ကလေးငယ် ၇ ယောက်အပါအဝင် လူပေါင်း ၁၃ ယောက်သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်းဖြစ်စဉ်အပြီး တစ်လ အကြာမှာပဲ နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုကို စစ်ကောင်စီတပ်တွေ ထပ်မံကျူးလွန်ခဲ့ပြန်ပါတယ်။ အောက် တိုဘာ ၂၃ ရက် ညပိုင်းက ဖားကန့်မြို့နယ်၊ အနန့်ပါမှာ ကျင်းပတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည် ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်အကြို တေးဂီတပွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ အဲဒီဖြစ်စဉ်အတွင်း KIA တပ်ဖွဲ့က စစ်ဘက်အရာရှိနဲ့ စစ်သည်တချို့အပါအဝင် အနုပညာရှင်တွေ၊ လုပ်ငန်း ရှင်တွေနဲ့ အရပ်သားတွေ စုစုပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ လက်ယက်ကုန်းကျေးရွာက ကျောင်းသား ၂၀၀ ကျော်တက်ရောက်နေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းအတွင်းကို ရုရှားလုပ် Mi-35 စစ်ရဟတ်ယာဉ် ၂ စင်းနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ထားခဲ့တာပါ။ ပြည်တွင်းမီဒီယာတွေ နဲ့ နိုင်ငံတကာမီဒီယာတွေမှာ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စစ်တပ်ရဟတ်ယာဉ်က ပစ်ခတ်လို့ ကလေးငယ်တွေ သေဆုံးခဲ့ရကြောင်း အချက်အလက် ခိုင်မာစွာနဲ့ ရေးသားဖော်ပြခဲ့ချိန်မှာ စစ်ကောင်စီ အာဘော် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့ လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ လက်ယက်ကုန်း ကျေးရွာထဲမှာ KIA နဲ့ PDF တွေ အဝင်အထွက်ရှိနေတယ်ဆိုတဲ့သတင်းကြောင့် စစ်တပ်က ဝင်ရောက်ရှင်းလင်းချိန်မှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး KIA နဲ့ PDF တွေက ရွာသူရွာသားတွေကို လူသားဒိုင်းအဖြစ် ဘုန်းကြီးကျောင်းထဲကို ခေါ်ဆောင်သွားခဲ့ တာလို့ဆိုပါတယ်။ အခု အနန့်ပါ ဖြစ်စဉ်မှာလည်း စစ်ကောင်စီဘက်ကတော့ ဖားကန့်နယ်မြေထဲမှာ လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဥ်းအတိုင်း ဆောင်ရွက်ခဲ့တာလို့ဆိုထားပါတယ်။ စစ်ဆင်ရေးဆောင်ရွက်မှုအတွင်း KIA က တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူး ဇယ်တောင်၊ တိုက်နယ်မှူး ဒူကဘာလအောင်၊ သယံဇာတတိုင်းတာရေး တာဝန်ခံ ဖေရန် တို့အပါအဝင် KIA နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင်တွေသာ သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒါကိုကြည့် မယ်ဆိုရင် စစ်ကောင်စီက သူတို့ရန်သူ့နယ်မြေ အဖြစ်သတ်မှတ်ထားတဲ့ ဘယ်နေရာမဆို စစ်ဖက်အရပ်ဖက် ခွဲခြားမှုမရှိဘဲ လုပ်ဆောင်သွားမယ့် သဘောရှိနေပါတယ်။ ဒါဟာ ကော့ကရိတ်တိုက်ပွဲအပြီး ရက်ပိုင်းမှာပဲ စစ်ကောင်စီဘက်က လက်တုံ့ပြန်လာတဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ တကယ်တော့ စစ်ကောင်စီအတွက် အရပ်သားတိုက်ခိုက်မှုတွေဆိုတာ လက်ယဉ်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်တော်လှန်သူတွေကို စစ်တပ်က ဖိနှိပ်ခဲ့ရာမှာ အပြစ်မဲ့အရပ်သား ၇၀၀၀ ကျော်သေဆုံးထားခဲ့ရတာက သက်သေပါပဲ။ ဒါ့အပြင် နှစ်ပေါင်း ၇၀ကျော် ပြည်တွင်းစစ်ကို ပြန်ကြည့်မယ်ဆိုရင် လည်း မြန်မာစစ်တပ်ဟာ သူတို့အရိုးစွဲနေတဲ့ အရပ်သား တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်လုပ်ထားခဲ့တာ တွေ့ရမှာ ပါ။ ဒါကြောင့် စစ်ကောင်စီအတွက်တော့ အရပ်သား တိုက်ခိုက်မှုဆိုတာ အသစ်အဆန်းဖြစ်ပုံမရပါဘူး။ အခု အနန့်ပါ ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီက သူတို့ရဲ့လုပ်ရပ်ကို စစ်ရေးအရ ဆောင်ရွက်မှုသဘောမျိုးသာ ထုတ်ပြန်ထားခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။
တကယ်တော့ အနုပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ အရပ်သားတွေ ပါဝင်ဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်အကြို တေးဂီတပွဲကို စစ်ကောင်စီက လူအစုလိုက် အပြုံလိုက်သေစေဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ KIO ဘက်ကဆိုထားပါတယ်။ အနန့်ပါ အရပ်ဟာ စစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့သလို KIA တပ်မဟာ ၉ အခြေပြုစစ်ရေးလှုပ်ရှားရာ နေရာမဟုတ်ဘဲ ခရီးသွားတွေ ခေတ္တအနားယူကြတဲ့ စျေးဆိုင်တန်း စခန်းငယ်နေရာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ စစ်ကောင်စီအနေနဲ့ ဒါကိုသိထားပေမယ့် လူအစုလိုက်အပြုံလိုက်သေစေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို အရပ်သားပြည်သူတွေနဲ့ KIO အမှုထမ်းတွေ မြောက်များစွာထိခိုက်သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲ ရပြီး အာဏာရှင် စစ်ကောင်စီကို တွန်းလှန်တော်လှန်တဲ့ တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမယ်လို့ KIO ကဆိုထားပါတယ်။ ဒါ့အပြင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကလည်း မကြာခင်မှာ နိုင်ငံရေးနဲ့ စစ်ရေး အရှိန် အရွေ့တစ်ခုကို အဆင့်မြှင့်ပြီး ဆောင်ရွက်တော့မယ်လို့ KIO အထိမ်းအမှတ်နေ့ မိန်းခွန်းမှာဖော်ပြထားတာ တွေ့ရပါတယ်။ နိုင်ငံရဲ့အချုပ်အခြာ အာဏာအရပ်ရပ်ကို စစ်တပ်ကသာ ထာဝရ ဗိုလ်ကျ စိုးမိုးရေးဆိုတဲ့မူကို အပြီးတိုင် ချုပ်ငြိမ်းသွားရေး တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ အားလုံးနဲ့ ပူးပေါင်းလက်တွဲပြီး ချေမှုန်းသွားတော့ မှာဖြစ်လို့ ပြည်သူတွေအားလုံးလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ကူကြဖို့ လိုအပ်တယ်လို့ဆိုခဲ့ပါတယ်။ စစ်ကောင်စီ ရဲ့အနန့်ပါ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KNU အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို စည်းစည်းလုံးလုံးနဲ့လုပ်ဆောင်ဖို့ အချိန်ရောက်ပြီလို့ ဆိုခဲ့ကြပါတယ်။ စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေကို ဦးတည် တိုက်ခိုက်မှုတွေကို နေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး ညအချိန် လေကြောင်းနဲ့ အလစ်အငိုက်တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို အဓိကပြုလုပ်နေတာကြောင့် စစ်ရာဇဝတ်မှုကျူးလွန်တာနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေကို အထင်အရှားတွေ့မြင်နေရတယ်လို့ ဆိုခဲ့ကြပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက အထူးသတိထားစောင့်ကြည့်ပြီး အရေးယူဆောင်ရွက်သင့်တာတွေကို အမြန်ဆုံးတောင်ရွက်ပေးဖို့နဲ့ တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီ ကို အထူးသတိထားရမယ့် အချိန်ဖြစ်တာနဲ့အညီ လုပ်သင့်လုပ်ထိုက်တာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင် ရမယ့်အချိန်ကာလဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့က ပူးတွဲထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း “ဖားကန့်အဖြစ်အပျက်ဟာ စစ်တပ်ရဲ့ ဖက်ဆစ်ဝါဒကို အမြစ်ပြတ် ချေမှုန်းဖို့ တိုက်ပွဲခေါ်သံဖြစ်ပြီး နောက်ထပ်အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ နောက်ထပ် သူရဲကောင်းတွေ ဘယ်လောက် ထပ်ပြီး သေပေးရဦးမလဲ”လို့ သူ့ရဲ့ Twitter စာမျက်နှာမှာရေးသားခဲ့ပါတယ်။ KIO ခေါင်းဆောင် တစ်ယောက်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ် နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမယ်ဆိုပြီး အကြမ်းဖက်မင်းအောင်လှိုင်ထံပေးစာဆိုကာ စာတစ်စောင်ရေးသားခဲ့တာ တွေ့ရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း အနန့်ပါဖြစ်စဉ်မှာ သေဆုံးသွားသူတွေအတွက် KIO နဲ့ထပ်တူ ဝမ်းနည်းကြောင်းဆိုခဲ့ပြီး တိုင်းရင်းသားပြည်သူတွေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရ ပ်တွေကို ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာရှင် အမြစ်ဖြတ်ရေးမှာ ပိုမိုပါဝင် တိုက်ပွဲဝင်ကြဖို့ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ နိုင်ငံအလုံးစုံပျက်သုန်းရေးကို ဦးတည်နေ တဲ့လုပ်ရပ်ဖြစ်ပြီး အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ဆိုခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ အနန့်ပါ တိုက်ခိုက်မှုကိုစတင်လိုက်တာဟာ တစ်နည်းအားဖြင့် ပွင့်လင်းရာသီအရောက်မှာ စစ်ရေးအရှိန်မြှင့်တော့မယ့် သတိပေးချက်လည်းဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့်တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်ကောင်စီရဲ့ အယောင်ပြ ဝါဒဖြန့်သတင်းတွေကို မယုံမိဖို့လည်းလိုနေပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီ က ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာသတင်းတွေအပြင် ဘာသာရေးနဲ့ စီးပွားရေးဆိုင်ရာသတင်းတွေကို လက်အောက်ခံသတင်းဌာနတွေကတစ်ဆင့် အမျိုးမျိုးပုံဖော်ပြီး စစ်ကိုမလိုလားဟန်ပြနေတာပါ။ ဒါပေမယ့် ကျန်တစ်ဖက်မှာတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပြန်လည်ရယူဖို့ ချဉ်းကပ်မှု တွေကိုလုပ်နေတာဖြစ်ပါတယ်။ အထူးသဖြင့် ပွင့်လင်းရာသီရောက်လာပြီဖြစ်လို့ စစ်ကောင်စီအနေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုမိုလုပ်လာနိုင်တာကိုသတိပြုသင့်ပါတယ်။ အီးယူက မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ထားပေမယ့် ရုရှား၊ အိန္ဒိယ၊ ဘီလာရုစ်နဲ့ အစ္စရေးတို့လို နိုင်ငံတွေက စစ်ကောင်စီကို စစ်လက် နက်ပစ္စည်းတွေ ဒိုင်ခံရောင်းချပေးနေတာကြောင့် စစ်ကောင်စီရဲ့ လက်နက်အင်အားပိုင်းကို မေ့ထားလို့မရပါဘူး။ ဒါ့အပြင် လေယာဉ်ဆီပြဿနာကိုလည်း ရုရှားဆီကနေ အကူအညီတွေ ရထားနိုင်တာကိုထည့်တွက်ရပါမယ်။ အဲဒါကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် ပုခုံးထမ်းလောင်ချာတွေဟာ အဓိကကျလာပြီလို့လည်းဆိုရပါ မယ်။ လတ်တလောမှာ နိုင်ငံတကာရဲ့အကူအညီတွေရဖို့ကတော့ မျှော်တလင့်လင့် အနေအထားလို့ပဲဆိုရဦးမှာပါ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ)ရဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဥ်မှာ မြန်မာ ပြည်သူတွေရဲ့အသက်တွေကို ကယ်တင်ပေးနိုင်ရေးအတွက် မြန်မာစစ်တပ်ကို လက်နက်တွေ တင်ပို့ရောင်းချ နေတဲ့ နိုင်ငံတွေအနေနဲ့ တင်ပို့ရောင်းချမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။ ဒါ့အပြင် အနန့်ပါ တိုက်ခိုက်မှုဟာ ကချင်လူမျိုးစုအပေါ် စစ်တပ်က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်းလည်း ကုလကို တင်ပြခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာ စစ်ကောင်စီရဲ့ကျူးလွန်မှုတွေဟာ ကမ်းကုန်နေပြီဖြစ်ပေမယ့် ကုလရဲ့အရေးယူမှုတွေကတော့ ပန်းနဲ့ပေါက်တဲ့ အဆင့်မှာသာရှိနေသေးတာပါ။ အဲဒါကြောင့် အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ပွဲဟာ တော်လှန်ရေးအင်အားစု တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စုစည်းမှုအားနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာသာ မူတည် နေပြီဖြစ်ပါတော့တယ်။
Source – Mizzima