Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးကြရတဲ့ KIO နှစ်ပတ်လည် အထိမ်းအမှတ်ည

October 27, 2022
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ၆၂ မြောက် အထိမ်းအမှတ် ကျင်းပချိန် ရာချီရှိတဲ့လူတွေဟာ သီချင်းတွေနဲ့ပျော်ရွှင်နေချိန်မှာပဲ စစ်ကောင်စီရဲ့ စစ်လေယာဉ်တွေကနေ ပစ်ခတ်လိုက်တဲ့ ဗုံးတွေက လူစုလူဝေးထဲကို ကျ‌ရောက်ခဲ့ပါတယ်။

ပွဲကျင်းပနေတဲ့ နေရာက ဖားကန့်မြို့နယ် အနန့်ပါအရပ်ဖြစ်ပြီး လေကြောင်းနဲ့ ပစ်ခတ်ခံရတဲ့အချိန်ကတော့ အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်ပါ။

ဘီဘီစီကနေ ရရှိလိုက်တဲ့ ဓာတ်ပုံတွေထဲမှာ ခန္ဓာကိုယ် ပြတ်တောက်နေတဲ့ ရုပ်အလောင်းတွေ၊ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ တန်းစီထားတဲ့ ရုပ်အလောင်းတွေကို တွေ့ရပြီး ဗီဒီယိုဖိုင်တွေထဲမှာတော့ ပျက်စီးနေတဲ့ ဆိုင်ခန်းတွေ၊ နားနေဆောင်တွေကို တွေ့မြင်ရပါတယ်။

သေဆုံးသူ ရာဂဏန်းဝန်းကျင်ရှိတယ်ဆိုတဲ့ သတင်းတွေ မီဒီယာတချို့မှာ ဖော်ပြမှုတွေကိုလည်း တွေ့ရပါတယ်။

ကေအိုင်အိုဘက်ကတော့ ဒီတိုက်ခိုက်မှုမှာ သေဆုံးသူ ၆၂ ဦး ရှိပြီး ဒဏ်ရာရသူလည်း ၆၂ ဦး ရှိတယ်လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ KIA တပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါး၊ ကချင်အနုပညာရှင်တွေနဲ့ အရပ်သား ၂၀ ကျော် ပါဝင်တယ်လို့လည်း ပြောပါတယ်။

ကေအိုင်အိုက အကြီးတန်းအရာရှိတွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်သားတွေ နဲ့ အနုပညာရှင်တွေပါ သေဆုံးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီသေဆုံးသူတွေထဲ ဖျော်ဖြေရေး‌လုပ်နေတဲ့ ကချင်အနုပညာရှင်အသင်းက ကချင်နာမည်ကြီးအဆိုတော် အော်ရာလီအပါအဝင် သုံးဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိထားတယ်လို့ အသင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“အော်ရာလီက သီချင်းဆိုနေတဲ့အချိန်မှာ လေကြောင်းကနေ ပစ်ချလိုက်တာ၊ အော်ရာလီလည်း နေရာမှာတင်ဆုံးတယ်။ ကီးဘုတ်တီးနေတဲ့တစ်ယောက်ဆို ခန္ဓာကိုယ်တွေ ပြတ်တောက်သွားတယ်။ တချို့ဆို တစစီ ဖြစ်သွားတဲ့သူတွေ ရှိတယ်။”

လေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အသံတွေဟာ ဖားကန့်မြို့တွင်သာမက လုံးခင်းဒေသမှာရှိနေတဲ့ ဒေသခံတွေကပါ ကြားလိုက်ရတာပါ။

“လေယာဉ်သံကြားပြီး လျှပ်စီးလက်သလို မီးအရောင်မြင်လိုက်တယ်။ ပြီးတော့ မိုးခြိမ်းသလို အုံးကနဲ အသံ နှစ်ချက်ကြားလိုက်ရတယ်။ နောက်မှ အခုလိုဖြစ်တယ်ဆိုတော့ ကျွန်မတို့ ဒေသခံတွေ ပိုပြီး ကြောက်လန့်နေကြရတယ်။ ဒါကြီးက တော်တော်ရုပ်ဆိုးတယ်၊ အထိမ်းအမှတ်ပွဲကို လာပစ်တာ မိုက်ရိုင်းတယ်။ လူမဆန်ဘူးလို့ပဲ တွေးတယ်”လို့ လုံးခင်းဒေသက အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ ဒဏ်ရာရသူတွေကို ကုသရေးလည်း အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။

ကေအိုင်အေ တပ်မဟာ ၉ နယ်မြေကနေ ဖားကန့်မြို့ပေါ်ကို သွားမယ့်လမ်း‌ပေါ်မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ကံဆီးကြိုးတံတားဂိတ်ကနေ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရသူတွေကို သယ်ယူခွင့်မပေးဘဲ ဖြတ်သန်းခွင့်ပိတ်ထားတယ်လို့ ကချင်အရပ်ဖက်အသိုင်းအဝိုင်းက ပြောကြပါတယ်။

နောက်ရက်မှာ အလောင်းတွေကို သယ်ယူခွင့်ရဖို့၊ ဒဏ်ရာရသူတွေကို ဆေးရုံပို့ခွင့်ရဖို့ မိသားစုဝင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ကြိုးစားခဲ့ကြတာပါ။

“ခြေပြတ်၊ လက်ပြတ်နဲ့ သွေးထွက်လွန်နေတာတွေရှိတယ် ကြားတယ်။ အရေးပေါ်လိုအပ်သလို သွေးလည်းလိုကြမှာ။ ဘာလို့အဝင်မခံတာလဲဆိုတာ မသိကြဘူး”လို့ လူမှုကူညီရေး အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၅ ရက်အထိလည်း ဒဏ်ရာရလူနာတွေကို ဆေးရုံပို့ခွင့် မရသေးတာကြောင့် သွေးထွက်လွန်ပြီး သေဆုံးတဲ့သူတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘယ်နှယောက်သေဆုံးတယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်ကြသေးပါဘူး။

သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တစ်ချို့က အလောင်းပြန်ရနိုင်ဖို့ ကြိုးစားနေပေမဲ့ အလောင်းပြန်ရသူက အင်မတန်နည်းပါတယ်။ အလောင်းပြန်ရတဲ့မိသားစုဝင်တွေကလည်း အဲဒီအလောင်းကို ကံဆီးစစ်ဆေးရေးဂိတ်ကို ဖြတ်လို့မရနိုင်တာကြောင့် နီးစပ်ရာ ကျေးရွာတွေမှာ အလျင်အမြန် မြုပ်လိုက်ကြရတယ်လို့ ပြောပါတယ်။

“ပုံမှန်ဆိုရင် မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ သင်းအုပ်ဆရာတွေကို ဖိတ်ပြီး သေသေချာချာ သင်္ဂြိုဟ်ကြတာ။ ကိုယ့်မိသားစုဝင်ဆိုတော့ သေချာလေး သင်္ဂြိုဟ်ပေးချင်တာပေါ့။ ဒါပေမဲ့ အခုက မလွယ်ဘူး။”

“ဒီတော့ ရွာတစ်ရွာမှာ နေရာတစ်ခုကို မှတ်ပြီး မြေမြှုပ်ထားရတယ်။ အခြေအနေကောင်းမှ ကိုယ့်ရပ်ရွာကို ပြန်ခေါ်မယ်။ အခု မြှုပ်ထားတဲ့နေရာက သူ့နေရပ်မဟုတ်ဘူးလေ”လို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးသွားသူတွေထဲက တစ်ယောက်ရဲ့ မိသားစုဝင်က ပြောပြပါတယ်။

တချို့ သေဆုံးသူတွေဆိုရင် မိသားစုဝင်တွေ မသိကြတာကြောင့် ပိုင်ရှင်မပေါ်တာ၊ ဘယ်သူဘယ်ဝါဆိုတာကို မသိကြတာတွေလည်း ရှိပါတယ်။ ကေအိုင်အေကတော့ သေဆုံးသူတွေကို စုပေါင်းပြီး မြေမြှုပ်သင်္ဂြိုဟ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒီလို အခက်အခဲတွေ ရှိနေပေမဲ့ သတင်းအဆက်အသွယ်ရရှိဖို့ကလည်း ခက်ခဲနေပါတယ်။

ဖားကန့်မြို့ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်သလို လက်ရှိမှာလည်း ဖုန်းအဆက်သွယ်တွေ ရရှိဖို့ ခက်ခဲတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ အထိမ်းအမှတ်နေ့ကို သွားတဲ့ သားနှစ်ယောက်ကို အဆက်သွယ်မရတာကြောင့် စိုးရိမ်နေရတဲ့ မိခင်တစ်ယောက်က “ဖုန်းဆက်လို့လည်းမရဘူး။ ကလေးတွေကို စိတ်ပူနေရတာ မြော့နေပြီ”လို့ ပြောပါတယ်။

လေကြောင်းကနေ တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် လူတွေဆယ်ချီပြီး သေဆုံးသွားတဲ့သတင်း ကြားသိရသလို အဆင်ခြင်မဲ့တိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့အရပ်သားတွေ ထိခိုက်တာ၊ အတိဒုက္ခခံစားရတာတွေဟာ နိုင်ငံတဝန်းဖြစ်နေတယ်လို့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ထုတ်ပြန်လာပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဒီတိုက်ခိုက်မှုကြောင့် သေဆုံးရတာဟာ ကချင်လူမျိုးစုအပေါ် စစ်တပ်က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ၇၇ ကြိမ်မြောက် ကုသမဂ္ဂအထွေထွေညီလာခံ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ)ရဲ့ ဆွေးနွေးမှုအစီအစဉ်မှာ တင်ပြခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်တာဖြစ်တယ်လို့ အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီနေရာဟာ KIA ရဲ့ တပ်မဟာ ၉ ဌာနချုပ်နယ်မြေဖြစ်ပြီး ဖားကန့်နယ်မြေ၊ ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနဲ့ပတ်ဝန်းကျင်နေရာတွေကို ၉ ကြိမ် အလစ်အငိုက် ဝင်တိုက်တာအပါအဝင် စစ်ကောင်စီ တပ်စခန်းတွေ၊ ရဲစခန်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာကြောင့် တန်ပြန်ဆောင်ရွက်တာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ကေအိုင်အိုဘက်ကတော့ “ဒါက ကေအိုင်အေ တပ်စခန်းမဟုတ်ဘူး။ လမ်းခရီးတစ်ထောက် ဈေးဆိုင်တွေရောင်းတဲ့နေရာကို ကျွန်နော်တို့က ကေအိုင်အိုနှစ်ပတ်လည်အခမ်းအနား ကျင်းပတာပဲဖြစ်ပါတယ်။ ရောက်လာတဲ့သူအများစုက ပြည်သူလူထုပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် ရန်သူအချင်းချင်း တိုက်ခိုက်တာ မပြောလိုဘူး။ ဒါပေမဲ့ အခုလို ဗုံးကြဲတဲ့အထဲမှာ ပြည်သူလူထုမပါဘူးဆိုတာက လူထုကို လိမ်တာ၊ ညာတာပဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက လူအစုလိုက်အပြုံလိုက် သေစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အနန့်ပါအရပ်ကို တိုက်ခိုက်တာဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အရပ်သားပြည်သူတွေနဲ့ KIO အမှုထမ်းတွေ သေဆုံးတာကို ဝမ်းနည်းကြေကွဲ ထိတ်လန့်ရတယ်လို့လည်း KIO က ထုတ်ပြန်ပါတယ်။

အခုလို အထိမ်းအမှတ် နှစ်ပတ်လည်အခန်းအနားကို စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်တာကြောင့် လူအစုလိုက် သေဆုံးသွားတာကြောင့် KIA နဲ့ စစ်ကောင်စီတပ်တွေအကြား ပိုပြီးတိုက်ပွဲပြင်းထန်လာမလားဆိုတာကို ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA ၊ ရက္ခိုင့်တပ်တော် အေအေ နဲ့ တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ် TNLA တို့ကလည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက အထူးသတိထားစောင့်ကြည့်ပြီး အရေးယူဆောင်ရွက်သင့်တာတွေ အမြန်ဆုံးဆောင်ရွက်ဖို့တိုက်တွန်းပါတယ်။

တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီကို အထူးသတိထားရမယ့်အချိန်ဖြစ်တာကြောင့် လုပ်သင့်လုပ်ထိုက်တာတွေကို ပြတ်ပြတ်သားသား လုပ်ရမယ့်ကာလဖြစ်တယ်လို့ ဆိုပါတယ်။

မြေပြင်အခြေအနေမှာ ဖားကန့်မြို့နယ်က အခုလေကြောင်းထိုးတဲ့နေရာဝန်းကျင်တင်မက ဖားကန့်မြို့နယ်၊ လုံးခင်းဒေသတွေမှာပါ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်တွေ သွားလာ၊ စောင့်ကြည့်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဂျီနီဗာကွန်ဗန်းရှင်း ၄ ရပ်ကို အခြေခံတဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းတွေအတွက် ဆက်လက်ဆောင်ရွက်နေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း KIO ရဲ့ ဖိတ်ကြားတဲ့အပေါ် အလေးထားပြီးပါဝင်တက်ရောက်ရင်း အသက်ဆုံးရှုံး၊ ဒဏ်ရာရသွားတဲ့ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်သားပြည်သူတွေအတွက် စိတ်မကောင်းသလို ဒီဖြစ်ရပ်ကို တော်လှန်ရေးခွန်အားအဖြစ် အသုံးချပြီး စစ်ကောင်စီကို တော်လှန်တဲ့အရှိန်မြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

 

Source – BBC

Related Posts

စစ်ကောင်စီက ရည်ညွှန်းဈေး မြှင့်လိုက်ပြီးနောက် စက်သုံးဆီဈေး ခုန်တက်
သတင်း

စစ်ကောင်စီက ရည်ညွှန်းဈေး မြှင့်လိုက်ပြီးနောက် စက်သုံးဆီဈေး ခုန်တက်

December 7, 2023

စက်သုံးဆီဖြန့်ဖြူးရေးနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်က ရည်ညွှန်းလက်လီနှင့် လက်ကားဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက်...

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)
သတင်း

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)

December 4, 2023

အမျိုးသားညီညွတ်ရေးအစိုးရ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာ၊ ရွာအလယ်ကို အကြမ်းဖက်စစ်တပ်က...

သတင်း

ရခိုင်တောင်ပိုင်းတွင် ၃ ရက်အတွင်း လူ ၅၀ ကျော် အဖမ်းခံရ

December 2, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist