ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်ရင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများဆုံးရှုံးကာ အနာဂတ်မရေမရာဖြစ်နေသည့် ရိုဟင်ဂျာများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် မြေယာများ ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းယူခံလိုက်ရခြင်းပင်ဖြစ်သည်။
ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို အပြီးအပိုင်သိမ်းယူရန် အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် စက်တင်ဘာလနှင့် ယခုလ အောက်တိုဘာလဆန်းတွင် လျှို့ဝှက်ညွှန်ကြားထားသည့် စာများကို Myanmar Now က လက်ခံရရှိထားသည်။
မောင်တောမြို့နယ်အတွင်း အင်းဒင်၊ မြင်းလွတ်၊ မြို့သူကြီး၊ ဇင်ပိုင်ညာ၊ အောင်စစ်ပြင် ကျေးရွာအုပ်စုနှင့် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများပိုင်မြေ ၇၁၈ ဒဿမ ၈၇ ဧကကို တပ်ပိုင်မြေအဖြစ် သိမ်းယူရန် စစ်ကောင်စီက ညွှန်ကြားထားခြင်း ဖြစ်သည်။
Source – Myanmar Now