KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) လွတ်ရှမ်းကျေးရွာတွင် ခြေကုပ်တပ်စွဲနေရာယူထားသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့စခန်းအား KNU အနေဖြင့် နောက်တစ်ကြိမ်ထပ်မံလာရောက်ပစ်ခတ်မှု လုပ်ဆောင်ပါက ကျေးရွာကို ပြာကျသည့်အထိ မီးရှို့ပစ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၇ နေ့တွင် ၎င်းစစ်ကောင်စီစခန်းမှ စစ်ကြောင်းမှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်သည် ကျေးရွာတာဝန်ရှိသူများနှင့် စစ်ရှောင်ဒေသခံအချို့ကို လွတ်ရှမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခေါ်ယူတွေ့ဆုံစဉ် ထိုသို့ ခြိမ်းခြောက်ပြောဆို သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ ကျေးရွာအသီးသီးက လူကြီးတွေ ရွာသားတွေကို သူတို့ဘုန်းကြီးကျောင်းမှာ ခေါ်တွေ့တယ်။ ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲ လာပြီးဆွေးနွေးလို့ရတယ်။ သူတို့ဖြစ်ချင်တာ လုပ်ပေးမယ်ဆိုပြီး စည်းရုံးရေးအသွင်နဲ့ စစ်ကြောင်းမှူးက ပြောတယ်။ ပြီးတော့ KNU တွေ နောက်တစ်ခါစခန်းကို လာပစ်ရင် ရွာကိုပြာချပစ်မယ်လို့ ပြောတယ်။ အားလုံးက စစ်ဘေးရှောင်နေကြရတော့ ကြောက်တာပေါ့နော်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့တွေ့ဆုံမှုတွင် ထီထော်ကော်၊ မိုက်ကလုံး(ရက်ဖော)၊ ဖာယာ၊ လွမ်ရှမ်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် စစ်ရှောင်ဒေသခံ ၅ဝ နီးပါးသွားရောက်တွေ့ဆုံခဲ့ပြီး တက်ရောက်လာသည့် ဒေသခံများအားလုံးကို စစ်ကောင်စီတပ်က ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူထားခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လွတ်ရှမ်းကျေးရွာ တပ်စခန်းရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ ၆၂၊ ၃၂ ၊ နယ်ခြားစောင့်တပ် -BGF အမှတ် ၁ဝ၂၁ တပ်ရင်းပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသို့ သံဖြူဇရပ်စစ်ကောင်စီတပ်မှ ၁၂ဝမမ အမြောက်လက်နက်ကြီးဖြင့် ကျေးရွာထဲကို လှမ်းပစ်ခတ်ခဲ့သလို စစ်သုံးရဟတ်ယာဉ်ဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူနေအိမ်များနှင့် ဥယျာဉ်ခြံများ ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံ ၂,ဝဝဝ နီးပါးလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ရွာသားများက ပြောသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် လွတ်ရှမ်းကျေးရွာ လယ်ကွင်းပြင်တွင် ရွာသားများ ရိပ်သိမ်းထားသည့် စပါးများကို စစ်ကောင်စီတပ်မှ သွားရောက်သယ်ယူခွင့် မပြုတော့သည့်အတွက် စပါးတင်းရာချီ ချန်ထားခဲ့ရပြီး တိုက်ပွဲကြောင့် လူနေအိမ်နှင့် ကွမ်း၊ ရာဘာ၊ ဥယျာဉ်ခြံအများအပြားလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီမှ ၎င်းတို့တပ်စွဲထားသည့် စခန်းဝင်းအပြင် ကျေးရွာအတွင်းလူနေအိမ်များတွင်လည်း ဝင်ရောက်တပ်စွဲနေရာယူထားသည့်အတွက် စစ်ရှောင်နေရသည့် ရွာသားများမှာ ယခုအချိန်ထိ ၎င်းတို့နေအိမ်များတွင် ပြန်လည်နေထိုင်၍မရဲကြသေးဘဲ စားဝတ်နေရေးအတွက် အခက်အခဲများစွာဖြင့် ဖြေရှင်းစားသောက်နေကြရသည်ဟု စစ်ရှောင်ရွာသားများထံမှ သိရသည်။
လွတ်ရှမ်းကျေးရွာသည် KNU ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုနယ်မြေတွင်တည်ရှိပြီး ယခုစစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့ ခြေကုပ်တပ်စွဲနေထိုင်သည့် တပ်စခန်းမှာ ယခင်က KNLA တပ်ရင်း ၁၆ ၏ ကျေးရွာနယ်မြေလုံခြုံရေး စခန်းဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ငြိမ်းချမ်းရေး အကြောင်းပြချက်ဖြင့် စစ်တပ်မှ ဝင်ရောက်တပ်စွဲနေထိုင်လာခဲ့ခြင်းဖြစ်သည်ဟု KNLA တာဝန်ရှိသူများက ပြောသည်။
Source – BNI