတွေဆိုရင် ပြေးချိန်မရဘဲ ပိတ်မိနေတာမျိုးတွေလည်း ရှိတယ်။ အဓိကတော့ စစ်ကြောင်းနဲ့ လွတ်မယ့် ဘေးလွတ်ရာကို ပြေးကြရတာ ပေါ့” ဟု ပြောသည်။
ထွက်ပြေးနေရသည့် ဒေသခံအများစုမှာ ဧရာဝတီမြစ်အတွင်းက ကျွန်းများ၊ သောင်များပေါ်၌ ယာယီခိုလှုံနေကြသလို နီးစပ်ရာကျေးရွာများနှင့် ဘေးလွတ်ရာနေရာများသို့ သွားရောက် ခိုလှုံနေကြရကြောင်း သိရသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက “စစ်ကြောင်းဝင်လို့ ပြေးရတာဆိုတော့ စားစရာရယ်လို့ ပြည့်ပြည့်စုံစုံ ပါမလာဘူးပေါ့။ နေရတာကလည်း သောင်ခုံတွေမှာဆိုရင် ဒီအတိုင်း ဖြစ်သလို နေရတာ။ ယာယီခိုလှုံလို့ရတဲ့ နေရာမှာ တော့ အမိုးအကာနဲ့မို့ တော်သေးတယ်။ လောလောဆယ်မှာတော့ အရေးပေါ် လိုအပ်တာတော့ မရှိသေးပေမယ့် ရက်ကြာ လာရင်တော့ လိုအပ်ချက်တွေ ရှိလာမှာ” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးခဲ့ခြင်းကြောင့် မြစ်ရိုးကျေးရွာများ ဖြစ်သည့် မာရဘင်၊ ပင်းယျ၊ တောပု၊ ရွာတော်၊ ရှင်လှ၊ အေးကျွန်း၊ မိုးကြိုး၊ ဟင်္သာ၊ ရွာသစ်၊ ရေလည်ကျွန်း၊ စိန်ပန်းကုန်း၊ ပို၀ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ သည်။