အာဏာပိုင်က အလိုရှိလျှင် ဘယ်အရာမှ နောက်မတွန့်သူ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူ ဦးခင်ရီက စစ်ကောင်စီ ထောက်တိုင်ပါတီတွင် ဥက္ကဋ္ဌရာထူး ရလျှင်ရချင်း ဘီလူးဆိုင်းတီး၍ ထွက်လာသည်။
ကြံ့ခိုင်ရေးပါတီဟု လူသိများသည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က သူ့ကို ခေါင်းဆောင်အဖြစ် အတည်ပြုပေးလိုက်သည့် နှစ်ရက်တာ နေပြည်တော် ညီလာခံအပြီး အောက်တိုဘာ ၅ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယခုလို ကြုံးဝါးသည်။
“ကျွန်တော်တို့ လက်ထဲမှာ လက်နက်မရှိဘူး မှန်တယ်။ လက်နက်ရှိမှ တုံ့ပြန်လို့ရတာ မဟုတ်ဘူး။ ဒါ မိမိကိစ္စဆိုတော့ ကျွန်တော် အသေးစိတ်တော့ မပြောတော့ဘူး။ ကျွန်တော်တို့မှာ စီမံချက်တွေရှိတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီကတည်းက စစ်ခေါင်းဆောင်ကို အာဏာသိမ်းရန် မြှောက်ပင့်ပေး၊ နှပ်ကြောင်းမျိုးစုံပေးခဲ့သည့် USDP ပါတီဝင်များမှာ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုအပြီး တစ်နှစ်ခွဲကျော်အတွင်း ပြည်သူ့အမျက်ဒဏ်ကို ကြီးစွာခံနေရသည်။
စစ်ကောင်စီက အာဏာကို မတရားရယူရုံမက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံမှုရေချိန် မြင့်သထက်မြင့်လာသည်၊ ကြံ့ခိုင်ရေးပါတီကလည်း စစ်တပ် ထောက်တိုင်အဖြစ် ဆက်လက် အသုံးတော်ခံသည်။ အာဏာသိမ်းပြီး ၇လအတွင်း အဖွဲ့ဝင်၂၀၀၀ ကျော်သေသည်ဟု ၂၀၂၁ စက်တင်ဘာတွင် ကြံ့ခိုင်ရေးက ထုတ်ပြန်ဖူးသည်။
စစ်တပ်က အာဏာသိမ်းပြန်၍ ဗရုတ်သုတ်ခဖြစ်သည့်ထဲတွင် ကြံ့ခိုင်ရေးလည်း အပါအဝင်ဖြစ်ပြီး ပါတီတွင်း အကွဲအပြဲများရှိလာချိန်တွင် ထိုစဉ်က ဥက္ကဋ္ဌ ဦးသန်းဌေးကို ပါတီပိုင်ငွေများ အလွဲသုံးသည်၊ စည်းမျဉ်းများ ချိုးဖောက်သည်ဆိုသော ဝေဖန်ချက်များ ကျယ်ပြန့်လာသည်။
စစ်တပ်သဖွယ် တစ်သွေး တစ်သံ တစ်မိန့်ပုံစံသာ အစဉ်တွေ့ရသည့် ကြံ့ခိုင်ရေးပါတီတွင် ခေါင်းဆောင်မှုအပေါ် နှုတ်လှန်ထိုး ကန့်ကွက်ရဲသည့် လုပ်ရပ်မှာ အံ့အားသင့်ဖွယ် ထွက်ပေါ်လာပြီးနောက် မရှေးမနှောင်းပင် ဦးသန်းဌေး ရာထူးမှ ဆင်းပေးရကာ ဦးခင်ရီ တက်လာသည်။
ဦးခင်ရီသည် အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်တွင် ရဲချုပ်ဟောင်းအဖြစ် တာဝန်ယူဖူးသူလည်း ဖြစ်သည်။ မဲလိမ်၊ မဲခိုးမှုများဖြင့် ကမ္ဘာကျော်ပြီး NLD ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ရေးအစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးအဖြစ် ဦးခင်ရီက တာဝန်ယူခဲ့သည်။
NLD အစိုးရလက်ထက် ၂၀၁၅-၂၀၂၁ (ဇန်နဝါရီ) အထိ ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌတစ်ဦးအဖြစ် ဇာတ်မြှုပ်နေခဲ့သူ ဦးခင်ရီမှာ ထိုကာလအတွင်း အစိုးရကို သိက္ခာချသည့် ဆန္ဒပြပွဲများ၊ တပ်ထောက်ခံပွဲများကို ဦးဆောင် စီစဉ်သည်ဟု အတွင်းသိ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းက ပေထက်အက္ခရာတင်ထားသည်။
ရေတပ်ဦးစီးချုပ်ဟောင်း၊ ဦးသိန်းစိန် အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူဖူးသော ဦးစိုးသိမ်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ်တွင် အာဏာမသိမ်းမီက ၁၁ ခု၊ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ တပ်ထောက်ခံပွဲ စုစုပေါင်း ၂၂ ပွဲကို ဦးခင်ရီ စီစဉ်သည်ဟု အသေးစိတ် ရေးသားထားသည်။
ထိုသို့ “ဇ” ရှိသည့် ဦးခင်ရီက ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်လာသလို ကြံ့ခိုင်ရေး ခေါင်းဆောင် အပြောင်းအလဲမလုပ်မီ နှစ်လခန့် အလိုတွင် စစ်ခေါင်းဆောင်က သူ့ကို ရာထူးမှ နှုတ်ထွက်စေ၍ ပါတီသို့ ပြန်ပို့ထားခြင်းဖြစ်သည်။
ယင်းသို့ အာဏာရှင်တို့ စေလိုရာစေ အရုပ်ကျရာ ဆေးစက်ထင်သူ ဦးခင်ရီက သူ၏ ကြံ့ခိုင်ရေးဥက္ကဋ္ဌ တာဝန်ဖြင့် ပထမဆုံး လူသိရှင်ကြား ပြောဆိုသည့် စကားများထဲတွင် စစ်ကောင်စီကို ဆန့်ကျင် သည့် အင်အားစုများ၏ ခြိမ်းခြောက် အန္တရာယ်ပြုမှုများကို ခေါင်းငုံ့ခံမည်မဟုတ်ဟု အတိအလင်း ထုတ်ပြောသည်။
နိုင်ငံရေးထွက်ပေါက် အလို့ငှာ စစ်အုပ်စု ခြေလှမ်းပြင်နေသည့် ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ပူးတွဲ အသက်သွင်းမည့် အကြောင်း ဦးခင်ရီက ခြေယောင်ပြသည်။ ပါတီဝင်များ သတ်ဖြတ်ခံနေရ သည့် အန္တရာယ်ကို ဂရုစိုက်နေမည်မဟုတ်ဘဲ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းမည်ဟုပင် သူက တစ်ပါတည်း အသိပေးသည်။
လက်မရွံ့ ပါးကွက်သား
စစ်အုပ်စု၏ လက်မရွံ့အာဏာ ပါးကွက်သားအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူ အသက် ၇၀ အရွယ် ဦးခင်ရီကို ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ကွင်းပေါက်ကြီးကျေးရွာတွင် မွေးသည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ်ကို ၁၉၇၁ ပညာသင်နှစ်တွင် ရောက်ခဲ့သည်၊ ဗိုလ်သင်တန်း အပတ်စဉ် ၁၇ တွင် တက်ရောက်ခဲ့ပြီး စစ်တပ်တွင် ဗိုလ်မှုးချုပ် ရာထူးအထိ ထမ်းသည်။
ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌ (၁) လေတပ် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မြတ်ဟိန်းမှာ ဦးခင်ရီနှင့်အတူ ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် ဗိုလ်သင်တန်း အပတ်စဉ် ၁၇ တွင် တက်ရောက်ဖူး သဖြင့် ကာလရှည် သူငယ်ချင်းနှစ်ဦးဟု ဆိုနိုင်သည်။
ဗိုလ်သင်တန်း အပတ်စဉ် ၁၇ကို လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း တက် ရောက်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် ငြင်းပယ်ခံရ၍ မင်းအောင်လှိုင်က ရန်ကုန် တက္ကသိုလ် ဥပဒေ ဌာနတွင် ကျောင်းသွားတက်ခဲ့ရသည်။ ထို့နောက် ဗိုလ်လောင်း အပတ်စဉ် ၁၉ တွင်မှ မင်းအောင်လှိုင်က စစ်တပ်ထဲရောက်လာရသည်။
၎င်းတို့ ၃ ဦး၏ ရန်ကုန် တက္ကသိုလ် ကာလနှင့် စစ်တက္ကသိုလ် ဝင်ခွင့် ဖြေဆိုချိန်များကို အသေးစိတ် မသိရသေးပေ။ သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ချွေးမ မမျိုးရတနာထိုက်မှာ ဦးခင်ရီ၏ မွေးစားသမီးဖြစ်သည်ဟု စစ်တပ်အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
ထိုသို့ ဆွေမျိုးမကင်းတော်စပ်မှု တစ်ခုတည်းကြောင့် မင်းအောင်လှိုင်က ဦးခင်ရီကို အရာပေးသည်ဟု ဆို၍ မရနိုင်ပါ။ စစ်အုပ်စု အလိုကျ မည်မျှ အသုံးတော်ခံဝံ့သည်ဆိုသော ဦးခင်ရီ၏ မှတ်တမ်း၊ မှတ်ရာများက ရှိနှင့်ပြီးဖြစ်သည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ် ၂၀၀၂ ခုနှစ်၊ ရဲချုပ်ဖြစ်ပြီး နောက်နှစ်နှစ် အကြာတွင် စစ်အုပ်စု ၏ ထောက်လှမ်းရေးယန္တရားကို မောင်းနှင်နေသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် နိုင်ငံအနှံ့ အဖွဲ့ဝင် အများ အပြားကို ဖယ်ရှားရန်၊ ဖမ်းဆီးရန် ကိစ္စ ပေါ်ပေါက်လာသည်။
ထိုကာလအတွင်း ရဲချုပ် ခင်ရီက မည်မျှ တက်ကြွစွာ၊ တာဝန်ကျေစွာ၊ သပ်ရပ်စွာ ဆောင်ရွက်နိုင်ခဲ့ သည်ကို Facebookမှ တစ်ဆင့် ပျံ့နှံ့လာသည့် ရုပ်သံဖိုင် တစ်ခုတွင် တွေ့ရသည်။ နေအိမ်အကျယ်ချုပ် ကျနေသည့် အထက်အရာရှိဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အလေးပြု၍ လာရင်းကိစ္စကို ဦးခင်ရီက တည်တည်ငြိမ်ငြိမ် သတင်းပို့သည်။
ထို့နောက် မည်သည့် ရုတ်ရင်းဆန်ခတ်မှုမှ မဖြစ်ပေါ်စေဘဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဇနီးကို နေအိမ်မှနေ၍ တစ်နေရာသို့ ဦးခင်ရီက ခေါ်ဆောင်သွားခဲ့သည်ကို ထိုရုပ်သံတွင်တွေ့ရသည်။
“အထက်အရာရှိတောင်မှ လုပ်ဖို့ ဝန်မလေးတဲ့ လက်မရွံ့တပ်သားတွေပဲပေါ့။ သူတို့ လက်မရွံ့အဖွဲ့ဟာ ဦးခင်ညွန့် (ကိစ္စပြီး) နောက်မှာ ပိုပြီး အားကောင်းလာတယ်။ သူက လက်မရွံ့လုပ်ခဲ့တယ်။ ကျန်တဲ့ ထောက်လှမ်းရေး အဖွဲ့တွေကိုလည်း အပေါ်က အလိုကျပဲ ဆောင်ရွက်ခဲ့တယ်။ ထောက်လှမ်းရေးကို အဓိက ကိုင်သွားတာပေါ့။ သူရယ် မြင့်ဆွေရယ် မြင့်လှိုင်ရယ်ပေါ့” ဟု အငြိမ်းစားရဲအရာရှိ တစ်ဦးက ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သည့် ဦးမြင့်ဆွေသည် လက်ရှိ စစ်ကောင်စီ၏ ယာယီသမ္မတ ဖြစ်နေပြီး ဦးမြင့်လှိုင်က ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူထားသည်။
အာဏာရှင်ဟောင်းခေတ်တွင် လက်စွမ်းပြခဲ့ကြပြီး အာဏာရှင် ပေါက်စ လက်အောက်တွင် တာဝန် အသီးသီး ထမ်းနေကြသူ ထို ၃ဦးအနက် ဦးခင်ရီမှာ အန္တရာယ် အရှိဆုံးသူ ဖြစ်သည်ဟု အထက်ပါ အငြိမ်းစား ရဲအရာရှိက မှတ်ချက်ပြုသည်။
ဦးသန်းရွှေလက်ထက်တွင် ၂၀၀၃ တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် လုပ်ကြံ သတ်ဖြတ် ရန်ကြိုးပမ်းမှု၊ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် သံဃာများနှင့် ကျောင်းသား ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူတစ်ဦးမှာ ဦးခင်ရီပင်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“၂၀၀၇ မှာလည်း ဦးဆောင်ပြီး နှိမ်နှင်းခဲ့တယ်။ သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း သူကိုယ်တိုင် ထွက်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း သူကိုယ်တိုင်ပဲ ဦးဆောင်ပြီး လုပ်သွားတာပဲ” ဟု ၎င်းက ပြောသည်။
ဦးခင်ညွန့်၏ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးသည့်နောက်တွင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တာဝန်ယူပြီး လက်ပတ်နီ၊ စွမ်းအားရှင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် လက်မရွံ့အဖွဲ့များကို ဦးခင်ရီကပင် ကိုင်တွယ်သည်ဟု ထိုခေတ်က ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဖူးသည့် အထက်ပါ အငြိမ်းစား အရာရှိက ဆိုသည်။
“ထောက်လှမ်းရေး မရှိတဲ့ နောက်ပိုင်းမှာ ဦးခင်ရီက စည်းလွတ်၊ ကမ်းလွတ် ကိုင်တွယ်တော့ တာပဲ။
သူ့လက်ထက်မှာက (ရဲတပ်ဖွဲ့ဝင်တွေ) Pressure (ဖိအား) အရမ်းများတယ်။ မနက်မိုးလင်းတာနဲ့ သူလိုချင်တဲ့ Guideline (ဦးတည်ချက်) တစ်ခုခုရအောင် Pressure ပေးတော့တာပဲ “ ဟု ၎င်းက ဆက်ပြောသည်။
မ.ဘ.သ၊ စွမ်းအားရှင်နှင့် ဦးခင်ရီ
ဦးခင်ရီ ရဲချုပ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပွားခဲ့သည့် ၂၀၀၃ ဒီပဲယင်း အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းများတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ရိုက်နှက် သတ်ဖြတ်ရာတွင် အရပ်ဝတ် လက်ပတ်နီ၊ စွမ်းအားရှင် လက်မရွံ့တပ်သားများကို သုံးခဲ့သည်။
စွမ်းအားရှင်များကို လေ့ကျင့်သင်ကြားပေးသည့် အပြင် လက်နက်ပါ တပ်ဆင်ပေးခဲ့ကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ Tomas Ojea Quintana ကို ဦးခင်ရီက ဝန်ခံ ပြောဆိုထားကြောင်း ၂၀၀၉ ခုနှစ်က ပေါက်ကြားလာသည့် အမေရိကန်သံရုံး၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။
ထို့အတူ ဦးစိုးသိန်း ထုတ်ဖော်ရေးသားထားသကဲ့သို့ အာဏာမသိမ်းခင်ကာလက တပ်မတော် ထောက်ခံပွဲများ၊ NLD အစိုးရကို ဆန္ဒပြပွဲများ၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ဖြုတ်ချရေး ဆန္ဒပြပွဲများကို ငွေပေး စီစဉ်သူမှာ ဦးခင်ရီပင်ဖြစ်သည်ဟု အမျိုးသားရေးအမည်ခံသည့် အဆိုပါ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ဖူးသည့် ကိုဟိဏ်းဝေယံက ပြောသည်။
“အမျိုးသားရေးဆိုတဲ့ မ.ဘ.သက လူတွေကြားမှာတော့ ခင်ရီက ငွေရေးကြေးရေး အရ အကုန်လုံးကို ပေါက်ရောက်တယ်။ ဒီကောင်တွေ ခိုင်းစေထားတာတွေချည်းပဲ။ အမျိုးသားရေး လှုပ်ရှားမှု တော်တော်များများက ခင်ရီရဲ့ ခိုင်းစေမှုတွေပဲ” ဟု ၎င်းက ပြောသည်။
ထို့အပြင် မ.ဘ.သ အဖွဲ့ဝင်များ၏ ထိပ်သီးအစည်းအဝေးများကိုလည်း သာကေတမြို့နယ်၊ ကမာကြည်အိမ်ရာရှိ ဦးခင်ရီ၏ နေအိမ်တွင် ပြုလုပ်လေ့ရှိပြီး အစည်းအဝေးများနှင့် တန်ပြန် ဆန္ဒပြပွဲများကို ရန်ကုန်တိုင်း စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ ဝင် ဗိုလ်ကြီး သန့်ဇင်ကျော်က အဓိက ဦးဆောင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီကစားကွက်တွေက (NLD အစိုးရလက်ထက်) ဟိုးအရင်ကတည်းကိုက သာ/ဝန် ပြုတ်ကျပွဲ၊ ဘာပွဲညာပွဲတွေအားလုံးက သူတို့ရဲ့ လက်စ၊ လက်နတွေပဲ။ သူတို့မှ မပံ့ပိုးရင် မ.ဘ.သ ဆိုတာ စားစရာမှ မရှိတာ။ ဒီ အမျိုးသားရေး အဖွဲ့တွေက အငြိမ်းစားတွေ၊ ပြည်ခိုင်ဖြိုးတွေ၊ ဦးပိုင်တွေဆီက စပွန်စာနဲ့ပဲ လုပ်နေတာပဲ”
ကိုဟိဏ်းဝေယံပြောပြသည့် အထဲတွင် ဦးခင်ရီနှင့် အတူ ပါဝင်သည့် ဗိုလ်ကြီး သန့်ဇင်ကျော်မှာ OTS (ဗိုလ်သင်တန်းကျောင်း) အပတ်စဉ် ၁၁၁ တွင် တက်ရောက်ခဲ့သူ ဖြစ်သည်။
ရန်ကုန် မင်္ဂလာဒုံရှိ အမှတ် (၁) စစ်ဖက်ရေးရာ လုံခြုံရေး အတက်သင်ကျောင်း (ရေကြည်အိုင် စစ်ကြောရေး) တွင် ၂၀၁၉ ခုနှစ် အထိ နည်းပြတာဝန်ထမ်းဆောင်ခဲ့ကြောင်း စစ်တပ် အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
စစ်တပ် ထောက်ခံပွဲများ ပြုလုပ်နိုင်ရန် သန့်ဇင်ကျော်ကို စစ်တပ်က တရားဝင် တာဝန်ပေးထားခြင်း ဖြစ်ပြီး စစ်တပ်၏ စီးပွားရေးလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် ကြံ့ခိုင်ရေး ပါတီတို့က အဓိက ငွေကြေးစိုက်ထုတ်ပေးကြောင်း အထက်ပါ အငြိမ်းစား ရဲအရာရှိကြီးက ပြောသည်။
“ခင်ရီတို့ရဲ့ ညွှန်ကြားချက်နဲ့ သွားတယ်လို့ ပြောလို့ရတာပေါ့။ အရှင်းဆုံးပြောရရင်တော့ သာဝန် (သူရဦးအောင်ကို) စွာနေတော့ သူ့ဖြုတ်ကျဖို့တို့ ကြေးသွန်းဘုရားရှေ့မှာ ဆန္ဒပြတဲ့ ကိစ္စတွေက သန့်ဇင်ကျော် တို့က ဦးစီးတာပဲ” ဟု ၎င်းကပြောသည်။
ထိုသို့ မှတ်တမ်းဆိုးများဖြင့် ကျော်ကြားသည့် ဦးခင်ရီက ယခုတွင် ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ဘဝ ရောက် လာပြန်သည်။ အမှန်စင်စစ်တွင်လည်း ကြံ့ခိုင်ရေးပါတီမှာ အရပ်ဘက် နိုင်ငံရေးသမား စစ်စစ်တို့ဖြင့် စုဖွဲ့ထားသည် မဟုတ်၍ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပါ။
ကြံ့ခိုင်ရေးပါတီမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ဒီမိုကရေစီ အတုအယောင် ရွေးကောက်ပွဲ ကျင်းပမည့် ၂၀၁၀ တွင်မှ လူမှုရေးအသင်းဘဝမှ ပါတီအဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်းများ အရပ်သားအသွင်ယူ ဦးဆောင်သည့် နေရာဌာန တစ်ခုအဖြစ်သာ နှစ်ရှည် လများ မြင်တွေ့ရသည်။
ပါတီတွင်း အာဏာလွန်ဆွဲပွဲများလည်း စဉ်ဆက်မပြတ်တွေ့ရဖူးသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် သမ္မတဖြစ်သွား၍ ကြံ့ခိုင်ရေး ဥက္ကဋ္ဌ တာဝန်လွှဲယူသည့် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း မှာ နောက် ၅နှစ်အကြာတွင် ဖယ်ရှားခံရဖူးသည်။ ၂၀၁၅ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီတွင်း ဖြစ်ပွားသည့် ထိုဖြစ်ရပ်မှာ “သန်းခေါင်းယံ အာဏာသိမ်းပွဲ” အဖြစ် ကမ္ဘာကျော်သည်။
ထိုသို့ ပါတီတွင်း အာဏာသိမ်းသည့်ညတွင် စစ်တပ်ယာဉ်တန်းများဖြင့် နေပြည်တော်တွင် လုံခြုံရေးရယူပေးခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးသိန်းစိန်ဘက်မှ ရပ်တည်သည်။
ကြံ့ခိုင်ရေးမှ ဖြုတ်ချခံရသည့် သူရဦးရွှေမန်းက ပြည်ထောင်စုကောင်းကျိုးဆောင်အမည်ဖြင့် ပါတီသစ်ထောင်ခဲ့ သေးသော်လည်း အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာ ယခုလအတွင်း နိုင်ငံရေးနှင့် ဝေးဝေးနေတော့မည်ဆိုကာ ဖျက်သိမ်းသွားပြီဖြစ်သည်။
ပြည်သူပိုင်ငွေနှင့် လုပ်ငန်းများစွာ ပိုင်ဆိိုင်ထားသည်ဟု ယုံကြည်ရသည့် ထိုပါတီ၏ ဥက္ကဋ္ဌ ထိုင်ခုံ လုပွဲမှာ ၂၀၂၂ တွင် တကျော့ပြန်ပေါ်လာပြီးနောက်တွင်မူ ပထမအကြိမ်ကဲ့သို့ ဟိုးလေးတကျော် ဖြစ်မ လာတော့။ လက်စလက်န ပြင်းသည့်၊ အာဏာရှင်တိုင်း ကြိုက်သည့် ဦးခင်ရီက ဦးသန်းဌေးကို ကျန်းမာရေး အကြောင်းပြ၍ နှုတ် ထွက်သွားစေရန် မည်သည့် နည်းလမ်း သုံးလိုက်သည်ကိုမူ ရှင်းလင်းစွာ မသိရသေးပါ။
သို့သော် ဦးခင်ရီ၏ ပါတီ ရာထူး ရယူမှု၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ခန့်အပ်မှုတို့မှာ နိုင်ငံရေးပါတီတို့ ကျင့်သုံးရမည့် ဒီမိုကရေစီနည်းဖြင့် မဟုတ်ဘဲ စစ်ခေါင်းဆောင်တို့၏ အမိန့် အာဏာကြောင့်သာ ဖြစ်သည်ဟု အငြိမ်းစား တပ်အရာရှိကြီး တစ်ဦးက ပြောသည်။
“အခု ဖြစ်ရပ်တွေက USDP ကို နိုင်ငံရေးသေတွင်းထဲ ပို့လိုက်သလိုပါပဲ။ ပါတီဥက္ကဌနဲ့ CEC မှာ ဘယ်သူတွေပဲပါပါ၊ အရေးကြီးတဲ့ကိစ္စရပ်နဲ့ မူဝါဒတွေကိုသူတို့ ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့် မရှိဘဲ တပ်ချုပ်ကို တင်ပြအတည်ပြုချက် ယူနေရတာပါ” ဟု ၎င်းက ပြောလိုက်သည်။
မည်သို့ဆိုစေ သမ္မတ ဖြစ်လိုကြောင်း ကမ္ဘာသိ ထုတ်ဖော်ပြောဆိုထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်၏ နိုင်ငံရေးစင်မြင့် ကြံ့ခိုင်ရေးကို မောင်းနှင်ရန် ပါတီတွင်း ရှိရင်းစွဲ စစ်ဗိုလ်ချုပ်ကြီးများအား ကျော်လွန်၍ ၎င်းတို့ထက် ရာထူးနိမ့်သည့် ဦးခင်ရီကို အမည်ခံ ညီလာခံမှ တစ်ဆင့် ဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ အပ်နှင်းနိုင်ခဲ့သည်။
“ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေကို ကျော်ခွပြီးတော့ ခင်ရီကို ဆွဲထုတ်လိုက်တဲ့ သဘောပဲပေါ့။ ဒီလူနဲ့ကစားဖို့ ကြံစည်တာပေါ့။ (ဦးသန်းရွှေလက်ထက်က) တစ်ကမ္ဘာလုံးကို ခင်ရီလိမ်တုန်းက ပိပိရိရိ လိမ်ခဲ့တာလေ။ ခင်ရီသည် အခု စစ်အုပ်စုရဲ့ လူတွေထဲမှာ အဆိပ်အပြင်းဆုံး လူပဲ” ဟု အငြိမ်းစား ရဲအရာရှိက ဆိုလိုက်သည်။
Source – Myanmar Now